NEWS

HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို

CoverLogo
765 Views

လုပ်ငန်းခွင်အတွင်း အလုပ်ဆင်းချိန်တွေမှာ စနစ်တကျ တန်းမစီလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မန်နေဂျာဆိုသူက အလုပ်သမားတွေကို ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေကျူးလွန်နေပြီး လုပ်ငန်းခွင်အတွင်းမှာလဲ အလုပ်သမားအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်လျက်ရှိနေတယ်လို့ HOPE ONE CO,LTD    စက်ရုံအလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ် အလယ်ရွာ မီးသတ်ဝိုင်းအနီးက မောင်ကျန်သီးလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ ဂျပန်နိုင်ငံသားပိုင်လို့သိရပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာတော့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းဖို့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာတော့  Ladies Fashion ဆွဲသားအင်္ကျီ ၊ noa-ge တံဆိပ်တွေချုပ်လုပ်တာလို့ သိရပါတယ်။

"စက်ရုံမှာ သင်္ကြန်ပိတ်ရက် ပြီးလို့ အလုပ်ပြန်ဝင် ရင် တရက်နောက်ကျရင် ပိတ်ရက် ၁၀ ရက်စာလုံးမပေးဘူးလို့ ပြောပါတယ် ပြီးတော့ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်တွေ ဆေးခွင့်တွေမပေးဘူး ရှောင်တခင်ခွင့်တွေ ဆေးခွင့်တွေဆိုတာ မရှိဘူး အလုပ်ပျက်ရင်နင်တို့လစာထဲက အဖြတ်ခံနိုင်ရင်ပျက်ဆိုပြီး အောစူပါနဲ့စူပါတွေက ပြောထားပါတယ်"လို့ အမည်မဖော်လိုတဲ့  အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတစ်ယောက်လျင် တလကို လူမှုဖူလုံရေးကြေး ၂၅၀၀ ကျပ်နှုန်းထည့်ဝင်ရပေမဲ့ လူမှုဖူလုံရေးဆေးခွင့် ခံစားခွင့်မရဘဲ နေထိုင်မကောင်းသဖြင့် အလုပ် ၁ ရက်ပျက်ပါက လုပ်ခ တရက်စာ ဖြတ်တောက်ခံရပြီး ဒေးကြေး ၅၈၀၀ ကျပ်  ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ကျွမ်းကျင်ကြေးအဆင့်အလိုက် ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။ 

"အလုပ်ထဲမှာ တခုခုဖြစ်ရင် ဆေးမရှိဘူး သွားတောင်းရင် ဆရာမက ပြောဆိုလွှတ်တယ်"လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်အတွင်း အချိန်ပိုကို တနင်္ဂနွေပိတ်ရက်တွေမှာပါ ဆင်းနေရသလို ပိတ်ရက်မရှိဆင်းရပြီး အောနိုက် အောလင်း ( ညလုံးပေါက်) မဖြစ်မနေဆင်းရတာတွေ ရှိပြီး ဖိအားပေးခိုင်းစေလျက်ရှိတယ်လို့ ဆိုပါတယ်။

ထပ်မံပြီးတော့ အလုပ်သမားတွေချုပ်လုပ်နိုင်တာထက် အဆမတန်ပိုတဲ့ စံချိန်သတ်မှတ်တောင်းခံခြင်း တောင်းခံသည့် အရေအတွက် မပြည့်ပါက ဆဲဆို ပြီး စံချိန်တောင်းတယ်လို့ အလုပ်သမားကပြောပါတယ်။

