NEWS

Dong Chen Handbag စက်ရုံမှူး ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ကြီးကြပ်ရေးမှူးများမှ ဆဲဆို ခိုင်းစေ

CoverLogo
375 Views
 
Dong Chen Handbag(Myanmar)Co.,Ltd စက်ရုံအလုပ်သမားတွေကို နိုင်ငံခြားသား စက်ရုံမှူးနဲ့ ကြီးကြပ်ရေးမှူး တွေက ကိုယ်ထိလက်ရောက် ရိုက်နှက်ပြီး ဆဲဆိုတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ညီမလေးတို့ စက်ရုံမှူးက ပိုဆိုးတယ်။ ဆဲတယ်။ လက်တွေနဲ့တောင် ရိုက်တယ်။ တချို့ အလုပ်သမားတွေဆို ဘယ်သူမှ မပြောပြတော့ဘူး ငိုယိုပြီးထွက်သွားရတာတွေရှိတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှူးရဲ့ ကိုယ်ထိလက်ရောက်ပြုမူတာနဲ့ ပတ်သက်ပြီး ပိုင်ရှင် ဖြစ်သူကို တိုင်ကြားခဲ့ပေမဲ့ စက်ရုံဘက် က အရေးယူဆောင်ရွက်တာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှူးက တရုတ်နိုင်ငံသား ။ လက်ထဲမှာဆေးလိပ်ကြီးနဲ့။ စာရေးမတွေ ၊ စူပါတွေကို မျက်နှာကို စာရွက်တွေနဲ့ ကောက်ပေါက်တယ်။ လက်ငိူ ရိုက်တယ်။ ပစ္စည်းတွေနဲ့ပေါက်တယ်။ ထိုးတယ်။ အဲလိုမျိုးပုံစံတွေ ။စက်ရုံက ယောက်ျားလေး နည်းတယ်။ အဲဒါကြောင့်မို့ စက်ရုံမှူးက ဆိုးနေတာ။ အဲလို့ လုပ်နေပေမဲ့ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် မလုပ်နဲ့။ ငါတို့က ဒီလိုမျိုးပဲ” ဆိုပြီးတော့ ပြောတာ။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေကို ကြီးကြပ်ရေးမှူးတွေကဆဲဆိုပြီး စက်ရုံတာဝန်ရှိသူတွေကို တိုင်ကြား ပေမဲ့ အရေးယူဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် တိုင်ကြားသူတွေရဲ့ အမည်တွေကို ဖော်ထုတ်ပြောဆိုတာကြောင့် ပိုမို ဖိနှိပ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်ညှပ်ဌာ အောစူပါ က အရမ်းဆဲတယ်။ တိုင်လည်းခဏပဲ ဘာမှ မပြောင်းဘူး။ HR တွေကို အကြောင်း ကြားတယ်။ သူတို့က ညီမတို့ကို ဖြေသိမ့်တယ်။ ပြီးတော့ ဘယ်သူဘယ်ဝါ လာတိုင်တယ်ဆိုတာကို အောစူပါကို ပြန်ပြောတယ်။ အဲလို သိတော့ ဖိနှိပ်ခံရတယ်။ ပိုဆိုးတယ်။”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“လက်ရှိ လိုင်း နံပါတ် ၃ က စူပါနဲ့ စားရေး၊ လိုအထည်ညှပ်က အောကြီးရယ်၊ စာရေးမရယ်၊ စူပါရယ် အရမ်း ဆိုးတယ်။ အရမ်းဆဲတယ်။ လိုင်း ၈ က အောစူပါလည်း အရမ်းဆဲတယ်။ ပြောတယ် ဆိုတယ်။ ဒါပေမဲ့ သူတို့ကို ညီမလေးတို့က ဘယ်သူ့ကိုအားကိုးပြီး ဘယ်သူ့ကိုပြောလို့ ပြောရမှန်းမသိဘူး။” လို့ ပြောပါတယ်။
 
ရိုက်နှက်ဆဲဆိုခံရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ၊ အလုပ်အကိုင်နှင့် ငွေကြေးဆိုင်ရာ ထိခိုက်မှု ၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု တွေ ဖြစ်ပေါ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ဘယ်လို ကိုယ်ထိလက်ရောက် ကျူးလွန်မှုမျိုးမဆိုဟာ လုံးဝလက်မခံနိုင်တဲ့ လုပ်ငန်းခွင် အကြမ်းဖက်မှု (Workplace Violence) ဖြစ်ပြီး၊ ရာဇဝတ်မှုလည်း မြောက်သလို၊ အလုပ်သမားဥပဒေတွေကိုပါ ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမားရေးလှုပ်ရှားတွေက ပြောပါတယ်။
 
ဒါ့အပြင် သက်ဆိုင်သူတွေကို တရားစွဲဆိုနိုင်တဲ့ အပြင် မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီးနဲ့ အလုပ်သမားဥပဒေတွေအရ အရေးယူခံရနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောထားပါတယ်။
 
Dong Chen Handbag(Myanmar)Co.,Ltd အိတ်ချုပ် စက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ် Zera အပါအဝင် တခြား အိပ်မျိုးစုံလည်း ချုပ်နေပါတယ်။ စက်ရုံကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ စက်မှုဇုန် ၂ ၊ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းမှာ ရှိပါတယ်။

Related posts

Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026