NEWS

H&M အမှတ်တံဆိပ် ချုပ်  TONG YING HK(Garment) စက်ရုံက အော်စူပါများ အာဏာရှင်ဆန်ဆန် ဆောင်ရွက်နေ

CoverLogo
648 Views

H&M အမှတ်တံဆိပ်ချုပ်လုပ်နေတဲ့ TONG YING HK(Garment) စက်ရုံက အော်စူပါတွေဟာ လက်အောက်က အလုပ်သမားတွေကို ခွင့်နဲ့ပတ်သက်ပြီး  အလုပ်ထုတ်တဲ့အထိ  အာဏာရှင်ဆန်ဆန် ဆောင်ရွက်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ 

အာဏာရှင်ဆိုတာ အဖွဲ့အစည်းတခု ၊ နိုင်ငံတနိုင်ငံက လုပ်ပိုင်ခွင့် အာဏာတွေကို ချုပ်ကိုင်ထားသူလို့ နိုင်ငံတကာ မှာ ဖွင့်ဆိုထားပါတယ်။

ခွင့်လည်း ခွင့်မပေး

TONG YING HK(Garment) အလုပ်သမားတွေ ကျန်းမာရေး မကောင်းတာကြောင့် ခွင့်တိုင်ပေမဲ့လည်း ရက်ပျက်အဖြစ် သတ်မှတ်ခံနေရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 
“နေမကောင်းတော့  အောစူပါ စူပါဆီကို ကိုယ်တိုင် ဖုန်းဆက် ခွင့်တိုင်တယ်။ ဒါ့အပြင် စက်ရုံထဲက အသိတွေက တဆင့် ခွင့်ကို ထပ် တိုင်တယ်။ ဒါကို အောစူပါက အလုပ် ပျက်ဆိုပြီး A (Absence) လို့ ပြတယ်။  ခွင့်တိုင်ရဲ့နဲ့ A ဘာလို့ ပြတာလည်းလို့ ရုံခန်းကို သွားမေးတော့လည်း စူပါနဲ့ ရှင်းလို့ ပြန်ပြောတယ်” လို့ ခွင့်မဲ့ သတ်မှတ်ခံထားရဲ့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံ တာဝန်ရှိသူတွေကလည်း အလုပ်သမားတွေရဲ့ ရှင်းလင်းပြောပြတာတွေကို ဂရုမစိုက်ပဲ စူပါ ၊ အော်စူပါ (ကြီးကြပ်ရေးမှူး)တွေရဲ့ တင်ပြမှုကို ဆောင်ရွက် ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အကြောင်း ကြောင့် ခွင့်တိုင်ကြားပါက စူပါ နဲ့ အော်စူပါတွေဆီ တိုင်ကြားရမယ်လို့ စက်ရုံဘက်က သတ်မှတ်ထားတာကြောင့် ခွင့်အတွက် နှစ်ဦးလုံးဆီ အကြောင်းကြားခဲ့ပေမဲ့ ခွင့် မရကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“အရမ်း နေမကောင်းလို့ အလုပ်ထဲက ပြန်မယ်ဆိုရင် ၊ နောက်နေ့မလာနဲ့တော့လို့ တန်းပြောတော့တာ။ အဲတော့ ဖျားတဲ့သူက ကြိတ်မှိတ်လုပ်ရလို့ မေ့လဲရတဲ့အထိ ရှိတယ်။ တကယ် ဖျားနားနေလို့ပါဆိုပြီး  ခွင့်တိုင်ရင်လည်း အထည်များနေလို့ ခွင့်ပေးမရဘူးဆိုပြီး A ပဲ ပြပါတယ်။ ဘယ်သူပျက်ပျက် ခွင့်မပေးဘူး ဆိုပြီးလည်း မီတင်မှာ ပြောပါတယ်" ဆိုပြီး ပြောပြပါတယ်။ 

မြန်မာအထည်ချုပ်ကဏ္ဍရဲ့ အလုပ်သမား ၉၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီး အလုပ်သမားတွေဖြစ်ကြပြီး နိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေနဲ့ အလုပ်အချိန်အတွင်း အချိန်ပြည့် မတ်တပ်ရပ်ရ တာ၊ ထိုင်ပြီး လုပ်ကိုင်ရတာတွေကြောင့် အထည်ချုပ် အမျိုးသမီးလုပ်သားတွေရဲ့ ကျန်းမာရေး အခြေအနေ တွေဟာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

