NEWS

BOGART LINGERIE (yangon)တွင်အထည်စံချိန်အလွန်အကျွံတောင်းခံနေပြီး မပြည့်မီပါက အလုပ်ချိန်မတိုင်ခင်ကြိုတင်ခိုင်းစေနေ

CoverLogo
1K Views

တရုတ်နိုင်ငံသားပိုင် BOGART LINGERIE (yangon)တွင်အထည်စံချိန်‌တွေ အလွန်အကျွံတောင်းခံနေပြီးမပြည့်မီပါက ကျန်ရှိတဲ့အထည်ကိုအ‌‌ကြွေးမှတ်ကာ အလုပ်ချိန်မတိုင်ခင်ကြိုတင်ချုပ်လုပ်ခိုင်းနေတယ်လို့အလုပ်သမားတွေကပြောပါတယ်။

ဒီစက်ရုံကိုတော့လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း၊ အမှတ်၁၁၄ မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။

လုပ်သားအင်အားတစ်ထောင်ကျော်နဲ့လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီးfemina bareအမှတ်တံဆိပ်တွေကိုချုပ်လုပ်နေတာဖြစ်ပါတယ်။လုပ်ငန်းခွင်မှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

"စက်လိုင်းတစ်လိုင်းမှာစူပါ၊ ဟက်ပါ၊ စက်သမား၊ စာရေးမအပါမှလူ(၃၀)ရှိပါတယ်။အဲဒါကိုတစ်နာရီကိုအထည်စံချိန်(၅၀)တောင်းပါတယ်။အထည်စံချိန်ကိုစူပါတွေကလည်း အလုပ်ရှင်အကြိုက်လိုက်ပြီးမတရားတောင်းနေပါတယ်။သူတို့တောင်းတဲ့စံချိန်မပြည့်ရင်စူပါတွေကအထည်အကြွေးမှတ်ပြီးနောက်နေ့ဆိုအလုပ်မတက်ခင်အထည်အကြွေးချုပ်ပေးဖို့အောစူပါတွေကစက်လိုင်းထိပ်ကအော်ပြီးခိုင်းပါတယ်။အထည်စံချိန်တောင်းရင်လည်းဆဲ‌ဆိုပါတယ်။ရိုင်းရိုင်းစိုင်းစိုင်းပြောပါတယ်။လူတစ်ယောက်ကစက်နှစ်လုံးလောက်ချုပ်ရပါတယ်။QC တွေကိုလည်းကြောက်ရပါတယ်။ပဲထည်ကျရင်လည်းအပြောခံရပါတယ်။ပဲထည်မထိအောင်ထိန်းချုပ်ရင်လည်းစံချိန်မရလို့ဆဲခံရပါတယ်။ရုံပေါ်ခေါ်ပြီးဝမ်တိန်ထိုးရပါတယ်။ခြိမ်းခြောက်ပြောဆိုခံရပါတယ်"လို့စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံမှာအလုပ်ချိန်ကိုနံနက်(၇)နာရီခွဲကနေည(၇)နာရီ၁၅မိနစ်အထိပုံမှန်ဆင်းရပြီးအချိန်ပိုအိုတီတွေကိုလည်းအလုပ်သမားတွေသဘောတူညီချက်မမေးဘဲ ရုံးပေါ်ကမိုက်အသုံးပြုကာအလုပ်သမားရုံးကခွင့်ပြုချက်နဲ့ခေါ်တာလို့အော်ပြောတယ်လို့သိရပါတယ်။

အချိန်ပိုမဆင်းရတဲ့အလုပ်သမားတွေကိုအလုပ်ချိန်ပြီးခါနီးမှအချိန်ပိုမခေါ်တာအသိပေးပြီးဖယ်ရီကားမပေးဘဲမိမိအစီအစဉ်နဲ့ပြန်ခိုင်းနေတာဖြစ်ပါတယ်။

