NEWS

Great Summer အထည်ချုပ်စက်ရုံတွင် ၇ နာရီဆက်လုပ်ကိုင်ရပြီး အပြင်သောက်ဆေးယူခွင့်မရ

CoverLogo
714 Views

Great Summer အထည်ချုပ်စက်ရုံမှာ အလုပ်ချိန်  ၇ နာရီ ဆက် လုပ်ကိုင်ရပြီး အလုပ်သမားတွေမှာ အပြင် သောက်ဆေး ယူခွင့်မရလို့ ကျန်းမာရေး ပိုချို့ယွင်းလာတယ်လို့ သိရပါတယ်။ 

အနော်ရထာစက်ရုံ၊ အနော်ရထာလမ်းက Great Summer  Myanmar Garment စက်ရုံ ဟာ Cherry Apparel Myanmar စက်ရုံကို အမည်ပြောင်း ဖွင့်လှစ်ထားတာ ဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောပါတယ်။

“အမည်ပြောင်းပြီးဖွင့်ထားတာ ဒီနှစ် အစပိုင်းလောက်ကပဲ၊ စက်ရုံမှာ အခုလက စပြီး အချိန်ပိုကို ၇ ခွဲထိ လုပ်ခိုင်းတယ်။ ၇ နာရီဆက်လုပ်နေရတာတော့ တချို့လည်း မူးလဲတာတို့ ကျန်းမာရေးမကောင်းတာတွေ ဖြစ်တယ်၊ အထူးသဖြင့် အစာအိမ်ရောဂါရှိတဲ့ အလုပ်သမားတွေ တော်တော်ကို ဒုက္ခရောက်တယ်။ မုန့်စားချိန် လုံးဝမပေးတော့ တချို့ဆို တော်တော်ကို ကုနေရပြီ” လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံအလုပ်ချိန်က အိုတီ ၂ နာရီအပါအဝင် မနက် ၈ နာရီကနေ ညနေ ၇ နာရီခွဲအထိဖြစ်ပြီး ၊ နေ့လယ် ထမင်းစားအပြီး  ၁၂ နာရီ ခွဲကနေ ည ၇ နာရီခွဲအထိ နားချိန်မပေးလို့ ၇ နာရီ ဆက်တိုက် လုပ်ကိုင်နေရတယ်လို့  Great Summer  Myanmar Garment   စက်ရုံလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအတွင်း မုန့်နဲ့ ပြင်ပ ဆေးဝါးတွေ ယူခွင့်မရဘဲ သုံးစွဲပါက သတိပေး(ဝမ်ထိန်) လက်မှတ်ထိုးခိုင်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း လုံခြုံရေးက ခွင့်မပြုလို့ ကျန်းမာရေးအတွက်  ဆေးသောက်ခွင့်မရခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။  

“ပြီးခဲ့ကြာသာပတေးနေ့က (ဇွန် ၆) အမျိုးသမီးလုပ်သားတယောက် ဆရာဝန်ညွှန်ကြားချက်အတိုင်း ညနေ ၆ နာရီသောက်ဆေးအတွက် ဆေးသွားသောက်တာ အဲဒါကို လုံခြုံရေးက ထမင်းစားဆောင်သွားပြီး ဆေးသောက်ရင် ဓါတ် ပုံရိုက်ပြီး စက်ရုံကို တိုင်မယ်ဆိုလို့ ဆေးမသောက်လိုက်ရဘူး။ အချိန်ပိုတွေတအားလုပ်ရတော့ အလုပ်သမား ကျန်းမာရေးတွေ ထိခိုက်နေတယ်။ စက်ရုံမှာက ဆေးခန်းရှိတယ်၊ ဆေးမရှိဘူး။ အဲဒါ ပိုပြီးမကျန်းမာတော့ဘူး ” လို့ အလုပ်သမားတွေက ပြောပါတယ်။

ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေအတွက် ခွင့်မရဘဲ ရက်ပျက်အဖြစ် သတ်မှတ်ခံရပြီး တရက် ပျက်ပါက လုပ်ခ ၃ ဆ ဝန်းကျင် ဖြတ်တောက်ခံရတဲ့ အပြင် တရက်ထက် ပိုပျက်ပါက တခြားခံစားခွင့်တွေပါ ဖြတ်တောက်  ခံရတယ်လို့ အလုပ်သမားတဦးက ရှင်းပြပါတယ်။ 

“စက်ရုံမှာရက်ပျက်ပြီ ဆိုတာနဲ့ ရက်မှန်ကြေး ၁၅၀၀၀ ဖြတ်ခံရပြီ။  ဆေး(စာ)ခွင့်လည်း အတူပဲ တရက်ပျက်တာနဲ့ ဖြတ်တာပဲ၊ တရက်ကျော်ပြီး ပျက်တယ်ဆိုရင် ဂရိတ်ကြေးချ၊ ရက်မှန်ကြေးအကုန်ဖြတ်ပြီး ဒေးကြေး မပေးတော့ ဘူး။ အဲလို မဖြစ်အောင် နောက်တရက် ဖျားနာနေလည်း ဆင်းရတာပဲ။ ဆေးကုတာပဲ ငါးသောင်းလောက် ကုန်တယ်” လို့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

Great Summer အထည်ချုပ်စက်ရုံမှာ စက်လိုင်း ၁၃ လိုင်းနဲ့ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ စက်ရုံအတွင်း WCC အဖွဲ့ စည်းထားပြီး ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီ စတာတွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ Cherry Apparel Myanmar အမည်နဲ့ ဖွင့်လှစ်စဉ်က FieldCore အမှတ်တံဆိပ် ဘောင်းဘီတွေ ချုပ်လုပ်ခဲ့ပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026