NEWS

Mai Yi Bei Garment Manufacturing Co .Ltd တွင် ဥပဒေပါခွင့်ခံစားခွင့်မပေးဘဲ ရက်ပျက်ပါက ခံဝန်ထိုးခိုင်းပြီး အလုပ်ထုတ်မည်ဟုခြိမ်းခြောက်

CoverLogo
666 Views

တရုတ်နိုင်ငံသားပိုင် Mai Yi Bei Garment Manufacturing Co ,Ltd မှာ အလုပ်သမားဥပဒေပါ ခွင့်ရက်တွေကို ခံစားခွင့်မပေးဘဲ ခွင့်ယူပါက အောတစ်က ခံဝန်ထိုးခိုင်းထားပြီး သုံးကြိမ်ပြည့်ပါက အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား (၁၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။ 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေပြီး ORIGINAL MARINES၊ ALCOTT စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေ တာပါ။

“အလုပ်သမားတွေနေမကောင်းလို့ရက်ပျက်ရင် အောတစ်ကပျက်တဲ့အလုပ်သမားကိုဝမ်တိန်ထိုးခိုင်းပါတယ်။ဝမ် တိန်သုံးကြိမ်ပြည့်ရင်အလုပ်ထုတ်မယ်လို့ပြောပါတယ်။ကိုယ်ဝန်ဆောင်မီးဖွားခွင်ကိုလည်းမပေးဘူးပြောပါတယ်။ ခွင့်မရတဲ့အတွက်အလုပ်တစ်ရက်ပျက်ရင်သုံးသောင်းလောက်အဖြတ်ခံရပါတယ်။နောက်စက်ရုံမှာအလုပ်လုပ်ရတာအဆင်မပြေလို့အလုပ်ထွက်တဲ့သူတွေကိုလစာရှင်းရင်အပြည့်မပေးဘဲနဲ့(၆၈၀၀)ကျပ်နဲ့ ရှင်းပေးပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာလုပ်ခလစာကို ဒေးကြေးနဲ့ ထောက်ပံ့ကြေးအပါ  (၇၈၀၀) ကျပ်၊ အချိန်ပိုအိုတီကြေးကို (၁၅၀၀) ကျပ်။ ရက်မှန်ကြေးကို တစ်ပတ်ရက်ပြည့်ဆင်းပါက တစ်သောင်းကျပ်နှုန်းနဲ့ အပတ်အလိုက် ပေးချေနေတာဖြစ်ပါတယ်။ 

လုပ်ငန်းခွင်တွင်းမှာတော့ အထည်စံချိန်တွေကို အဆမတန် တောင်းခံနေပြီး စံချိန်မပြည့်တဲ့ အလုပ်သမားတွေကို အောလင်း၊ အောနိုက်နဲ့ တနင်္ဂနွေနေ့တွေကိုပါ အချိန်ပိုတွေ အလကားလုပ်ကိုင်ခိုင်းနေတာလို့ ပြောပါတယ်။

“အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်ကို တောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ လူ(၆၀) ကျော်ရှိတာကို တစ်နာရီကို လိုင်းပေါက်အထည်(၄၀) ကျော် တောင်းပါတယ်။ အထည်စံချိန်တောင်းရင်လည်း စူပါ၊ အောစူပါတွေ က ဆဲဆိုတာတွေ၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေ ရှိပါတယ်။ ဖယ်ရီတွေလည်း အရမ်းကြပ်ပါတယ်။ ဖယ်ရီအဆင်မပြေတာကို အလုပ်ရှင်ဘက်က မလုပ်ပေးပါဘူး။ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲဝင်လာပြီး လည်ဆွဲကတ်ရိုက်လို့ စက်ထဲကတ်မဝင်ရင် မဝင်တဲ့အတွက် တစ်ထောင်ပေးရပါတယ်။ အလုပ်ဆင်းချိန်ဆိုလည်း ကတ်ရိုက်စက်ကို ခွဲမထားဘဲ တစ်နေရာတည်း စုထားလို့ အလုပ်သမားတွေ ကတ်ရိုက်ဖို့ အဆင်မပြေဖြစ်ပါတယ်။ စက်ရုံအိမ်သာတွေလည်း ညစ်ပတ်နေပြီး အိမ်သာတံခါးတွေလည်း မကောင်းပါဘူး”လို့ သူက ဆက်ပြောပါတယ်။

စက်ရုံမှာအသက်မပြည့်သေးတဲ့ လူငယ်အလုပ်သမားတွေကို အများအပြား အလုပ်ခန့်ထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံစာမတောင်းဘဲ လူကြီးလုပ်သားတွေတန်းတူ ခိုင်းစေနေပြီး ရုံးပိုင်းကို စစ်ဆေးရေးလာတဲ့နေ့တွေတော့ လူငယ်အလုပ်သမားတွေကို အလုပ်ကနားခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ ဒီလိုလုပ်ငန်းခွင်တွင်းက ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားပါတယ်။  

လက်ရှိမှာ ဥပဒေပါ ခွင့်ရက်တွေ ခံစားခွင့်ပေးဖို့၊ အောစူပါ၊ စူပါတွေက အထည်စံချိန်တောင်းရာမှ မဆဲဖို့၊ ရိုင်းစိုင်းစွာ မပြောဖို့၊ ဖယ်ရီမလုံလောက်တာကို ဖြေရှင်းပေးဖို့၊ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ အလုပ်ထွက်တဲ့ အလုပ်သမားတွေကို လုပ်ခလစာအပြည့်အဝ ရှင်းပေးဖို့နဲ့ အောလင်း၊ အောနိုက်နဲ့ တနင်္ဂနွေနေ့တွေကို အချိန်ပိုတွေ အလကားမဆင်းခိုင်းဖို့ လိုလားနေတာဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026