NEWS

Myanmar BAGO NTMODE Garment စက်ရုံ ကလေးလုပ်သားများအား ခိုင်းစေပြီး၊ EC စာချုပ် မချုပ်ဘဲ ဥပဒေချိုးဖောက်နေ

CoverLogo
948 Views

ပဲခူးအခြေစိုက် Myanmar BAGO NTMODE Garment Co.,Ltd စက်ရုံက ကလေးလုပ်သား အများအပြားကို အလုပ်ခန့် ခိုင်းစေပြီး တခြားအလုပ်သမားတွေကိုလည်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် EC မချုပ်ဘဲ ဥပဒေချိုးဖောက်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

“လက်ရှိ စက်ရုံအလုပ်သမား ၆၀၀ ဝန်းကျင်လောက်ရှိတယ် ။ နေ့စားက ၁၀၀ စွန်းစွန်းလောက်ပါတယ်။ အဲထဲမှာ ကလေးလုပ်သားတွေက အများစု ။ စက်လိုင်းတွေထဲမှာ အများဆုံးရှိတယ်။ တချို့ဆို နှစ်နဲ့ ချီနေပြီ ။ တချို့လည်း ခုနှစ် လ၊ ရှစ်လ ။ အားလုံးက အသက် ငယ်ငယ်လေးတွေပဲ။ အမြဲတမ်းခန့် အလုပ်သမားလည်း ခန့်မပေးဘူး။ နေ့စားပဲ ဖြစ်နေကြတာ ” လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီအသက်မပြည့်တဲ့ ကလေးလုပ်သားတွေက တခြားအလုပ်သမားတွေနဲ့ တန်းတူ လုပ်ကိုင်ရပြီး တရက်အတွက် ဒေးကြေး ကျပ် ၄၈၀၀ ၊ အချိန်ပို ၁၂၀၀ နဲ့ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ 

ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေးနဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထောက်ပံ့ကြေးပါ ခံစားခွင့်မရဘဲ အများနည်းတူ လကုန်ပြီး ၅ ရက်မှသာ လုပ်ခ လစာရရှိ ကြတယ်လို့ နေ့စားအလုပ်သမားတဦးက ပြောပါတယ်။ ဒါ့အပြင် စက်ရုံမှာ လုပ်ကိုင်နေတဲ့ နေ့စား အလုပ်သမားတွေ အပါအဝင် အလုပ်သမားအားလုံး ခွင့်ခံစားခွင့် မရဘူးလို့ သိရပါတယ်။

“နေ့စားလေးတွေက စက်ရုံကို လာစစ်တဲ့သူတွေရှိတယ်ဆိုရင် အလုပ်မဆင်းရဘူး။ လုပ်ခလည်းမရပြန်ဘူး ။ ရှောင်တခင်ခွင့်ဆို စက်ရုံက အလုပ်သမားတွေ မသိကြဘူး။ ဘာလို့ဆို စက်ရုံဘက်က အဲ့ဒီခွင့်ကို မပေးဘူး။ ဆေးခွင့်ဆိုတာပဲ သိတယ်။ ၂ ရက်ပျက်မယ်ဆိုရင်တောင် ဝမ်တိန်ထိုးရတယ်။ လုပ်သက်ခွင့်လည်း မပေးဘူး။ အဲ့ဒီအတွက် လုပ်သက်နှစ်ကြေငွေလည်း မပေးဘူး။ ပယ်ထည်များတဲ့ အလုပ်သမား ဆိုရင် ပယ်ထည်ပြင်ဖို့ အချိန်ပိုကြေးကို စိုက်ပေးတော့ဘဲ။ စက်ရုံက မပေးဘူး။ ပြောမယ်ရဆိုရင် လျော်ပေးရတာ မျိုးပါပဲ။” လို့ ပြောပါတယ်။ 

 Myanmar BAGO NTMODE Garment Co.,Ltd စက်ရုံက အလုပ်သမားတွေအချိန်ပိုဆင်းဖို့ ကြိုတင် အကြောင်း ကြားတာ မရှိသလို ကြိုတင်ပို့ယာဉ် စီစဉ်ပေးတာမရှိဘဲ EC စာချုပ်ကို ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအတွင်း ဂရိတ်ကြေးကို စက်ချုပ်အလုပ်သမားတွေကိုပဲ ခွဲခြားပေးထားပြီး တခြားဌာနတွေ ကို မပေးတာကြောင့် စက်ရုံအလုပ်သမားတွေကြား ခွဲခြား ဆက်ဆံမှုတွေ ရှိနေတယ်လို့ အလုပ်သမားတဦးက ပြောပါ တယ်။ 