TONG YING HK အထည်ချုပ် အောစူပါတွေရဲ့  ခွဲခြား ဆက်ဆံမှု

စက်ရုံအတွင်းက အောစူပါတွေဟာ  ခွင့်နဲ့ ပတ်သက်ပြီး အလုပ်သမာအားလုံးကို တပြေးညီ ဆက်ဆံတယ်လို့ ပြောဆိုပေမဲ့ ခွဲခြား ဆက်ဆံမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


“အောစူပါရဲ့  ညီမ နေမကောင်းလို့ ခွင့်ယူတော့ တပတ်အထိ ခွင့်ပေးခဲ့သေးတယ်။  အော်စူပါတွေက ငါတို့က မခွဲခြားဘူးလို့သာ ပြောတာပါ ၊ သူတို့ ခွင့်ပေးချင်တဲ့သူတွေဆို ခရီးသွားလို့ ရက်ကြာတာကအစ ခွင့်တင်ပေးပါ တယ်။  ခွင့်မပေးဆိုတာက အကုန်လုံး မဟုတ်ပါဘူး။ ပေးချင်တဲ့သူကို ပေးလိုက်တဲ့ သဘောပါ” လို့  အလုပ်သမားတဦးက ပြောပါတယ်။   


TONG YING HK(Garment) စက်ရုံအတွင်း စက်လိုင်း ၂၁ လိုင်းရှိပြီး  စက်လိုင်းတိုင်း စူပါတွေ ရှိတဲ့အပြင် စက်လိုင်း ၅ လိုင်းကို အောစူပါ တယောက် ခန့်ထား လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

ခွင့်တိုင်လျက်နှင့် အလုပ်ပျက် A (Absence) အပြခံရပါက ဘယ်လောက် နစ်နာသလဲ

ခွင့်မတိုင်ဘူးဆိုပြီး  A အပြခံရပါက တလလုံး လုပ်ကိုင်ပေးထားတဲ့ အထည်ဆုကြေး၊ ရက်မှန်ကြေးအပြင်  နှစ်ကြေးတွေပါ မရတော့ဘူးလို့  TONG YING HK အထည်ချုပ်လုပ်သားတွေက ပြောဆိုပါတယ်။


“A ပြခံရရင် ရပိုင်ခွင့်တွေ အကုန်ဆုံးရှုံးရတာ၊ အနည်းဆုံး မနစ်နာဘူးဆိုရင်တောင် အဲ့ဒီလအတွက် အနည်းဆုံး ၅၀၀၀၀ လောက်က မရတော့ဘူး။  အိမ်မှာနာရေးဖြစ်လို့ ခွင့်ယူတာကို မပေးလို့ A အပြခံရတာ။   လစာထုတ် တော့၂၃၀၀၀၀ ပဲရတယ်။ ပုံမှန် အလုပ်သမားက ၃၆၀၀၀၀ လောက်ရခဲ့တယ်။ ဒါဆို တရက်ပျက်တာနဲ့ လုပ်ခ လစာ ဘယ်လောက်ကွာလဲ ဆိုတာ သိနိုင်မှာပါ” လို့ အလုပ်သမားက Myanmar Lobour News ကို ပြောပြ ပါတယ်။


နှစ်ကြေးဆိုတာ စက်ရုံချီးမြှင်ငွေ မဟုတ်  လုပ်သက်ခွင့် ဖြစ်နေ
ခွင့်တိုင်လျက်နဲ့ ရက်ပျက်သတ်မှတ်ခံရပြီး ဖြတ်တောက်ခံရတဲ့ နှစ်ကြေးဆိုတာဟာ လုပ်သက်ခွင့် ၁၀ ရက်အတွက် ကျပ် ၄၈၀၀၀ ကို ဖြတ်တောက်ခံရတာလို့  TONG YING HK အထည်ချုပ်စက်ရုံက လုပ်သက်ရင့် အလုပ်သမား တဦးက ရှင်းပြပါတယ်။ 


