Heng Run Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းပြီး မပြည့်ပါက တနင်္ဂနွေပိတ်ရက်တွေမှာ အလုပ်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
“ လူ ၅၀ ရှိတဲ့ စက်လိုင်းကို တစ်နာရီကို လိုင်းပေါက် အထည် ၅၀ ကနေ ၆၀အထိ တောင်းတယ်။ ဒါကို အလုပ်သမားတွေက နှစ်ပွိုင့် ၊ သုံးပွိုင့် ချုပ်ပေးမှ ရတာ။ အထည်စံချိန်မပြည့်ရင် တနင်္ဂနွေ အချိန်ပို ဆင်းရတယ်၊ “ လို့ ပြောပါတယ်။
စက်ရုံဘက်က နေ့စဉ် ည ၇ နာရီခွဲအထိ အချိန်ပိုဆင်းခိုင်းတဲ့ အပြင် စနေနေ့တွေမှာပါ ည၇ နာရီအထိ မဆင်းမနေရ ဆင်းခိုင်းလို့ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုတွေ ဆင်းခိုင်းပေမဲ့ လုပ်ခ မပေးဘူးလို့လည်း ပြောပါတယ်။
“ တနင်္ဂနေနွေ အချိန်ပို ဆင်းခိုင်းပြီး အချိန်ပို အိုတီကြေးမပေးပါဘူး။” လို့ ပြောပါတယ်။
လုပ်ငန်းခွင်အတွံင်းက အလုပ်သမားအများစုက နေ့စားအလုပ်သမားတွေဖြစ်ကြပြီး လုပ်သင့်ရင် အလုပ်သမား အများအပြားကို အမြဲတန်း အလုပ်သမားအဖြစ် ခန့်တားခြင်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“ခွင့်ရက် ခံစားခွင့်မရဘူး။ အရေးပေါ်ကိစ္စ ဖြစ်လည်း ခွင့်တိုင်လည်းမရဘူး ။ ပြီးရင် ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေး အချိုးအလိုက် အဖြတ်ခံတယ်။ “ လို့ ပြောပါတယ်။
အလုပ်သမားတွေ အသုံးပြုတဲ့ အိမ်သာတွေက အမြဲညစ်ပတ်ပြီး သုံးစွဲဖို့ ခက်ခဲလို့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
Heng Run Garment Co.,Ltd စက်ရုံက ဦးတရုတ်ကြီးလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်မှာ ရှိပြီး အလုပ်သမား ၄၀၀ ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။









