NEWS

Long Pine Co.,Ltd အထည်ချုပ် ခွင့်ရက် မပေးဘဲ အလုပ်ထုတ်

CoverLogo
420 Views
 
Long Pine အထည်ချုပ် စက်ရုံက ခွင့်ရက်မပေးနိုင်ဘူးဆိုပြီး အလုပ်ထုတ် နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က အလုပ် ၃ ရက်ဆက် ပျက်ပါက အလုပ်ကထုတ်ပယ်မယ်လို့ သတ်မှတ်ထားပေမဲ့ ပျက်ရက် တရက်တည်းမှာပဲ အလုပ်က နေ ထုတ်ပယ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နေမကာင်းလို့ ခွင့်တိုင်ရင် နောက်နေ့ အလုပ်မလာနဲ့တော့ ဆိုပြီး အလုပ်ထုတ်တယ်။ မှတ်ပုံတင်လဲဖို့ လစာမဲ့ ခွင့် တရက်တောင်းတာ မပေးနိုင်ဘူး ဆိုပြီး အလုပ်ထွက်လို့ တန်းပြောတယ်။ ရှောင်တခင်ခွင့် မပေးနိုင်ဘူးဆိုပြီး ရက်ပျက် သတ်မှတ်တယ်။ အလုပ်ပျက်တော့ ၃ ရက်မပြည့်ဘဲ တရက်တည်းနဲ့ အလုပ်ထုတ်လိုက်တယ်.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတဦး အလုပ်ထုတ်မခံဘဲ ရက်ပျက်သတ်မှတ်ခံရပါက ကျပ် ၇၀၀၀၀/ ကျပ် ၈၀၀၀၀ အထိ ဖြတ်တောက်ခံရပြီး ခေါင်းဆောင်ပိုင်းက တလ ၃/၄ ရက် ပျက်ကွက်နေပေမဲ့ စက်ရုံဘယ်လို အရေးယူတာမရှိဘူးလို့ လုပ်သက် တနှစ်ကျော် လုပ်သားတဦးက ပြောပါတယ်။
 
လိုင်းခေါင်းဆောင်တွေက ဆဲဆို ခိုင်းစေတဲ့ အပြင် စက်ရုံဘက်က သတ်မှတ်ထားတဲ့ အထည် စံချိန်ထက် သုံးပုံ တပုံ အထိ အတင်းအကျပ် တောင်းခံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံဘက် တနာရီ အထည် ၃၀ လောက်တောင်းရင်၊ ခေါင်းဆောင်တွေက ၄၅ ထည်အထိ ချုပ်ခိုင်းတယ်။ ချုပ်ရတာ တနေကုန်။ အိမ်သာသွားဖို့တောင့် ညနေ ၅ နာရီ နောက်ပိုင်းသွားခွင့်ရတယ်၊ အဲလိုသွားရတာတောင် ၅ မိနစ်ပဲ ရတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ကျန်းမာရေးအခြေအနေအရ ဂိတ်ပတ်စ်တောင်းပါက ခေါင်းဆောင်တွေက ငြင်းဆန်တဲ့ အပြင် စက်ရုံဘက်က ကုသပေးတာမရှိဘဲ ကိုယ်ပိုင်အစီအစဉ်နဲ့ ဆေးခန်းသွားရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
“အလုပ်ပင်ပန်းလို့ စက်ရုံထဲမှာ မူးလဲတာမျိုး ဖြစ်ဖူးတယ်။ စက်ရုံဘက်က အရေးပေါ်ကုသပေးတာမရှိဘူး။ ဘာအစီအစဉ်မှ မရှိတာ။ ဆေးခန်းသွားဖို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရတယ်။ အဲ့ဒါကို လစာဖြတ်တယ်။” လို့ ပြောပါတယ်။
 
ထမင်းစားချိန် မိနစ် ၃၀ သတ်မှတ်ထားပေမဲ့ အဲ့ဒီ အချိန်မှာပဲ အစည်းအဝေးပြုလုပ်လို့ ထမင်းစားချိန် ၁၅ မိနစ်ပဲ ရပြီး အလျင်အမြန်စားသောက်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ ကြုံတွေ့ရတဲ့ လုပ်ငန်းခွင် အခက်အခဲတွေကို တင်ပြဖြေရှင်းပေးဖို့ WCC ဖွဲ့တယ်လို့ သိရှိထားပေမဲ့ အဖွဲ့ဝင် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူးလို့လည်း ပြောပါတယ်။
 
“WCC ကို အလုပ်ရှင်က ကိုယ်တိုင်ရွေးပြီးဖွဲ့ထားတယ်။ အဲ့လို့ ဖွဲ့ထားတော့ အဖွဲ့ဝင် ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ ဘယ်သူ့ကို အကူအညီတောင်းရမှန်းကို မသိဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Long Pine အထည်ချုပ်စက်ရုံက ကျန်စစ်သားရိပ်မွန်လမ်း၊ ရွာသားကြီး စက်မှုဇုန်၊ ဒဂုံမြို့သစ်တောင်းပိုင်းမှ ရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကမှ ဖွင့်လှစ်ခဲ့တဲ့ စက်ရုံ အသစ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ အလုပ်သမား ၃၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026