“အဲဒီ ၄၈၀၀၀ က လုပ်သက်ခွင့်အတွက် ပေးတာပါ။ တရက် A အပြခံရတာနဲ့ အဲဒီ ၄၈၀၀၀ လည်း မရတော့ဘူး။ ကျွန်မတို့မှာ ရှောင်တခင်ခွင့်လေးရဖို့ အော်စူပါတွေ နဲ့ စူပါတွေရဲ့ အမုန်းခံရသေးတယ်။ အခန့်မသင့်လို့ A လို့ သတ်မှတ်လိုက်ရင် နှစ်ကုန်အထိ နှစ်နာတာပါ၊ သတ်မှတ်ထားတဲ့ ခွင့်ပေးရင် ဒီလို နစ်နာမှုတွေ မရှိနိုင်ပါဘူး “ လို့  ဆက်ပြောပါတယ်။


မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတွေမှာ ခွင့်ရက်ကို ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နဲ့ ဆေးခွင့်ဆိုပြီး ပြဌာန်းထား ပါတယ်။ အလုပ်သမားတဦး အနေနဲ့ ရှောင်တခင်ခွင့် ၆ ရက်၊ လုပ်သက်ခွင့် ၁၀ ရက် နဲ့ ဆေးခွင့်ကို ရက်ပေါင်း ၃၀ အထိ ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ လုပ်သက် တစ်နှစ်ပြည့်လို့  လုပ်သက်ခွင့် ၁၀ ရက် ရရှိမှာဖြစ်ပြီး အသုံးမပြုပါက စက်ရုံနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းကာ အဲဒီ ရက်တွေအတွက် လုပ်ခငွေကြေး ရယူနိုင်တာ ဖြစ်ပါတယ်။ 


TONG YING HK အထည်ချုပ်က ခွင့်မပေးလို့ ဖြတ်တောက်တဲ့ နှစ်ကြေးဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်သာ ဖြစ်ပြီး ဒီလိုဖြတ်တောက်မှုဟာ ဥပဒေကို ကျော်လွန်လုပ်ဆောင်နေတာ အထင်အရှားဖြစ်ပါတယ်။


အလုပ်နှစ်ရက် ပျက်တယ်ဆိုပြီး အာဏာရှင် အောစူပါများက အလုပ်ထုတ်
TONG YING HK အထည်ချုပ်က စက်လိုင်း အောစူပါတွေက ခွင့်တိုင်လျက်နဲ့ ခွင့်မပေးတဲ့အပြင် အကြောင်း ကြောင့် နှစ်ရက်ဆက် အလုပ်မလာပါကလည်း အလုပ်ထုတ်တဲ့အထိ လုပ်ဆောင်တယ်လို့ စက်ရုံ အလုပ်သမား တွေက ပြောပါတယ်။


“အလုပ်ထုတ်မယ်လို့ပြောတာ၊ နေမကောင်းလို့ ခွင့်နှစ်ရက်လောက် မပျက်လိုက်နဲ့ နောက်နေ့မလာနဲ့ တော့ ဆိုပြီး အဲ့မျိုးပြောတာ။ ကံကောင်းလို့ ခွင့်တရက်ရတယ်၊ နောက်တရက် နေမကောင်းသေးလို့ ခွင့်တိုင်လည်း ။ မလာနဲ့ တော့ ။ အလုပ်ထွက်ပြီး ပြန်လာလျှောက်။ အဲ့လိုမျိုးတွေပြောတာ။” လို့ ကိုယ်တိုယ် ကြုံတွေ့ရတဲ့ အလုပ်သမား တဦးက ပြောပါတယ်။

 
ခွင့်မရတဲ့ အလုပ်သမားတွေကို အောစူပါဆိုသူတွေက တိုက်ရိုက် အလုပ်ထုတ်ပယ်နေပြီး စက်ရုံတာဝန်ရှိသူတွေကို တင်ပြခွင့်၊ အလုပ်နုတ်ထွက်စာ တင်ခွင့်မရခဲ့ကြဘူးလို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။ 


“အမျိုးသမီးအလုပ်သမားတဦးဆို သူက တကယ် အခက်အခဲဖြစ်လို့ ခွင့်ယူတာ။ ခွင့်ကိုလည်း သေချာတိုင်တယ်။ နှစ်ရက်လည်း ပြည့်ရော မလာနဲ့တော့၊ ငါ အလုပ် ထုတ်လိုက်ပြီ။ အလုပ်ကို လာစရာမလိုဘူး။ ထွက်စာ ရုံးခန်းမှာ ငါတင်ထား ပြီးပြီ၊ လစာပဲ လာထုတ်။ အဲ့မျိုးပြောတာ။ အလုပ်သမားတွေလည်း ရုံးခန်းကို ထွက်စာလာ တင်ခွင့် လည်း မရှိတော့ဘူး။ အလုပ်ကိုလည်း လုံးဝအလာမခံတော့  ရုံးခန်းကိုလည်း အကျိုးအကြောင်း ပြောပြခွင့်လည်း မရှိတော့ဘူး” လို့ TONG YING HK အထည်ချုပ် အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။ 


