NEWS

LITA MYANMAR Co, ltd တွင် ဥပဒေပါ ခွင့်ရက်များ မပေးသည့်အပြင် ဥပဒေမဲ့ အလုပ်ထုတ်လိုချိန်တွင် ရဲခေါ် အသုံးပြုနေ

CoverLogo
712 Views

တရုတ်နိုင်ငံသားပိုင် LITA MYANMAR Co, ltd မှာ ဥပဒေပါခွင့်ရက်တွေကို ခံစားခွင့်မပေးတဲ့အပြင် ဥပဒေမဲ့ အလုပ်ထုတ်လိုတဲ့ ကိစ္စရပ်တွေမှာ ရဲဝန်ထမ်းခေါ်ယူအသုံးပြုနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် (၄) မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၇၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

စက်ရုံမှာတော့ BURTLE၊ CONVERSE၊ Golden Bear,  CYCLE ECO, DUNLOP REFINED စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်တွင်း ချိုးဖောက်တာတွေကိုမျိုးစုံ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

“စက်ရုံအလုပ်သမားတွေက ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ လုံးဝယူလို့မရပါဘူး။ လစာထုတ်တဲ့ စလစ်စာရွက်မှာ လည်း ဆေးခွင့်တို့၊ ရှောင်တခင်ခွင့်တို့ကို ခေါင်းစဉ်အနေနဲ့တောင် ထည့်မရေးပါဘူး။ ဆေးခွင့်ကို လူမှုဖူလုံရေး ဆေး ခန်းက ဆေးစာရွက်ပေးလိုက်ရင်တောင် အလုပ်ရှင်ဘက်က ဆေးခွင့်မပေးပါဘူး။ အလုပ်တစ်ရက်လောက်ပျက်ရင် ခွင့်ကိစ္စကြောင့် အလုပ်သမားတွေ နစ်နာရပါတယ်။ တစ်ခါတစ်လေ မိသားစုအရေးကိစ္စကြောင့် နေ့တစ်ဝက် ဂိတ် ပတ်ယူရင် ရက်မှန်ကြေး (၅၀၀၀) အဖြတ်ခံရပါတယ်”လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ လုပ်ခလစာပေးချေရာမှာလည်း ခွဲခြားမှုတွေ လုပ်ဆောင်နေပြီး သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ helper တွေကို ဒေးကြေး (၄၈၀၀) ကျပ်နဲ့ အပိုထောက်ပံ့ကြေး (၁၀၀၀) ကျပ်သာပေးနေပါတယ်။ 

ဒုတိယအကြိမ် ထပ်တိုး ပေးရမယ့် ကျပ်(၁၀၀၀)ကိုတော့ ပေးချေမှု မရှိပါဘူး။ လုပ်ခလစာအပြည့်အဝမရတာနဲ့ ပတ်သက်ပြီး အလုပ်သမား ရုံးက လာရောက်စစ်ဆေးရာမှာလည်း စက်ရုံရဲ့ General Managerမထက်က သန့်ရှင်းရေးခေါင်းဆောင်ကို သတ် မှတ်ထားတဲ့အတိုင်း ရရှိတယ်လို့ ပြောဆိုဖို့ ဖိအားပေးတာကြောင့် နစ်နာမှုတွေကို ထုတ်ဖော်ပြောကြားလို့ မရဘူး လို့ သိရပါတယ်။

 “cutting superကိုလဲ ကထိန်လုပ်ဖို့ အလုပ်သမားတွေဆီက ပိုက်ဆံကောက်လို့ဆိုပြီး ဘာနစ်နာကြေးမှမပေးဘဲ အလုပ်ထုတ်လိုက်ပါတယ်။ အလုပ်ရှင်ဘက်က အလုပ်ထုတ်တာမရလို့ဆိုပြီး လုပ်ငန်းခွင်ထဲကိုရဲခေါ်ပြီး အတင်း အပြင်ကိုထွက်ခိုင်းတာပါ။ အလုပ်ထုတ်ခံရတဲ့စူပါက စက်ရုံမှာလုပ်သက် (၁၀)နှစ် ကျော်ပါပြီ။ အခုကျတော့ ဘာနစ်နာကြေးမှလည်း မပေးဘူး။ ရဲနဲ့မဆိုင်နဲ့ ကိစ္စကို အလုပ်ရှင်က ရဲခေါ်ပြီး ခြိမ်းခြောက်အလုပ်ထုတ်ပါတယ်။ စက်ရုံထဲမှာ အလုပ်သမားတွေ အိမ်သာသွားလည်း အဆဲခံရပါတယ်။ ရေသောက်လည်း အဆဲခံရပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်ရုံအဝင်ဝမှာလည်း လုံခြုံရေးဝန်ထမ်းတွေက ဆဲဆိုတာတွေ လုပ်ဆောင်နေပြီး အဝင်ဝမှာ အလုပ်သမားတစ်ဦးချင်းစီကို သနပ်ခါးပါးပါးပါတာနဲ့ ရုံးပေါ်ကိုဓာတ်ပုံရိုက်ပြပြီး ဝန်တိမ်ထိုးခိုင်းနေပါတယ်။ ဒီလိုသနပ်ခါး လိမ်းတာနဲ့ ပတ်သက်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်မှာ တားမြစ်ချက်မရှိပေမယ့် အလုပ်သမားတွေ ကို ဝန်တိမ်ထိုးခိုင်းတာနဲ့ နစ်နာကြေးမပေးဘဲ အလုပ်ကထုတ်ပယ်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာ LITA MYANMAR Co ,ltd က အလုပ်သမားတွေက စက်ရုံတွင်း ချိုးဖောက်ခံရတာတွေကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

စက်ရုံအလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခွင့်ခံစားခွင့်များ ရရှိရေး၊ သန့်ရှင်းရေး အလုပ်သမားတွေနဲ့ helper တွေကို ထပ်တိုးထောက်ပံ့ကြေးကျပ်တစ်ထောင် ခံစားခွင့်ပြုရေး၊ လုံခြုံရေးအလုပ်သမားတွေက ဆဲဆိုတာ၊ ရိုင်းစိုင်းစွာပြောဆိုတာတွေအလုပ်ဖို့ ကြပ်မတ်ပေးရေးနဲ့ လုပ်ငန်းခွင်ထဲကို ရဲဝန်ထမ်းခေါ်ယူပြီး ခြိမ်းခြောက်ကာ အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်တာတွေ မလုပ်ဖို့ လိုလားနေတယ်လို့ ပြောပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026