NEWS

Jafon အိတ်စက်ရုံတွင် ဥပဒေပါ ခွင့်ရက်များ မပေးခြင်း၊ လုပ်ငန်းခွင်တွင်း ဆဲဆိုခြင်းနှင့် အလုပ်မလာသည့်သူများအတွက်ပါ စံချိန်တောင်းခံခြင်းများ လုပ်ဆောင်နေ

CoverLogo
476 Views

တရုတ်နိုင်ငံသားပိုင် Jafon စက်ရုံမှာ ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်တွေကို ခံစားခွင့် မပေးသလို ၊ လုပ်ငန်းခွင်တွင်း တရုတ်နိုင်ငံသားတွေအပြင်  စူပါ၊ လီတာတွေကပါ ဆဲဆိုတာနဲ့ အလုပ်မလာတဲ့သူတွေအတွက်ပါ စံချိန်အပြည့်တောင်းခံနေတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။


ဒီစက်ရုံကို ပဲခူးစက်မှုဇုန်၊ နာဂဝန်လမ်းး မြေကွက်အမှတ် (၃) မှာ ဖွင့်လှစ်ထားတာဖြစ်ပြီးတော့ လူဦးရေ (၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး IPSY, GLAM BAG စတဲ့ လက်ကိုင်အိတ် အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပါ။


“စက်ရုံမှာ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးခွင့်တွေ ဘာမှခံစားခွင့် မရပါဘူး။ ခွင့်ယူရင် ပိုက်ဆံဖြတ်ခံ ရပါတယ်။ နောက်ပြီး စက်တန်းတစ်တန်းမှာ လူနှစ်ယောက်ခွင့်ယူတယ်ဆိုရင် ကျန်တဲ့သူတွေက အလုပ်ပျက်တဲ့ သူတွေအတွက်ပါ စံချိန်ပြည့်အောင် တိုးချုပ်ပေးရတယ်။ နောက်ပြီး စက်တင်ဘာလထဲမှာ စနေနှစ်ရက်ကို စက်ရုံဘက်က သူတို့ဘာသာပိတ်တယ်။ နောက်ပြီးမှ ပိတ်ပေးလို့ ရက်စားဆင်းရမယ် ပြန်လုပ်တယ်။ ကျွန်တော်တို့ကို ဘာမှအသိမပေးဘူး၊ မညှိနှိုင်းဘူး။ သွားမေးတော့ ချုပ်ရမယ့်ပစ္စည်းမရှိလို့ ပိတ်တာ၊ အခုလိုလို့ ခေါ်တာလို့ ပြောတယ်။ နောက်ပြီးအလုပ်ထဲမှာ တရုတ်တွေကော စူပါတွေ၊ လီတာတွေကောပါ ဆဲကြတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။


ဒီစက်ရုံမှာ နေ့စဉ်အချိန်ပိုခေါ်ယူနေပြီး ပဲခူးမြို့တွင်း ရေကြီးရေလျှံမှု ဖြစ်နေချိန်မှာလည်း အလုပ်သမားတွေကို ဖိအားပေးပြီး အလုပ်ဆင်းခိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လုပ်ငန်းခွင်တွင်း ချိုးဖောက်ခံရတာတွေကို လွန်ခဲ့တဲ့နှစ်တွေက အလုပ်သမားဝန်ကြီးဌာနက လာရောက်စစ်ဆေးပေမယ့် ပြောင်းလဲမှု မရှိဘူးလို့လည်း သိရပါတယ်။ 


“လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း အလုပ်သမားဝန်ကြီးဌာနက လာစစ်ဖူးပါတယ်။ ဒါပေမယ့် မထူးပါဘူး။ အရင်အတိုင်းပါပဲ။ ပြီးခဲ့တဲ့ နွေရာသီတွေကဆို စက်ရုံထဲမှာပဲ မိန်းကလေးတွေ မူးလဲတာတွေ ဘာတွေလည်း ရှိဖူးတယ်။ ဆေးဆိုလည်း ဆေးခန်းမှာရတဲ့အခါ ရတယ်။ ရုံးပေါ်တက်ထုတ်ရတာလည်းရှိတယ်”လို့ သူက ပြောပါတယ်။


Jafon စက်ရုံက အလုပ်သမားတွေအနေနဲ့ စက်တန်းတွင် သတ်မှတ်လူဦးရေမပြည့်ပါက စံချိန်လျှော့ပေးရေး၊ လုပ်ငန်းခွင်တွင်း အော်ဟစ်ဆဲဆိုတာတွေကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်အတိုင်း အရေးယူပေးရေး၊ ဥပဒေအတိုင်း ခွင့်ခံစားခွင့်ပေးရေး၊ စက်တင်ဘာ ပထမပတ်နဲ့ ဒုတိယပတ်တွင်း စနေနဲ့ တနင်္ဂနွေ (၂) ရက်အတွက် ရက်စားပေးထားသည်ကို လုပ်ခလစာအပြည့်နဲ့ ပြန်လည်တွက်ချက်ပေးရေးနဲ့ အလုပ်မပေးနိုင်တာကြောင့် ပိတ်ပေးသည့် ပိတ်ရက်တွေကို ညှိနှိုင်းမှုမရှိဘဲ ရက်စားထိုး  ပြန်လည်ခေါ်ယူတာတွေ မလုပ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။


#MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026