NEWS

Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ

CoverLogo
270 Views
 
Jinli Garment Co.,Ltd စက်ရုံမှာ တစ်ပတ် ၂ ရက်၊ ၃ ရက် အောလင်း(မနက် ၇ ခွဲ) အောနိုက် (ည ၁၂ နာရီ) အချိန်ပို လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညပိုင်း အချိန်ပိုတွေ မဆင်းတဲ့ အလုပ်သမားတွေကို အောစူပါ၊ စူပါ၊ လီတာတွေက အော်ဟစ် ဆဲဆို တယ်လို့အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမားတွေ ညလုံးပေါက် အချိန်ပိုတွေဆင်းရတော့ အိပ်ရေးပျက်ပြီး မဆင်းနိုင်ဘူး။ မဆင်းနိုင်လို့ ဆိုပြီး ဆဲပြန်တယ်။ မဆင်းနိုင်လည်း ဆင်းရပြန်တယ်။ စက်ရုံထဲက ဌာနတခုက အလုပ်သမားတွေ ဆိုရင် နေ့ ၁၅ရက်၊ ည ၁၅ရက် အလှည့်ကျ ဆင်းခိုင်းနေတာ“ လို့ ပြောပါတယ်။
 
အချိန်ပိုဆင်းဖို့ အလုပ်သမားတွေရဲ့ သဘောကို မမေးမြန်ဘဲ အတင်းကျပ် လက်မှတ်ထိုး ဆင်းခိုင်းနေတာလို့ ပြောပါတယ်။ ဒါ့အပြင် တနင်္ဂနွေပိတ်ရက်၊ အခြားရုံးပိတ်ရက်တွေမှာ အနာမပေးဘဲ အချိန်ပို ဆင်းခိုင်းသလို ပုံမှန် အလုပ်ဆင်းရက်မှာ အချိန်ပို ၈နာရီ/ ၉နာရီထိ လုပ်ကိုင်ပေးရလို့ ချက်ပြုတ် စားသောက်ဖို့ အခက်အခဲတွေနဲ့ ကြုံရတယ်လို့လည်း ပြောပါတယ်။
 
“အချိန်ပိုဆင်းဖို့ အလုပ်သမားရဲ့ ဆန္ဒ ရှိမရှိလည်း မမေးဘူး။ လက်မှတ် အတင်းထိုးခိုင်းတယ်။ အောစူပါ၊ စူပါ၊ လီတာတွေက ဟိုလူဆင်း ဒီလူဆင်းနဲ့ လိုက်ပြောတာပဲ။ မဆင်းတဲ့ အလုပ်သမားကို အများရှေ့မှာ ဆဲတယ်၊ အော်ဟစ်တယ်။ လူတွေပဲ ရှက်တာပေါ့။ အလုပ်သမားရုံးက လာစစ်တော့၊ ထိုးထားတဲ့ လက်မှတ်တွေ ပြပြီး အလုပ်သမားတွေ ကပဲ သဘောတူသလိုလို ပြောပြန်ရော။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်စံချိန်တောင်းရာမှာ အောစူပါ၊ စူပါ၊ လီတာတွေက မိဘပါ မကျန် ဆဲဆိုပြီး ရိုင်းဆိုင်းစွာ ခိုင်းစေတယ်လို့လည်း ပြောပါတယ်။ လစဥ် လူမှုဖူလုံရေးကြေးကို အလုပ်သမားတွေက ထည့်ဝင်ပေမဲ့ လူမှုဖူလုံရေးကတ်မရှိလို့ ဆေးခန်းပြဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကတ်မရှိဘဲ ဆေးခန်းသွားပြတော့ အခက်အခဲရှိတယ်။ ဒါမျိုးပြလည်း စက်ရုံဘက်က ဒေးကြေးတွေ ဖြတ်တာပဲ။ဥပဒေမှာပါတဲ့ ခွင့်ဆို ဘာတခုမှ မရတာ ။” လို့ ပြောပါတယ်။
 
