NEWS

CHIMEI အောစူပါ ရိုင်းဆိုင်းစွာ ဆဲဆိုပြီး အချိန်ပို ဆင်းခိုင်း

CoverLogo
619 Views
 
ရွှေပြည်သာစက်မှုဇုန် ၁၄ လမ်းဆုံအနီးက CHIMEI Garment စက်ရုံက QC အောစူပါက အလုပ်သမားတွေ အချိန်ပို မဆင်းတာနဲ့ လုပ်ငန်းခွင်အတွင်းမှာလည်း ရိုင်းဆိုင်းစွာ ဆဲဆို ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အချိန်ပိုမဆင်းခင်တော့ မဆင်းနိုင်တဲ့အကြောင်း သူ့ကို ပွင့်ပွင့်လင်းလင်းပြောဆိုလို့ ပြောခဲ့တာပါ။ တကယ် လည်း မဆင်းနိုင်လို့ စာရင်းမထည့်တာနဲ့ မဆင်းတာနဲ့ မီတင်ခေါ်ပြီး ပိုးဆိုးပတ်ဆက်ပြောတယ်၊ ဆဲတဲ့ စကားလုံး တွေကို သုံးပြီးပြောတာပဲ။ အောစူပါ ကိုယ်တိုင်တော့ အဲဒီအချိန်ပိုတွေ မဆင်းပါဘူး။ ည ၆ခွဲဆို ပြန်တော့တာပဲ ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
QC ဌာနက နေ့စဉ်လိုလို ည ၈ နာရီခွဲ ဒါမှမဟုတ် အောနိုက်(ည၁၂ နာရီ) အထိ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ ဌာနအလုပ်သမား ၃၀ ဝန်းကျင်က အလှည့်ကျမဟုတ်ဘဲ အချိန်ပိုကို အမြဲ လုပ်ကိုင်နေရတာကြောင့် ကျန်းမာရေးပြသနာတွေပါ ကြုံနေရတယ်လို့ ဆိုပါတယ်။
“နေမကောင်းလို့ ၊ ဖျားလို့ ဆေးခန်းဖို့ ဂိတ်ပတ်စ်တောင်းလဲ အဆဲခံရတယ်။ နေမကောင်းလို့ အိုတီ ငြင်းတော့ လည်း အလုပ်က ထွက်ဆိုပြီး ပြောတယ်။နောက် ပြန်ဆင်းတဲ့နေ့ အိုတီးကြေးထက် နှစ်ဆပြန်ပေးရမယ် ဆိုပြီး လည်း ခြိမ်းခြောက်တယ်။ အဲလို ပြောလို့ အလုပ်ထွက်ရတာတွေလည်း များတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
အိုတီဆင်းရတိုင်း စက်ရုံဘက်က ထမင်းကျွေးပြီး အပြန်အတွက် ကြိုပို့ယာဉ်တွေ စီစဉ်ပေးထားပေမဲ့ အမျိုးသမီး အလုပ်သမားတွေမှာ လုံခြုံရေးစိုးရိမ်တာနဲ့ အဆောင်အဝင် ခက်ခဲတာတွေ ကြုံရတယ်လို့ ပြောပါတယ်။
“တနင်္ဂနွေ အိုတီမဆင်းကြဘူးဆိုတာနဲ့ သူက အပြစ်ပေးပုံစံနဲ့ တနင်္လာနေ့မှာ အောနိုက် ဆင်းခိုင်းတယ်။ ၁၂ လောက်မှ ပြန်ရတယ်ဆို မိန်းလေးတွေဆိုတော့ စိုးရိမ်ကြတာပေါ့။ တချို့အဆောင်တွေကြတော့ တံခါးဖွင့် မပေးတော့ အဆောင်ရှေ့မှာပဲ ငုတ်တုတ်ထိုင်နေရတော့တာ။ “ လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
အလုပ်သမားတွေကို QC အောစူပါက ကိုယ်ထိ လက်ရောက် ပြုမှုတဲ့ အပြင် တခြား အမျိုးသားအလုပ်သမားတွေရှေ့မှာပဲ ဆဲဆိုလို့ အမျိုးသမီး လုပ်သားတွေမှာ အရှက်ရကြပြီး လုပ်ငန်းခွင်ကို စွန့်ခွာမှုတွေ ရှိနေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
“QC ဌာနမှာ ယောက်ျားလေး လုပ်သားက တယောက်ပဲ ရှိတယ်။ ဘေးမှာ မီးပူ၊ ထုတ်ပိုး ဌာနတွေက အမျိုးသားတွေပဲ။ နောက် တံဆိပ်ဘက်က QC အမျိုးသားတွေလည်းရှိတတ်တယ်။အဲလိုလူတွေရှေ့ အပြော ခံရတော့ တချို့အမျိုးသမီး အလုပ်သမားတွေ ရှက်ကြပြီး အလုပ်ကို မလာကြတော့ဘူး။ တချို့ဆို ရှက်လွန်းလို့ ငိုရတဲ့ အထိပဲ ။ နောက် အလုပ်သမားတွေ အငြိုးတကြီးနဲ့ကို ဆံပင်ဆွဲတယ်၊ ခေါင်းခေါက်တယ် ။ ကိုယ်ထိလက်ရောက်လုပ်တယ်။ အလုပ်သမားတွေက ဝမ်းရေးကြောင့် သည်းခံနိုင်သလောက် လုပ်နေရတာ။ မခံနိုင်လို့ သူ့ပယောက ကြောင့် အလုပ်ထွက်ရသူတွေ များလာတာ ” လို့ ပြောပါတယ်။
QC ဌာနမှာ အောစူပါတဦး၊ စူပါတဦး၊ လီတာ နှစ်ဦး နဲ့ အလုပ်သမား ၃၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး ပိုင်ရှင်ကတော့ တရုတ်နိုင်ငံသား ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း WCC အဖွဲ့ ဖွဲ့စည်းထားတာမရှိဘဲ တီရှပ်၊ ဘောင်းဘီအတိုတွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026