NEWS

Grand Forest အထည်ချုပ်စက်ရုံ ညနက်အချိန်ပို ခိုင်းစေပြီး၊ ကြီးကြပ်သူ အဆင့်ဆင့်က ဆဲဆို

CoverLogo
797 Views

ရွာသာကြီးအကြီးစား စက်မှုလက်မှုဇုန် က  Grand Forest International App‌arel မှာ ညနက် ၁၂ နာရီ အချိန်ပိုလုပ်ကိုင်ပေးရပြီး စက်ရုံထဲမှာဘဲ ဖြစ်သလို အိပ်စက်ရနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပို မဆင်းပါက စက်ရုံက ကြီးကြပ်သူတချို့က ခေါ်ယူ ပြောဆိုတာတွေ ရှိနေတတယ်လို့ ပြောပါတယ်။

 

“ည ၁၂ အထိ အချိန်ပိုခိုင်းတယ်၊ ပြီးရင် ဖြစ်သလို အိပ်ရတယ်။ မနက်ဆို ဖြစ်သလို ပြန်ပဲ။ ဘာ ဖယ်ရီမှ မရတာ။ အဝေးကလာတဲ့သူဆို နီးစပ်ရာ အိမ်တွေမှာ အဝတ်အစား  အပ်ထား၊ နောက်နေ့ ဆက်ဆင်းရတယ်။ အဆိုးဆုံးက စနေကို ၆ ခွဲအထိ လုပ်ရတာ။ အဲ့နေ့ဆို တပတ်စာ ဝယ်ဖို့၊ ချက်ဖို့တွေ ရှိနေတယ်။ ဖယ်ရီက နှစ်နာရီလောက် စီးရတာ၊ အိမ်ပြန်ရောက်တော့ ၈ ခွဲ၊ ဘာမှကို ဝယ်နိုင်တာမရှိဘူး။ လူဖြစ်ရှုံးသလိုပဲ ။ အောစူပါတွေ စူပါတွေက အချိန်ပို မဆင်းရင် ခေါ်ဆူတယ်၊  တချို့ စူပါက  “ေ-ာ” ဆိုတာပါသေးတယ်။ အဲ့ထဲမှာ တက်ကနစ်ရှင်တွေက ပါသေးတယ်။ စံချိန်တောင်းလို့ မပြည့်ရင် “ေ-ာ” စကားလုံးတွေနဲ့ ။ တော်တော်ကို ခံရခက်ပါတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

 

ညနက် အချိန်ပိုတွေဆင်းရတာတွေက နေ့စဉ်မဟုတ်ဘဲ တပတ် သုံးလေးကြိမ် လုပ်ကိုင်ပေးရတယ်လို့ ပြော ပါတယ်။ ညနက်နဲ့ စနေနေ့ ၆ခွဲအထိ လုပ်ကိုင်နေရတာတွေက လွန်ခဲ့တဲ့ သီတင်းကျွတ်မတိုင် မီကတည်းလို့ အလုပ်သမားတွေက ပြောပါတယ်။ ယာဉ်ပို့ယာဉ်တွေ ကျပ်တည်းပြီး အန္တရာယ်ရှိတဲ့ အနေအထားမှာ လိုက်ပါနေရတာလို့လည်း သိရပါတယ်။ 

 

“ယာဉ်ပေါ်မှာ မိန်းကလေး၊ယောက်ျားလေးအကုန် မတ်တပ်ရပ်စီးရတယ်။ ၂၀ လောက်ဆန့်တာကို ၃၀ လောက် စီးရတော့ တို့လို့တွဲလောင်းတွေနဲ့ အရမ်းကို အန္တရာယ်များတာ။  စက်ရုံမှာနေ့စားတွေလည်း ရှိတယ်။ သူတို့ အသက်ပြည့်မပြည့်တော့မပြောတတ်ဘူး။ အကူဝန်ထမ်း(Helper) လုပ်ကြတယ်။ သူ့တို့ကတော့ ရက်မှန်ကြေး၊ ပိတ်ရက်အတွက်နဲ့ အထည် ဆုကြေးတွေ မရကြဘူး။ လုပ်ရတာတော့ အတူပါပဲ။” လို့ အလုပ်သမားတဦးက  ပြောပါတယ်။

 

စက်ရုံအတွင်း သန့်စင်ခန်းတွေက မီးသီးလုံးဝမရှိတာကြောင့် သွားလာရ အဆင်မပြေဖြစ်ရတဲ့ အပြင် ဆေးခန်းမှာလည်း သူနာပြုဆရာမနဲ့ ဆေးပစ္စည်းတွေမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အရေပေါ် အပြင်သွားဖို့ ဂတ်ပတ်စ်ယူတာနဲ့ ရှောင်တခွင့်ယူတာတွေကိုလည်း စက်ရုံဘက်က လစာ ဖြတ်တောက်  တယ်လို့ သိရပါတယ်။ 

 

“ဂိတ်ပစ်က တနာရီဆို နှစ်ထောင် ဖြတ်တယ်။ နေ့လယ်ယူရင် နေ့တဝတ်စာဖြတ်တယ်။ ရှောင်တခင်ခွင့်ကတော့ ဒေကြေးလုံးဝမရတော့ဘူး။ အကုန်ဖြတ်ထားတယ်။ အချိန်ပိုတွေ ခေါ်တော့လို့ အလုပ်သမားတွေက စက်ရုံဘက် ကိုပြောတော့ စက်ရုံဘက် နေ့စဉ် ၇ ခွဲ၊ စနေနေ့ကို ၅ နာရီ အဲလို ပြောင်းပေးမယ်ဆိုပြီး လုပ်တယ်။ ဒါက ဘယ်လို မှ အဆင်မပြေဘူး။ နေ့တိုင်းနောက်ကျမယ်။ စနေနေ့ကို အချိန်ပိုကို မခေါ်စေချင်တာ” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။

 

အချိန်ပိုနောက်ကျလို့ လမ်းခရီးမှာပဲ စစ်ဆေးမေးမြန်းတာတွေ ကြုံနေရပြီး စိုးရိမ်းထိပ်လန့်မှုတွေ ဖြစ်ပေါ် နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

လုပ်ငန်းခွင်အတွင်း အခုလို ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မြို့နယ်အလုပ်သမားရုံးကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမဲ့ လာရောက်ဖြေရှင်း မေးမြန်းတာမရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

 

Grand Forest International  App‌arel က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ရွာသာကြီး အကြီးစား  စက်မှုဇုန်၊ ဆရာစံလမ်းနဲ့ ဆင်ဖြူလမ်းဒေါင့်မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြော ပါတယ်။ စက်ရုံမှာ လုပ်သား ၁၂၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး တရုတ်နဲ့ ဂျပန်ထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ Myanmar Labour News က ရရှိထားတဲ့ အချက်အလက်တွေထဲမှာ ပြီးခဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက  Grand Forest International  App‌arel Co.,Ltd က ချုပ်လုပ်ထားတဲ့ ဂျာကင်အထည်တွေ အင်္ဂလန်နိုင်ငံဆီ ပို့ဆောင်ထားတယ်လို့ သိထားရပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026