စက်ရုံ တာဝန်ရှိသူတွေကလည်း စူပါအောနဲ့ စူပါတွေ ပြောဆိုသမျှ လက်ခံပေးတာကြောင့် အလုပ်သမားတွေမှာ အခွင့်အရေး ပိုပြီး ချိုးဖောက်ခံရကာ လုပ်ငန်းခွင် အခက်အခဲတွေ ပိုမို ကြုံတွေနေတယ်လို့ သိပါတယ်။ ခွင့်မရလို့ အလုပ်ပျက်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တလကို ၂ ဦးကနေ ၃ ဦးအထိ ရှိတယ်လို့လည်း အလုပ်သမား တွေက ပြောဆိုပါတယ်။ 


“အော်စူပါတွက တခုခုဆို အလုပ်ထုတ်မယ်ဆိုတော့ အလုပ်သမားတွေ အရမ်း ကြောက်ကြရတယ်။ နယ်က အလုပ်သမား တဦး မိဘ နေမကောင်းလို့ နယ်ပြန်မှာမို့ ခွင့်တောင်းတာ ၊  ခွင့် မပေးလို့ ၊  ခွင်မပေးရင် ထွက်မယ်လို့ စိတ်တိုပြီး ပြောမိတာကို နေချင်းပဲ အလုပ်ကနေ ပြန်ခိုင်းတာ။ အဲလိုကို ရမ်းကားနေ ကြတာပါ။ “ လို့ အလုပ်သမားတွေက ပြောကြားပါတယ်။ 


စက်ရုံအတွင်းက အောစူပါတွေဟာ အောက်ခြေအလုပ်သမားတွေကိုအပေါ် စိတ်တိုင်းကျ ဆောင်ရွက်နေပြီး အလုပ်သမားတွေမှာလည်း အလုပ်ထုတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် နစ်နာမှုတွေရှိနေပေမဲ့ ဘာမှ မပြောဆိုနိုင်ဘဲ ရှိနေတယ်လို့  အလုပ်သမားတွေက ပြောကြားပါတယ်။ 


WCC အဖွဲ့ဝင်တွေကို မဲပေး ရွေးချယ်ခဲ့တယ် 
TONG YING HK(Garment) စက်ရုံ မှာ WCC ကို ဖွဲ့စည်းထားပေမဲ့ ထိရောက်တဲ့ ကူညီ ဖြေရှင်းမှုတွေ မရခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါအပြင် အဖွဲ့ဝင်က ဘယ်သူဘယ်ဝါ မသိရသလို ရွေးကောက်စဉ်ကလည်း လုံခြုံရေးအဖွဲ့ဝင် တဦးရဲ့  ညွှန်ပြမှုအတိုင်း ရွေးချယ်ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“WCC ကလည်း သူတို့ သဘောကျရာ တင်ထားတာ ။ အလုပ်သမားတွေကို ထိထိရောက် မကူညီနိုင်ဘူး ။ ရွေးကောက်ပွဲတုန်းကလည်း လုံခြုံရေးအစောင့်ကနေ ဟိုလူ့ကို ထည့် ၊ ဒီလူ့ကို ထည့်လို့ ပြောပါတယ်။ ” လို့ မဲပေးခဲ့တဲ့ အလုပ်သမားတဦးက ပြောပါတယ်။


TONG YING HK(Garment) စက်ရုံကတော့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ (ဖရဲခင်း) စက်မှုဇုန်မှာ လုပ်သားအင်အား ၅၀၀၀ ဝန်းကျင် နဲ့ H&M ကုန်အမှတ်တံဆိပ်ကို နှစ်ကာလရှည်ကြာ ချုပ်လုပ်နေတယ်လို့ စက်ရုံ အထည်ချုပ် အလုပ်သမားတွေက Myanmar Labour News ကို ပြောကြားထားပါတယ်။  
Photo - TONG YING HK (Garment) 
 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026