ဥပဒေအရ အလုပ်သမားတွေ ခံစားခွင့် ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်က ခံစားခွင့်မပေးသလို ရက်ပျက်ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေးဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးအရ ဂိတ်ပတ်စ်တောင်းပါကလည်း အလွယ်တကူမရတဲ့ အပြင် ဂိတ်ပတ်စ်အတွက် တစ်နာရီ ကျပ် ငါးထောင် ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ဖြတ်တာတွေကတော့ အဲဒါတွေ ။ ဒီထက်ဆိုးတာက အလုပ်ပိတ်ရက်အတွက် ဒေးကြေး ၁၀၀၀၀ ပဲပေးတယ် ။ ပုံမှန်ရက်က ၁၁၅၀၀ ပါ။ လို့ “ အလုပ်သမားတဦးက ပြောပါတယ်။
 
ဥပဒေအရ အလုပ်လုပ်ဖို့ ခွင့်ပြုမထားတဲ့ အသက် ၁၃/၁၄အရွယ် ကလေးလုပ်သားတွေကို လုပ်ငန်းခွင်အတွင်း ခိုင်းစေနေတဲ့ အပြင် နေ့စားအလုပ်သမားတွေ လုပ်သက် ၃ နှစ်ပြည့်ပြီ ဖြစ်ပေမဲ့ အတည်ပြုခန့် မပေးဘူးလို့ သိရပါတယ်။ ဒါ့မပြင် လုပ်ငန်းခွင်အတွင်း ဆေးဝါးအလုံအလောက် မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ ဆေးပေးခန်းရှိတယ်။ ဆေးဝါးတော့ မရှိဘူး၊ ချွေးအရမ်းထွက်လို့ ဓါတ်ဆားတောင်းတာ မရှိဘူး။ ကလေး လုပ်သားတွေလည်း တန်းတူလုပ်ရတာပဲ ၊ နေ့စားတွေဆို ၃လပြည့်တာနဲ့ ထုတ်တယ်။ အလုပ်လိုမှ ပြန်ခေါ်တာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံရဲ့ ကြိုပိုယာဉ်တွေ လုံလောက်အောင် စီစဉ်မပေးလို့ အမျိုးသမီး အလုပ်သမားတွေ တွဲခိုစီးတာနဲ့ ညနေ လေးနာရီ အိမ်ပြန်တဲ့ အလုပ်သမားတွေကတော့ ကိုယ်ပိုင် အစီအစဥ်နဲ့ နေအိမ်ပြန်ရတယ်လို့လည်း ပြောပါတယ်။
“ အလုပ်သမားက အလုပ်ချိန် ၈ နာရီပြည့်လို့ ပြန်တာ။ အလုပ်ရှင်က ကြိုပို့ယာဉ် စီစဉ်ပေးဖို့ လိုတယ်။ ဒါပေမဲ့ အိုတီဆင်းမှ ဖယ်ရီပေးမယ်ဆိုတာမျိုး ဖြစ်လာတယ်။ အခုနောက်ပိုင်းမှာဆို စက်ရုံအတော်မျာများမှာ အဲလို ကြိုပို့မပေးတာတွေ များလာပြီ” လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM) အဖွဲ့တင် တဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း WCC အဖွဲ့ကို ဖွဲ့စည်းထားပေမဲ့ အဖွဲ့ဝင်တွေက အလုပ်သမားတွေ ရွေးချယ်ထားတဲ့ အဖွဲ့ဝင်တွေမဟုတ်ဘဲ့ စက်ရုံဘက်က ခန့်ထားသူတွေ ဖြစ်လို့ အလုပ်သမားတွေရဲ့ အခက်ခဲ့တွေကို ပြောကြား မရ ဖြစ်နေတယ်လို့ ပြောဆိုထားပါတယ်။
 
Jinli Garment Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ မင်းကြီး မဟာမင်းခေါင်လမ်းမှာ ရှိပြီး အလုပ်သမား ၅၀၀ ကျော်လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံ သား ပိုင်ဆိုင်ပိုင် လက်ရှိ Legender’s တံဆိပ်အထည်တွေ ချုပ်လုပ်နေ တယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026