“အချိန်ပို နှစ်နာရီ နေ့တိုင်းလုပ်ရတယ်။ ကြိုတင်ပြောတာ မရှိဘူး၊ လက်မှတ်ထိုးခိုင်းတာလည်း မရှိဘူး။ ဖယ်ရီဆို သနပ်ပင်ဘက်အတွက် နှစ်စီးပဲ ရှိတယ်။ ပဲခူးထဲက အလုပ်သမားတွေဆို ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရ တယ်။ တလလုံးလုပ်မှ နှစ်သိန်းကျော်ပဲ ရတယ်။ ဖယ်ရီစာရိတ်၊ စားစာရိတ်နဲ့ဆို ဘာမှ မစု မိဘူး။ ဂရိတ်ကြေးကို စက်လိုင်းတခုတည်း ပေးထားတယ်။ ကျန်တဲ့ဌာနတွေတော့ မရဘူး။ စက်ရုံတူတာတောင် ဝင်ငွေမတူဘူး။ ပဲခူး စက်ရုံတွေထဲ ဒီတရုံတည်း အဲလိုဖြစ်နေတာ။ တခြားစက်ရုံတွေ ရက်မှန်ကြေး ၁၅၀၀၀ ပေးတာတောင် ဒီစက်ရုံက ၁၂၀၀၀ ပဲပေးတယ်။” လို့ အလုပ်သမာ တဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်အလုပ်သမားတွေကိုလည်း သီးခြား သက်သာတဲ့ အလုပ်တွေကို ခိုင်းစေတာမျိုးမရှိဘဲ တခြား အလုပ်သမားတွေနဲ့ တန်းတူ လုပ်ကိုင်နေရသလို စက်ရုံအတွင်းက ကြီးကြပ်ရေးမှူးတွေက ရိုင်းစိုင်းစွာ ဆဲဆိုတဲ့ အပြင် လုပ်ငန်းခွင်အခြေအနေတွေလည်း ဆိုးရွားနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

“စက်ရုံ အိမ်သာတွေကလည်း မလုံခြုံဘူး၊ နိမ့်နိမ့်လေးတွေ၊ အဆင်မပြေဘူး ။ သောက်ရေဆိုရင် တနေရာ တည်း မှာ ခွက်လည်း တခွက်ပဲရှိတယ်။ ဆေးပေးခန်းဆို အခန်းကျဉ်းလေး အမြဲ ပိတ်ထားတယ်။ သောက်ဖို့ ဆေးဆို အပြင်က ဝယ်ရတယ်။ ကြီးကြပ်ရေးမှူးတွေ ဆဲတာက တရားလွန်တယ်။ “-ာသည်မ”၊ ေ-ာကောင်မ” အဲလို တွေ၊ ခံရတဲ့သူတော့ ဘယ်လိုနေလည်း မသိဘူး။ ကြားရတဲ့သူက ရှက်နေရတယ်။ WCC ဆိုတာလည်း ဘယ်လို အဖွဲ့မှန်း တောင်မသိဘူး။ တိုင်လည်း အလုပ်ပြုတ်မှာ။ တခါက စက်ရုံ လာစစ်တဲ့သူကို အမှန်ပြောလိုက်လို့ အလုပ်ထုတ်တာ ရှိခဲ့ဘူးတယ်’’ အလုပ်သမား တဦးက ပြောပါတယ်။ 

စက်ရုံအတွင်း ဆေးပေးခန်း ဆေးမရှိဘဲ အမြဲပိတ်ထားပြီး လာရောက်စစ်ဆေးသူတွေရှိမှ ဟန်ပြဖွင့်လေ့ရှိ ပြီး WCC အဖွဲ့ကိုလည်း ဟန်ပြဖွဲ့စည်းထားတာကြောင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားမ ရဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။ 

Myanmar BAGO NTMODE Garment Co.,Ltd စက်ရုံက တရုတ်အမျိုးသားတဦး ပိုင်ဆိုင်ပြီး ပဲခူးမြို့၊ သနပ္ပင်လမ်းမတန်း၊ ဟင်္သာကုန်း၊ ဗိုလ်ကုန်း ၁၈ ရပ်ကွက်၊ မာဃလမ်းမှာ လုပ်ငန်း လည်ပတ် နေတယ်လို့ သိထားရပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026