NEWS

Feng Teng Garment အချိန်ပိုအလွန်အကျွံခေါ်ခိုင်းစေ၊ စံချိန်အများအပြားတောင်းခံနေဟုဆို

CoverLogo
855 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ စပယ်လမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Feng Teng Garment စက်ရုံမှာ အထည်စံချိန်ကို အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံပြီး အချိန်ပိုပါ အလွန်အကျွံဆင်းခိုင်းပြီး ငြင်းဆန်ခွင့်မရှိ ဆင်းနေရလို့ အခက်အခဲဖြစ်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားဦးရေ ၅၀၀ ကျော်နဲ့ လုပ်ကိုင်နေပေမဲ့လုပ်ငန်းခွင်အတွင်းမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ပြောပါတယ်။

စက်ရုံမှာ ERC အမှတ်တံဆိပ် ဘောင်းဘီအထည်တွေချုပ်လုပ်ရတာဖြစ်ပြီး လူ ၃၀ ရှိတဲ့ စက်လိုင်းတစ်လိုင်းမှာ တနာရီကို ဘောင်းဘီအထည် ၄၅ ထည်အပြီးချုပ်လုပ်ရန် သတ်မှတ်ထားပြီး စံချိန်မပြည့်ပါက ရိုင်းစိုင်းစွာဆဲဆိုတာတွေ ပြုလုပ်နေလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ အကြီးအကဲဖြစ်သူ တရုတ်အမျိုးသမီးမှ အလုပ်သမားတွေကို ကိုယ်တိုင် ခိုင်းစေသလို ဆဲဆိုမှုတွေ ပြုလုပ်ပြီး အောစူပါ နဲ့ စူပါတွေကိုပါ ဆဲဆိုရန် ခိုင်းစေနေတယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမား တွေခိုင်းစေနေပြီး ပိတ်ရက်အတွက် အခကြေးငွေမရဘဲ၊ အလုပ်လုပ်ရတဲ့ ရက်အတွက် ဒေးကြေး ၅၈၀၀ ကျပ်သာရှင်းပေးပြီး ၊ ကလေးလုပ်သားတွေကိုလည်း အခွင့်အရေးချိုးဖောက်ကာ ခိုင်းစေနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"နေ့စားအလုပ်သမားတွေကို ၃ လပြည့်သွားလည်း အတည်ပြုမခန့်ဘဲ ခိုင်းနေတာ တချို့ဆို ၃ လပြည့်တာနဲ့ဘာနစ်နာကြေးမှ မပေးဘဲနဲ့အလုပ်ထုတ်တာခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ချိန်က တနင်္လာနေ့မှ သောကြာနေ့အထိ ကို နံနက် ၈ နာရီမှ ည ၈ နာရီ ၃၀ အထိ အချိန်ပို တနေ့ကို ၄ နာရီ ဆင်းပေးရပြီး စနေနေ့မှာတော့ ညနေ ၄ နာရီ ၃၀ ထိ ဆင်းရတယ်လို့ ပြောပါတယ်။

"အလုပ်သမားတွေက အမြဲတမ်း ည ၈ နာရီ ၃၀ ထိ အလုပ်ဆင်းရလို့ အိမ်ရောက်မှ ချက်ပြုတ်စားသောက်ရတာ ပင်ပန်းလို့ နေထိုင်မကောင်းဖြစ်ရင် ဆေးခွင့်ယူလို့မရဘူး အရေးပေါ်ကိစ္စရှိလို့ ရှောင်တခင်ခွင့် ယူရင်လည်းမပေးဘူး အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၄၈၀၀ ထောက်ပံကြေး ၁၀၀၀ ရက်မှန်ကြေး ၁၀၀၀၀ စုစုပေါင်း ၁၅၈၀၀ အဖြတ်ခံရတယ်"လို့ ပြောပါတယ်။

လူမှုဖူလုံရေးကြေး လစဉ်ထည့်ဝင်ရပေမဲ့ လူမှုဖူလုံရေးခံစားခွင့်တွေမရတဲ့အတွက် နစ်နာနေရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားတွေအသုံးပြုတဲ့ အိမ်သာတွေ သန့်ရှင်းမှုမရှိတာ, ပျက်စီးနေတဲ့ အိမ်သာတွေကို ပြုပြင်ပေးတာမရှိတဲ့အပြင် ဆေးခန်းမရှိတဲ့အတွက် ဖျားနာပါကအပြင်ဆေးခန်းသွားရန် ဂိတ်ပက် မပေးတာတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။

"အလုပ်ပျက်ရင် အလုပ်ထွက်လိုက်ဆိုပြီး တရုတ်အမျိုးသမီးပြောတယ် စက်ရုံထဲမှာ မိုက်ကြီးနဲ့အော်ပြီတော့ အကုသိုလ်တွေမပေးကြနဲ့ မလုပ်ချင်ရင်ထွက်သွားကြ ဆိုပြီး ဆဲဆိုနေတာ ၊အလုပ်ထွက်သွားတဲ့ အလုပ်သမားတွေကို လဲ လစာအပြည့်ရှင်းမပေးဘဲနဲ့ တိုင်ချင်တဲ့နေရာတိုင်ဆိုပြီးပြောသေးတာ အလုပ်ခွင်က ဘာတရားမျှတမှု ဘာဂုဏ်သိက္ခာမှကိုမရှိတာ"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို တဖက်သက် သတ်မှတ်တောင်းခံတာ ၊ အချိန်ပိုကို အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲခိုင်းစေတာ လူမှုဖူလုံရေးခံစားခွင့်တွေမရတာ တွေအတွက် ဖြေရှင်းပေးဖို့ အောက်ပါအချက်တွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားများတောင်းဆိုချက်တွေအနေနဲ့ 
၁။ တရုတ်အမျိုးသမီးမှ ကိုယ်တိုင်အုပ်ချုပ်ခြင်း မပြုလုပ်ရန်နှင့် ဆဲဆိုခြင်းမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ဆေးခွင့်၊ ရှောင်တခင်ခွင့် ခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက် အလုပ်သမားများအသုံးပြုသော အိမ်သာကိုသန့်ရှင်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် ပျက်စီးနေသောအိမ်သာကို ပြုပြင်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီများခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒကို မေးမြန်းပြီးမှခေါ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အထည်စံချိန်များကို အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံခြင်း ရန်စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026