NEWS

Food Panda Rider တွေ သပိတ်မှောက်မှုမှာ အတူ ရပ်တည်ပေးဖို့ စားသုံးသူများထံ တောင်းဆို

CoverLogo
1.8K Views

အစားသောက်ပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့ Food Panda ကနေ riders တွေ တောင်းဆိုနေတဲ့ အချက်တွေ  မရရှိမချင်း စားသုံးသူတွေအနေနဲ့ ဆက်လက်ဝန်းရံပေးကြဖို့ Riders တွေက တောင်းဆိုလိုက်ပါတယ်။

Riders တွေရဲ့ အခြေခံရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ Riders တွေ အကြား  အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ကုမ္ပဏီဘက်က အဆင်ပြေအောင်လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် ‌ဇွန်လ ၆ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်တောင်းဆိုဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

"၆ ရက်နေ့ကနေ စပြီးတော့ ကျွန်တော်တို့ အလုပ်မဆင်းသပိတ်ကို စမယ်ပေါ့နော်၊ စမယ်ဆိုတော့ riders အကုန်လုံးပါမယ်လို့တော့ မဟုတ်ဖူးပေါ့နော်၊ ဒါပေမယ့် ဟိုတစ်ခေါက်လောက်တော့ ပါနိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားထားတယ်၊ စည်းရုံးထားတယ်ပေါ့နော်၊ ဒီတစ်ခေါက် သပိတ်မှာ ကျွန်တော်တို့ customers ရဲ့ အင်အားကို လိုချင်တာ၊ customers မှာယူသုံးစွဲမှုကို ခေတ္တခန ရပ်ဆိုင်းပေးဖို့ အတွက်ကို ကျွန်တော်တို့က လိုချင်တာပေါ့နော်၊ အဓိက သပိတ်ကတော့၊ ဘာဖြစ်လို့ အဲ့ဒါကို သုံးလည်းဆိုတော့ ကျွန်တော်တို့ရုံးက ကျွန်တော်တို့ rider တွေ ကို ဂရုမစိုက်ဖူး၊ လုံးဝ အလေးလည်းမထားဘူး၊ ဘာပဲလုပ်လုပ် သူတို့ကလှည့်ကြည့်မှာ မဟုတ်ဖူးဆိုတာ ဒီဇိုင်းလေးတွေ ချိုးတယ်ပေါ့နော်၊ အဲ့တော့ သူတို့ အရမ်းဂရုစိုက်တာက customers ကိုပေါ့၊ customers ကို သူတို့ အရမ်းဂရုစိုက်တယ်၊ အထိမခံဘူးပေါ့နော်၊ customers နဲ့ ပတ်သက်ရင် သူတို့က right ဆိုတဲ့ ပုံစံအတိုင်းပဲ သူတို့က ရပ်တည်နေတဲ့ အတွက်ကို customers အားကို ကျွန်တော်တို့က တကယ်သာရခဲ့မယ်ဆိုလို့ရှိရင် ဒီတိုက်ပွဲကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်နဲ့ အောင်အောင်မြင်မြင် လုပ်လို့ရမယ်၊ ပြီးရင် ကျွန်တော်တို့ တောင်းဆိုချက်တွေကို လိုက်လျောလာနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ customers အားကို လိုချင်တာပါ" လို့ ပြောပါတယ်။

Food Panda ကုမ္ပဏီဘက်ကနေ တောင်းဆိုမှုတွေကို မလိုက်လျောပါက Riders တွေအနေနဲ့ မိမိတို့ ကိုယ်တိုင်ရပ်တည်နိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး customers တွေအနေနဲ့ Food Panda က တဆင့် အစားအသောက် မှာယူခြင်းမပြုကြပဲ မိမိတို့ ဆက်သွယ်ဖူးတဲ့ riders တွေထံ တိုက်ရိုက် ဆက်သွယ် မှာယူကာ သပိတ်မှာ ပူးပေါင်းပေးကြဖို့ ဖုန်းမက်ဆေ့နဲ့ ပန်ကြားထားကြောင်းနဲ့ တောင်းဆိုမှုတွေ မရမချင်း Food Panda နဲ့ ဆက်လက် လက်မတွဲတော့ပဲ ပို့ဆောင်ရေးလုပ်ငန်းကိုဆက်လက်လုပ်ဆောင်မယ်လို့ riders တွေက ဆိုပါတယ်။

ဇွန်လ ၆ ရက်နေ့မှာပြုလုပ်မယ့် သပိတ်နဲ့အတူ riders တွေဘက်က  တောင်းဆိုချက် ရှစ်ချက်ကိုလည်း တောင်းဆိုထားပါတယ်။

အဆိုပါ တောင်းဆိုချက်တွေဟာ အနည်းဆုံးလုပ်အားခငွေကို ၆၇၀ ကျပ်ကနေ စတင်ပြီး ပို့ဆောင်ရမယ့် ခရီးအကွာအဝေးအပေါ် မူတည်ကာတိုးမြှင့်ပေးဖို့နဲ့ အဆင့်သတ်မှတ်ချက်နဲ့အညီ တိုးမြှင့်ပေးရန်၊ ကွန်ပျူတာ ဆော့ဖ်ဝဲစနစ်နဲ့ထိမ်းချုပ်ထားတဲ့  တင်းကြပ်လွန်းတဲ့ စည်းကမ်းချက်တွေကို လျှော့ချပေးရန်၊ Riders တွေရဲ့ လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှုတွေရှိလာပါက Food Panda ကုမ္ပဏီဘက်က တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ဆောင်ရွက်ပေးဖို့နဲ့  ပြင်ပအာမခံကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီး riders တွေရဲ့ ငွေကြေးဖြင့် အာမခံ ဝယ်ယူရမည်ဆိုခြင်းအပေါ် လက်မခံဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရက်သတ္တပတ် တစ်ပတ်လျှင် တစ်ရက်ကို အလုပ်ချိန်မယူပဲ အပြည့်အဝ နားခွင့်ရှိရန်၊ ခရီးအကွာအဝေး သတ်မှတ်ရာမှာ Google Map ဖြင့်တိုင်းတာပြီး သယ်ယူသွားလာရတဲ့ အကွာအဝေးတွက်ချက်မှုကိုလည်း Google Map အတိုင်းသာ အခြေခံပြီးတွက်ချက်ပေးရန်၊ ကုမ္ပဏီဘက်က ထုတ်ပြန်လိုတဲ့ မည်သည့်အကြောင်းအရာဖြစ်စေ တရားဝင်သတ်မှတ်ထားတဲ့ Social Media နဲ့ Telegram Channel တွေကနေ တစ်ပတ်ကြိုတင် ထုတ်ပြန်ပေးရန်၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကုမ္ပဏီနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် Hot Line ဖုန်းနံပါတ် ထားရှိပေးရန်နဲ့ Riders သက်သေခံကဒ်များ ထုတ်ပေးဖို့ဆိုပြီး တောင်းဆိုထားကြပါတယ်။

ဒီတောင်းဆိုချက်တွေ မရမချင်း သပိတ်မှောက်မှာဖြစ်ပြီး စားသုံးသူတွေလည်း ပူးပေါင်းပါဝင်ပေးကြဖို့ Riders တွေက တောင်းဆိုချက်ထုတ်ပြန်ကာ အနူးအညွှတ် တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026