NEWS

H&M ဘောင်းဘီ တနာရီ ၂၇ ထည်နှုန်းနှင့် လုပ်သား ၂၅ ဦးအား Saung Oo Shwe Nay  စက်ရုံချုပ်ခိုင်း

CoverLogo
1.1K Views

Saung Oo Shwe Nay အထည်ချုပ်စက်ရုံက လုပ်သား ၂၅ ဦး နဲ့ H&M ဘောင်းဘီ ၂၇ ထည်ကို  တနာရီ စံချိန်အဖြစ် ချုပ်ခိုင်းနေတယ်လို့ ကိုယ်တိုင်ချုပ်လုပ်နေတဲ့ အလုပ်သမားတဦးက ပြောပါတယ်။ အဲဒီလို ချုပ်လုပ်နေရတဲ့ စက်လိုင်းကတော့ ၃၄ ဖြစ်တယ်လို့လည်း သိရပါတယ်။


“စက်လိုင်းထဲက အလုပ်သမားတွေက တယောက်ကို လေးငါး ပွိုင့်ချုပ်နေရတယ်။ မနိုင်ဝန် လုပ်နေရတယ်။ ချုပ်တော့လည်း အလုပ်သမားတွေက နောက်ကပြီးရင် ရှေ့သွားချုပ်လိုက် အဲ့လို ချုပ်နေရတာပါ။ ကျွန်မတို့ကို လုပ်သားနည်းနည်းနဲ့ အတင်းအကျပ် ချုပ်ခိုင်းသလိုဘဲ ” လို့ စက်လိုင်း ၃၄ စူပါက ပြောပါတယ်။ 


Saung Oo Shwe Nay စက်ရုံမှာ ပုံမှန်အားဖြစ် ဒီလို ဘောင်းဘီ စံချိန်အတွက် အလုပ်သမား အနည်းဆုံး ၅၀ လောက် အသုံးပြုရတယ်လို့လည်း အဲဒီ အလုပ်သမားက ဆက်ပြောပါတယ်။ အခုလို လူအင်အားမလောက်လို့ စံချိန် မပြည့်တာကြောင့် အထည်ကြေးမရဘူးလို့လည်း သိရပါတယ်။ စက်ရုံ HR ဌာနကို တင်ပြပေမဲ့ ဖြည့်ဆည်းပေး တာမရှိဘူးလို့ အလုပ်သမား တဦးက ပြောပါတယ်။
“နောက်ထပ် ၁၅ ယောက်လောက် ထပ်ဖြည့်ပေးဖို့ ပြောတာ၊ လာမပြောနဲ့ ရအောင်လုပ်ဆိုတာမျိုးပဲ ပြောလွှတ် တယ်။ဖိအားပေး ချုပ်ခိုင်းတာပါ။ အခု ၂၇ ထည်ချုပ်နေတာကို နောက်ရက် စံချိန်ထပ်တိုးဖို့တောင် စက်ရုံဘက်က စီစဉ်နေတာ” လို့ လည်း ဆက်ပြောပါတယ်။


အလုပ်သမားတွေ အတင်းအကျပ်လုပ်ကိုင်နေရတာက စက်ရုံဘက်က ခွဲခြားဆက်ဆံ ဖိအားပေး ခိုင်းစေတာလို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို WCC  အဖွဲ့ကို ကူညီဖို့တင်ပြခဲ့ပေမဲ့ စက်ရုံဘက်က ဖြေရှင်းပေးတာမရှိဘူးလို့ ပြောပါတယ်။ 


“ကုန်အမှတ်တံဆိပ်ဘက်ကိုရော၊ HR မန်နေဂျာကိုရော အခက်အခဲ ပြောပြပြီး အကူအညီတောင်းပြီးပြီ။ မရခဲ့ဘူး။ စက်လိုင်းတွေထဲမှာ လုပ်သား ၆၀ လောက်ရှိတဲ့ လိုင်းတွေရှိတယ်။ လူသစ်မခန့်ချင်ဘူးဆိုလည်း မျှပေးလို့ရတယ်။ ဒါကို မျှမပေးတာ။ စက်လိုင်းကို ဖျက်ချင်တာ၊ လိုင်းစူပါကို အလုပ်ထွက်စေချင်တာ ဖြစ်မယ်” လို့ စက်လိုင်း စူပါက ပြောပါတယ်။ 


လက်ရှိ ၃၄ စက်လိုင်းက လုပ်သား ၂၅ ယောက်ထဲမှာ စူပါတဦး၊ အကူ ၃ ဦး ပါဝင်တာကြောင့် အချိန်ပြည့် ချုပ်တဲ့ အလုပ်သမား ၂၁ ဦးသာရှိနေတာပါ။ လုပ်သားအင်အား မပြည့်စုံတာကို စက်ရုံဘက်က ဖိအားပေး ခိုင်းစေနေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။


"လာမဲ့ ၁၈ ရက်မှာ သတ်မှတ် အထည်အပ်နိုင်ဖို့တောင်းတယ်၊ မပြီးနိုင်ဘူးလို့ပြောတော့ ၊ စက်လိုင်း မန်နေဂျာက ကျွန်မကို ပြန်ဖို့ ပြောတယ်။ HR မန်နေဂျာကလည်း လူမဖြည့်ပေးဘူး ဖြစ်အောင် ရအောင်ချုပ်ဖို့ပဲ ဖိအားနေတာ” လို့ ၃၄ စက်လိုင်း စူပါက ပြောပါတယ်။ 


လူအင်အားမလုံမလောက်နဲ့ ချုပ်လုပ်တာက စက်ရုံအတွက် အကျိုးအမြတ်များပြီး အလုပ်သမားတွေမှာတော့ ဖိအားများစွာ ဖြစ်နေရတယ်လို့ လိုင်း ၃၄ ရဲ့ စူပါက ပြောပါတယ်။  ရေရှည်မှာ အဆင်မပြေနိုင်ဘဲ စက်ရုံဘက်က လိုအပ်တဲ့အလုပ်သမားတွေ ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ စက်လိုင်း ၃၄ က အလုပ်သမားတွေက ပြောပါတယ်။


Saung Oo Shwe Nay အထည်ချုပ်စက်ရုံကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန် ၊အလယ်လမ်း ၃ လမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံလုပ်သား ၂၀၀၀ ကျော်က ဂျာမနီ New Yorker ကုမ္ပဏီပိုင် SMOG တံဆိပ် ၊ ဆွီဒင်က H&M တံဆိပ်နဲ့ DIVIDED တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့ လည်း သိထားရပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026