NEWS

Gold Emperor 1 ဖိနပ်စက်ရုံ အချိန်ပိုများ အလွန်အကျွံ ခေါ်ယူသည့်အပြင် နှစ်သစ်ကူးရုံးပိတ်ရက်များပါ နားခွင့်မပေးဘဲ ခိုင်းစေနေ

CoverLogo
600 Views
Gold Emperor 1 ဖိနပ်စက်ရုံက ဝန်ထမ်းပါရှင့်။
စက်ရုံကို တရုတ်နိုင်ငံသားပိုင်ပါတယ်။ အလုပ်သမားက ၂၈၀၀ ဝန်းကျင်ရှိပါတယ်ရှင်။ စက်ရုံက ရန်ကုန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေလင်ဗန်း မီးသတ်ဝိုင်းအနီး၊ဆရာရှမ်းလမ်း မှာ ဖွင့်ထားတာပါ။
ကျွန်မတို့စက်ရုံမှာ အချိန်ပိုတွေကို အလွန်အကျွံခေါ်ပြီး ပြီးခဲ့တဲ့ နှစ်သစ်ကူးရုံးပိတ်ရက် (၂၉၊၃၀၊၃၁) ရက်တွေ လည်း မနားရပါဘူး။ နောက်ပြီးတော့ လာမယ့် (၅) ရက်နေ့ တနင်္ဂနွေနေ့လည်း ဆင်းရမယ်လို့ ပြောထားပါတယ်။ ပြောမယ်ဆို ပြီးခဲ့တဲ့နှစ် ခရစ်စမတ်နေ့ကလည်း တစ်ရုံလုံး အချိန်ပိုအိုတီ ဆင်းရပါတယ်။ တနင်္ဂနွေနေ့တွေလည်း ခေါ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း တစ်လလုံးအိုတီတွေ ခေါ်ပါတယ်။ အလုပ်သမားတွေအိုတီ မဆင်းရင် တရုတ်ဆရာတွေက ခေါ်ဆူပါတယ်။ အောစူပါတွေ၊ စူပါတွေလည်း ဆူပါတယ်။ HR မန်နေဂျာကလည်း ဝမ်တိန်ခေါ်ထိုးခိုင်းပါတယ်။ အချိန်ပိုအိုတီခေါ်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက လက်မှတ်မထိုးချင်ဘူး ပြောရင် ခေါင်းဆောင်တွေက ဖိအားပေးပြီး အတင်းအကြပ် ထိုးခိုင်းပါတယ်။ HR မန်နေဂျာ ကိုယ်တိုင်ကလည်း ဝန်ထမ်းဆွေးနွေးပွဲတွေမှာ ပြောရင်တစ်မျိုး လုပ်ရင်တစ်မျိုး လုပ်ပါတယ်။ သူဌေးဘက်လိုက်ပြီး လတိုင်းလတိုင်း အချိန်ပိုတွေ မတရားခေါ်ပါတယ်။
ဒီလိုအချိန်ပိုတွေ မတရားခေါ်နေလို့ အလုပ်သမားရုံးကို သွားတိုင်လည်း HR မန်နေဂျာနဲ့ သူဌေးရောက်လာပြီး ပိုက်ဆံအေးလိုက်တာနဲ့ အလကားပါပဲ။ မသိချင်ယောင်ဆောင်ပြီး အိုတီတွေကို ခွင့်ပြုပေးနေပါတယ်။ ဘာမှ မလုပ်ပေးပါဘူး။ ကျွန်မတို့က စားဝတ်နေရေးအတွက် သည်းခံပြီး လုပ်နေကြပေမယ့် ကြာလာတော့ ကျန်းမာရေး ထိခိုက်လာပါတယ်။
စက်ရုံအလုပ်ချိန်က မနက် (၇) နာရီခွဲကနေ ည(၇) နာရီခွဲအထိပါ။ ဒါပေမယ့် ဖယ်ရီကားတွေကို မနက် (၅) နာရီ (၅၅) မိနစ်တို့၊ (၆) နာရီတို့မှာ ထစီးရပါတယ်။ ဖယ်ရီမီဖို့အတွက် မနက်ဆို (၄) နာရီ (၄၅) မိနစ်လောက် ထချက် ရပါတယ်။ ဒီထက်ဆိုးတာက ပိတ်ရက်တွေကို အမြဲမြဲလိုလို အချိန်ပိုခေါ်နေတော့ အဆင်မပြေတော့ပါဘူး။ ကျွန်မတို့က ခေါင်းဆောင်တွေကို ကြောက်လို့ ထုတ်မပြောတာဘဲ ရှိတာပါ။ အချိန်ပိုအိုတီတွေ မဆင်းရင် ခေါင်းဆောင်တွေ လူမှတ်ပါတယ်။ ပြီးရင်မဆင်းတဲ့သူတွေကို အလုပ်မှာ အမျိုးမျိုး အဆင်မပြေအောင်လုပ်ကြတာ မခံနိုင်တော့လို့ အလုပ်ထွက်သွားတာတွေအထိ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၀လပိုင်၊ ၁၁လပိုင်းလည်း တစ်ရက်မှ မနားရပါဘူး။ အလုပ်သမားတွေ အကုန်လုံး မနားရတာပါ။ နောက် ပြီး စက်ရုံမှာ WCC ရှိပါတယ်။ ဒါပေမယ့် သူတို့ကလည်း သူဌေးဘက်ကပါပဲ။ HR မန်နေဂျာကလည်း သူဌေးဘက်ကပါပဲ။ ပြောမယ်ဆို ဝန်ထမ်းတွေဘက် ကြည့်တဲ့သူတွေ မရှိပါဘူး။ လိုင်းခေါင်းဆောင်တွေကလည်း အချိန်ပိုအိုတီ မဆင်းတဲ့သူတွေကို မှတ်ထားပြီး ကျွမ်းကျင်ကြေးတွေ၊ ဂရိတ်ကြေးတွေ ပြန်ချတာတွေအထိပါ လုပ်နေပါတယ်။

Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025