NEWS

He MeT Company လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ကျူးလွန်ခိုင်းစေ

CoverLogo
525 Views
 
လှိုင်သာယာမြို့နယ် မှာဖွင့်လှစ်လုပ်ကိုင်နေတဲ့ He MeT Company Limited အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်ခိုင်းစေမှုကြောင့် အခက်အခဲတွေဖြစ်ပေါ်နေရလို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
 
အလုပ်သမား (၉၂၀)ကျော်နဲ့ လည်ပတ်နေတဲ့ အဆိုပါ တရုတ်နိုင်ငံသားပိုင် စက်ရုံမှာ JEAN PASCALE၊ CHAPTER၊ everme စတဲ့အမှတ်တံဆိပ် ဂျာကင်အင်္ကျီနဲ့ ဝယ်လွန်တွေချုပ်တာလို့ သိရပါတယ်။
 
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေအနေနဲ့ အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက် အထည်စံချိန်အရေအတွက် ပိုမိုတောင်းခံတာ ၊ အသက်မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေကို ကျန်းမာကြောင်းထောက်ခံစာမတောင်းယူဘဲ လူကြီးလုပ်သားတွေနဲ့တန်းတူခိုင်းစေတာ၊ နေ့စားအလုပ်သမားတွေကို လုပ်သက် ၃ လအထက်ပိုမိုခိုင်းစေပြီး အတည်ပြုခန့်မထားတာ၊ အလုပ်သမားဥပဒေပါ ခွင့်၊ ဆေးခွင့်ခံစားခွင့်တွေ မပေးတာအပြင် လူမှုဖူလုံရေးကြေး လစဉ်ထည့်ဝင်ရပြီး ဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်တွေ မရတာ ၊ ဥပဒေမဲ့အလုပ်ထုတ်တာ၊ အခကြေးငွေဖြတ်တောက်တာ စတဲ့ အခြေအနေတွေ ချိုးဖောက်ကျူးလွန်ခံနေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။
 
"စံချိန်အရေအတွက် မတရားတောင်းခံတယ်၊ ဘယ်လောက်သတ်မှတ်ထားလဲဆိုရင် စက်လိုင်းတစ်လိုင်းကို အလုပ်သမား ၄၉ ဦး ၊ အကူ ၁၁ ဦးရှိပြီး တနာရီကို ဂျာကင်အထည် ၄၅ ထည် တောင်းတာပါ။ တောင်းတဲ့ အထည်အရေအတွက်မရရင် စူပါတွေက ဆဲဆို ကြိမ်းမောင်းပြီး ခိုင်းတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အသက်မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေထဲမှာ အသက် ၁၄ နှစ်မှ စတင်တာ ၁၆ နှစ်အထိ ပါဝင်ပြီး ဦးရေ ၂၀၀ နီးပါးကို လူကြီးလုပ်သားတွေနဲ့တန်းတူခိုင်းစေပေမယ့် ဥပဒေအရ ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံချက် မပါဘဲ တရားမဝင်ခိုင်းစေနေတာကြောင့် လူရွယ်လုပ်သား တွေအတွက်နစ်နာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် နေ့စားအလုပ်သမားတွေလည်း အများအပြားခိုင်းစေနေပြီး လုပ်သက် ၃ လအထက် ရှိသူတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ခြင်းမရှိတာကြောင့်လည်း ဥပဒေပါခံစားခွင့် နစ်နာဆုံးရှုံးနေရတာတွေလည်း ရှိနေတာပါ။
 
"အလုပ်သမားတွေခံစားခွင့်ရှိရမယ့် ရှောင်တခင်ခွင့် ၊ ဆေးခွင့်၊ လုပ်သက်ခွင့် တွေမရပါဘူး။ လူမှုဖူလုံရေးကြေး လစဉ်ဖြတ်တောက်ပေမယ့် ဆေးခွင့်လည်းမရပါဘူး။ ခွင့်တိုင်လည်း ခွင့်မပေးတဲ့အတွက် တရက်ပျက်ရင် ဒေးကြေး ၈၀၀၀ ရက်မှန်ကြေး ၂ သောင်း နဲ့ ဂရိတ်ကြေးပါ အဖြတ်ခံရတယ်"လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားကပြောပါတယ်။
 
"အလုပ် မလုပ်ချင်တော့လို့ ထွက်သွားတဲ့ အလုပ်သမားကို စူပါက အိမ်ထိလိုက်ပြီး အလုပ်မထွက်ရဘူးဆိုပြီး မိဘတွေကို ခြိမ်းခြောက်သွားတာမျိုးတွေရှိတယ်။ နောက်ပြီး အလုပ်သမား ရရမယ့် ဆုကြေး ၅၀၀၀၀ ကို ၃၅၀၀၀ ပဲပေးပြီး ကျန်တာတွေကို ဖြတ်တောက်ထားတာမျိုး၊ စက်လိုင်းထဲမှာ လူ ၆၀ ရှိတယ်ဆို တယောက် ၁၅၀၀၀ ဖြတ်ထားတယ်ဆိုတော့ မနည်းမနောပဲ အဲ့လိုမလုပ်သင့်ဘူးလေ၊ နောက်ပြီး ဥပဒေမဲ့ အလုပ်ထုတ်တာတွေလည်း ရှိတယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ အချိန်ပို ည ၇ ခွဲထိဆင်းရပြီး အိမ်ပြန်နောက်ကျတာ ၊ စစ်ကောင်စီစခန်းတွေကို ဖြတ်သန်းသွားလာရတာကြောင့် စစ်ဆေးမေးမြန်းတာတွေ မကြာခဏကြုံရပြီး စိုးရိမ်ရမှုတွေကြောင့်အချိန်ပို စောလွှတ်ပေးဖို့လည်း လိုလားနေတယ်လို့ ပြောဆိုပါတယ်။
အလုပ်သမား တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင််ဖြစ်ရေးအတွက် လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ရှောင်ရှားဖို့နဲ့ အလုပ်ရှင်ဘက်မှ တာဝန်ယူဖြေရှင်းပေးဖို့ အောက်ပါအချက်တွေ တောင်းဆိုထားပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ လူငယ်၊ လူရွယ် လုပ်သားတွေကို လူကြီးအလုပ်သမားများဖြင့် တန်းတူခိုင်းနေခြင်း မပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများမချုပ်လုပ်နိုင်သည့်အထိ စံချိန်များကိုမတရားတောင်းခံနေခြင်း မပြု လုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အထည်စံချိန်တောင်းခံရာတွင် စူပါများက ဆဲဆို၊ အော်ဟစ်ပြီးတောင်းခံနေခြင်းများ မပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်၊ ဆေးခွင့်များကိုခံစားခွင့်ပေးရန်။
၅။ အလုပ်ရှင်ဘက်မှ စူပါမှအလုပ်ထွက်သွားသော အလုပ်သမားများအိမ်ထိလိုက်ခေါ်ပြီး ခြိမ်းခြောက်ပြော ဆိုခြင်းမပြုလုပ်ရန်နှင့် နောက်အလုပ်သမားများကိုလည်း ထိုနည်းအတူခြိမ်းခြောက်ပြောဆိုခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီကိုည၇နာရီခွဲအထိ အလုပ်ဆင်းရပြီး အိမ်အပြန်မှာ စကစဂိတ်များဖြတ် ကျော်ရခြင်းကြောင့် အချိန်ပိုအိုတီကို ညနေ၆နာရီမထိခေါ်ရန် စတဲ့အချက်တွေကို ဖြေရှင်းပေးဖို့
He MeT Company Limited အလုပ်သမားတွေကတောင်းဆိုထားတာဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026