NEWS

Full Win Safety စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံပြီးလုပ်ကိုင်နေရဟုဆို

CoverLogo
1.1K Views

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ ဦးထွန်းညိုလမ်းမှာ အလုပ်သမား ၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Full Win Safety အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့အခြေအနေတွေနဲ့ အလုပ်လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ နံနက် အလုပ်ချိန် ၇ နာရီ ၁၅ မှ ည ၈ နာရီ ၄၅ အထိ လုပ်ကိုင်ရတာဖြစ်ပြီး အလုပ်သမားတစ်ဦးချင်းစီချုပ်လုပ်နိုင်တာထက် ပိုမိုတောင်းခံတာ မပြည့်ပါက အိုတီအခမဲ့ဆင်းခိုင်းတာ၊ တနင်္ဂနွေပိတ်ရက်များပါ ငြင်းဆန်ခွင့်မရှိဘဲ အိုတီဆင်းရတာ လုပ်ငန်းခွင်ထဲမှာ ဆဲဆိုရိုင်းပျစွာ အော်ဟစ်ခိုင်းစေတာ၊ ကျန်းမာရေးကိစ္စတွေ ဖယ်ရီကားပြသနာ နဲ့ အလုပ်သမားဥပဒေပါ ခံစားခွင့်ရှိသော ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ခံစားခွင့်တွေ မရရှိတာ စတာတွေချိုုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အဲ့ဒီလိုချိုးဖောက်ခံနေရမှုနဲ့ပတ်သက်ပြီး စက်ရုံဘက်မှ ဖြေရှင်းပေးခြင်းမရှိသလို လက်ရှိကြုံတွေ့နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိတ်မှိတ်ပြီးလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး DeFacto, Reserved, So Cute အမှတ်တံဆိပ်ကို ချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

အထည်ချုပ်လုပ်သမားတွေကို ချုပ်လုပ်တဲ့ အထည်စံချိန်တောင်းခံရာမှာ တစ်ဦးလျင် တစ်နာရီကို  ဝယ်လွန်အထည် ၃၅ ထည်အထိ တောင်းခံထားတာဖြစ်ပြီး သတ်မှတ်ချိန်တွင်မပြီးစီးပါက အချိန်ပိုဆင်းပေးပြီးချုပ်လုပ်ရတာဖြစ်သလို အချိန်ပိုကြေးပေးချေခြင်းမရှိဘဲ အလကားချုပ်ပေးနေရတာလို့ အလုပ်သမားကပြောပါတယ်။

"ဝယ်လွန်သားတွေက ချုပ်ရတာလက်ဝင်ပြီးခက်ခဲပါတယ်။ အဲ့တော့ အလုပ်ရှင်ဘက်ကတောင်းတဲ့စံချိန်အတိုင်းရဖို့ ခက်ခဲတယ် သူတို့က အော်ဒါအရေးကြီးတယ်ဆိုပြီး ဖိအားပေးပြီးဆင်းခိုင်းတယ် အောနိုက်၊ အောလင်း( ညလုံးပေါက်) မဆင်းမနေရ အဆက်မပြတ်ဆင်းခိုင်းတယ် အဲ့လို ၂၄ နာရီပတ်လည်ခိုင်းပြီးတာတောင် အလုပ်သမားတွေကို အနားမပေးဘဲနဲ့ ဆက်တိုက်ဆင်းခိုင်းတာတွေလုပ်ပါတယ်။ မဆင်းဘူးဆိုရင် ခွဲခြားဆက်ဆံတယ် ဆဲဆိုခံရတယ် ဘာမှလည်း ပြန်မပြောရဲဘူး"လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အလုပ်သမားကပြောဆိုပါတယ်။

အခုလိုချိုးဖောက်မှုခံစားနေရတဲ့အလုပ်သမားအနေနဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးအခြေအနေအရ အမည်နဲ့ ရာထူးနဲ့ စက်လိုင်းကို ထုတ်ဖော်ပြောဆိုဖို့ အဆင်မပြေဘူးလို့ လည်း ပြောဆိုပါတယ်။

အချိန်ပိုဆင်းရတာတွေဟာ ဧပြီလ သင်္ကြန်ကာလကနေ ယနေ့အချိန်ထိ မနားမနေဆင်းနေရတာဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့လိုနေ့မျိုးတွေမှာပါ မနားရဘဲ ဆင်းပေးနေရတာ အခါကြီးရက်ကြီးတွေမှာပါ ငြင်းဆန်လို့မရဘဲ ဖိအားပေးခြိမ်းခြောက်ပြီးဆင်းပေးနေရတာလို့ အလုပ်သမားကပြောပါတယ်။

အခုလို တရားမျှတမှုကင်းမဲ့စွာစေခိုင်းနေမှုကို ဖီဆန်ရန်ကြိုးစားပါက အလုပ်သမားခေါင်းဆောင်လည်းဖြစ် အောချုပ်လဲဖြစ်တဲ့ ကြီးကြပ်ရေးအလုပ်သမားက ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခြင်းများ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥပဒေပါခံစားခွင့် ခံစားခွင့် များ ဆေးခွင့်များ ရရှိခြင်းမရှိသလို ကျန်းမာရေးကိစ္စကြောင့် အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် စုစုပေါင်း ၂၄၈၀၀ ကျပ် ဖြတ်တောက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

"အလုပ်သမားတွေကိုတော့ ၈ လပိုင်း ၁၅ ရက်နေ့မှာ ဒေးကြေး ၅၆၀၀ ကျပ်တိုးပေးမယ်ပြောတယ် စံချိန်ကို အခုချုပ်နေတာထက် ပိုပေးရမယ်တဲ့ စံချိန်မပြည့်ရင် အိုတီအလကားဆင်းပေးပြီး စံချိန်ပြည့်အောင်ဖြည့်ပေးရမယ်တဲ့ ဒါကျွန်မတို့ရဲ့ လုပ်အားတွေကို ညှစ်ယူနေတာပဲ"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

ယခုလို အလုပ်သမားတွေရဲ့ လုပ်အားတွေကို ဈေးပေါပေါဖြင့် ရယူယုံသာမက လုပ်ငန်းခွင်ထဲမှာ ကျန်းမာရေးအပေါ့အပါးသွားရန် မဆင်မပြေဘဲ အနံ့အသက်တွေ မကောင်းတာ သန့်ရှင်းမှုမရှိတာ လက်ဆေးဆပ်ပြာမရှိတာ အလုပ်အသွားအပြန် ဖယ်ရီ အဆင်မပြေတာ စတဲ့ အခြေအနေတွေ လည်းကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026