"အဝေးကအလုပ်သမားတွေအချိန်ပိုမဆင်းရလည်းဖယ်ရီမစီစဉ်ပေးဘူး။ကိုယ့်ဘာသာပြန်ချင်ပြန်မပြန်နိုင်ရင်အိုတီသမားတွေဆင်းမှပြန်ရပါတယ်။ရုံးပိတ်ရက်တွေ၊ အခါကြီးရက်ကြီးတွေလည်းအချိန်ပို‌တွေမဖြစ်မနေဆင်းခိုင်းပါတယ်။တန်ဆောင်မုန်းလပြည့်နေ့လည်းမဖြစ်မနေအလုပ်ဆင်းရပါတယ်။ခွင့်ခံစားခွင့်တွေလည်းဘာမှမရပါဘူး။နေမကောင်းရင်လည်းဆေးခန်းကလက်မှတ်ထိုးပေးမှပြန်ရပါတယ်။ဆေးခန်းကလည်းဖျားနာပြီးသတိလစ်မှပြန်လွှတ်တာပါ။ညနေ(၄)နာရီအလုပ်ပြီးလို့ပြန်လွှတ်ရင်လည်းဂိတ်ပတ်စာရွက်နဲ့ပြန်ရပါတယ်။ဂိတ်ပတ်က(၁၅)ယောက်လောက်ကိုပေါင်းပြီးမှဖြတ်ပေးတာပါ။လုံခြုံရေးကလည်း(၁၅)ယောက်မပြည့်ရင်ပြန်မလွှတ်ပါဘူး။တစ်ချို့ဆိုမိနစ်(၂၀),လောက်စောင့်ပြီးမှအပြင်ထွက်ရပါတယ်"လို့စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံမှာအလုပ်ရှင်၊ အလုပ်သမားသဘောတူညီချက်နဲ့ချုပ်ဆိုရတဲ့အလုပ်ခန့်ထားမှု‌ဆိုင်ရာသဘောတူစာချုပ်ကိုမချုပ်ရသေးတဲ့အလုပ်သမားအများအပြားရှိနေပြီးအလုပ်ရှင်ဘက်ကငွေကြေးဖြတ်တောက်တာတွေကိုလည်းအလုပ်သမားတွေသဘောတူညီမှုမရှိဘဲလုပ်ဆောင်နေပါတယ်။

"ဂိတ်ပေါက်မှာကြာနေရင်ဖယ်ရီကမစောင့်ဘူးထွက်ပါတယ်။အဲဒီ‌တော့ကိုယ့်ဘာသာပြန်ရပါတယ်။နောက်စက်ရုံမှာရှောင်တခင်ခွင့်ယူလည်းထောက်ခံချက်တောင်းပါတယ်။နောက်ပြီးဒေးကြေး၊ထောက်ပံ့ကြေး၊ရက်မှန်ကြေးတွေကိုတပြေးညီမပေးပါဘူးဂရိတ်ခွဲပြီးပေးပါတယ်။ရက်မှန်ကြေးဆိုရင်တစ်သောင်းခွဲလေးသောင်းထိပေးပါတယ်"လို့အလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့လုပ်ငန်းခွင်းကချိုးဖောက်ခံရတာတွေကိုမြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM)ကိုဆက်သွယ်အကူအညီတောင်းခံထားတာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ဥပဒေပါခံစားခွင့်များရရှိရေး၊ အလုပ်သမားများသဘောတူညီမှုမရှိဘဲပိုက်ဆံမဖြတ်တောက်ရေး၊ အလုပ်သမားများချုပ်နိုင်စွမ်းရှိတဲ့အထည်စံချိန်တောင်းခံရေး၊တစ်ဖက်သတ်တောင်းခံနေတဲ့စံချိန်တွေကိုအထည်အကြွေးမသတ်မှတ်ရေး၊အောစူပါတွေဆဲ‌ဆိုတာနဲ့ရိုင်းစိုင်းစွာမလုပ်ဖို့တားမြစ်ပေးရေး၊ နေ့ထူးနေ့မြတ်တွေမှာအချိန်ပိုမခေါ်ရေးနဲ့ဖယ်ရီအခက်အခဲကိုဖြေရှင်းပေးရေးစတာတွေကိုလိုလားနေတာဖြစ်ပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026