"စက်လိုင်းတလိုင်းကို အလုပ်သမား ၂၅ ယောက်ပဲရှိတယ် တောင်းတဲ့စံချိန်က လိုင်းပေါက် အထည် တနာရီကို ၃၀၀ ပေးရတယ် စက်သမားတယောက်ကို နှစ်ပွိုင့်ကနေ သုံးပွိုင့်အထိချုပ်ရတယ် အလုပ်ချိန် ၁၀ နာရီ စာမှာ အလုပ်ရှင်ဘက်ကတောင်းတဲ့အထည်စံချိန်မပြည့်ရင် ဆိုးဆိုးရွားရွားအဆဲခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို အထည်စံချိန်မပြည့်ပါက ဆဲဆိုခံရမှုကြောင့် အလုပ်သမားအနေနဲ့ အရှက်ရသလို အမျိုးသားအောစူပါတွေကလည်း အမျိုးသမီးလုပ်သားတွေကို ဆဲဆိုမှုကြောင့်လည်း ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"လိုင်း ၇ စူပါ လိုင်း ၁၀ စူပါတွေဆို အလုပ်သမားတွေကို ယောက်ျားလေး အလုပ်သမားတွေအရှေ့မှာလည်း "နင်တို့က ဘယ်လင်ကို ငေးနေတာလဲ အထည်မပေးနိုင်ရင် အလုပ်မလာနဲ့ နင်တို့မလာလို့ ငါတို့ စူပါတွေ လစာလျော့မသွားဘူး နင်တို့လာရင် ငါတို့က အထည်စံချိန်တောင်းရတယ် နင်တို့မနိုင်တဲ့အထည်ကို ငါတို့က ကူညီမပေးနိုင်ဘူး နင်တို့နဲ့ ငါတို့က အဆင့်အတန်းချင်းမတူဘူး"ဆိုပြီး ဖိအားပေးခိုင်းစေနေတာ "လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်အတွင်း အထည်စံချိန်အလွန်အကျွံတောင်းခံနေတာ ဆဲဆိုခိုင်းစေတာ အချိန်ပို ငြင်းဆန်ခွင့်မရှိဘဲ ဆင်းနေရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေအနေနဲ့ တိုင်ကြားခွင့်မရှိသလို စားဝတ်နေရေးအခက်အခဲကြောင့် ကြိတ်မှိတ်သည်းခံပြီးလုပ်ကိုင်နေရတာလို့ ဆိုပါတယ်။

စက်လိုင်းအတွင်းမှာလည်း နေ့စဉ် အလှည့်ကျ သန့်ရှင်းရေးလုပ်ကိုင်ရပြီး အဆင်မပြေပါက ၅၀၀ ကျပ် ဖြတ်တောက်ခံရတာ အလုပ်အချိန်အတွင်း မန်နေဂျာမှ  စက်လိုင်းများကို စစ်ဆေးပြီး မသန့်ရှင်းသောစက်များရှိပါက လစာထုတ်ရာတွင် ၅၀၀၀ ကျပ် ဖြတ်တောက်ခြင်း အလုပ်ပြန်ချိန် အပေါက်ဝတွင် စောင့်ကာ တယောက်ချင်းထွက်ခိုင်းပြီး လူတိုးမိတာ တန်းစီပျောက်တာတွေရှိပါက ရိုက်နှက်ခြင်းခံရတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။

အလုပ်သမားတွေအနေနဲ့ အထက်ပါ ချိုးဖောက်မှုတွေ မကျူးလွန်ဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေဖြစ်တဲ့ ရှောင်တခင်ခွင့် ဆေးခွင့်များ ခံစားခွင့်ပေးရန် အလုပ်သမားတွေကို လက်ရောက်ကျူးလွန်ခြင်းမပြုရန် အလုပ်သမားတွေရဲ့ သဘောတူညီမှုမရှိဘဲ ငွေကြေးဖြတ်တောက်တာတွေမလုပ်ဖို့ အောစူပါ စူပါများမှ လူမဆန်စွာဆဲဆိုခြင်းများ မပြုလုပ်ဖို့နဲ့ အမျိုးသား အောစူပါများမှ အမျိုးသမီးလုပ်သားများကို ဆဲဆိုခြင်း ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုခြင်းမပြုရန် အချိန်ပိုခေါ်ပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒတွေကို မေးမြန်းပြီးမှ ခေါ်ရန် အလုပ်သမားတွေချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန် စတဲ့ အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

 


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026