NEWS

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးစေလိုဟုဆို

CoverLogo
23 Views
 
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM မှ ကူညီဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါတယ်။
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံသည် အမှတ် - ၊ မင်းကြီးမဟာ မင်းခေါင်လမ်း ၊ ရွှေသံလွင်စက်မူဇုန်၊ လှိုင်သာယာ မြို့နယ်တွင် ဖွင့်လှစ်ထားပါတယ်။
 
ပိုင်ရှင်မှာ တရုတ်နိုင်ငံသားဖြစ်ပါတယ်။ ချုပ်လုပ်သည်များမှာ ONLY, PImKIe, FIRST DOWN, JaVa, a.v.v, niko and…, Field Gear Club တံဆိပ်များ ဖြစ်သည့် ဘောင်ဘီ၊ အင်္ကျီများ ချုပ်လုပ်ပါတယ်။
ဖြစ်စဥ်ကိုတင်ပြလိုပါတယ်။
 
Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံသည် အလုပ်သမား ၉၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်နေသော စက်ရုံဖြစ်ပါတယ်။
အဓိက တိုင်ကြားလိုသည်မှာ "လုပ်ငန်းခွင်အတွင်း အထည်စံချိန်များကို တောင်းခံရာတွင် ခွဲခြားဆက်ဆံခြင်းပြုလုပ်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်း၊ မိုက်ကြေးခွဲ တောင်းခြင်းများ" ပြုလုပ်နေပါတယ်။
 
စက်ရုံဘက်က သက်မှတ်သည့် အထည်စံချိန်ကို မရဘူးဆိုလျှင် အော်စူပါတွေ၊ စူပါတွေက အော်ဟစ်ဆဲဆိုပြီးတောင်းပါတယ်။
 
အထည်ကို မတရားတောင်းလို့ မရနိုင်ဘူးလို့ ပြန်ပြောတဲ့ အလုပ်သမားတွေဆိုလျှင် အော်စူပါ၊ စူပါများက ပိုပြီးဖိနှိပ်တယ်၊ အလုပ်သမား အနားသွားပြီး ဆဲဆိုပြောဆိုတာတွေလုပ်ပါတယ်။ သူတို့နဲ့ တည့်တဲ့အလုပ်သမားတွေဆိုလျှင် လုပ်ချင်တာလုပ် ဘာမှ မပြောပါဘူး။
 
အော်စူပါတွေ၊ စူပါတွေက အထည်ချုပ်တာကို အလုပ်သမားမသိအောင် မီနစ်ဖြင့်မှတ်ထားပါတယ်။
မှတ်ပြီး သူတို့ဘာသာတွက်ချက်ပြီး တစ်နေ့ကို အထည်ဘယ်လောက်ထွက်ရမယ်၊ တစ်နာရီကို အထည်ဘယ်လောက်ပေးဆိုပြီးတောင်းကြတာ ဖြစ်ပါတယ်။
 
အလုပ်သမားများအနေဖြင့် "နေမကောင်းတဲ့ နေ့ရှိတယ်၊ အလုပ်ပင်ပန်းတဲ့နေ့ရှိတယ်၊ အထည်အရေးအတွက်က သူတို့ဘာသာမှတ်ချင်သလိုမှတ်ပြီး တောင်းနေတာဖြစ်တဲ့အတွက် သူတို့ တောင်းသလောက်မပေးနိုင်ပါဘူး။ အဲ့အခါကျလျှင် လိုင်းအလိုက်၊ ဌာနအလိုက် အော်စူပါ၊ စူပါတွေက အော်ဟစ်ဆဲဆိုကြပြီးတောင်းတယ်၊ အစည်းအဝေးတွေခေါ်တယ်၊ အစည်းအဝေးတွေမှာလည်း နား မခံနိုင်အောင်ပြောဆိုလုပ်တယ်၊ အဲ့လိုပြောလို့ မခံနိုင်လို့ ဒီလိုမပြောပါနဲ့ ကျွန်တော်တို့၊ ကျွန်မတို့ လုပ်နေတာ အမြင်ပဲလေ ပြန်ပြောလျှင် "မင်းတို့က ဘာတွေမို့လို့ ပြန်ပြောတလဲ၊ ကြိုက်သလိုရှင်းလို့ရတယ်၊ စက်ရုံထဲမရှင်းခြင်းလျှင် အပြင်မှာရှင်းလို့ရတယ်၊ အလုပ်ခန့်ထားမှုစာချုပ်နဲ့ နင်တို့ကို အရေးယူလို့ရတယ်၊ ငါကို လာခံမပြောနဲ့ ဆိုပြီး မလျော်သြဇာတွေသုံးပြီး ပြောဆိုလုပ်ပါတယ်"
 
"အထည်စံချိန်မရတာတော့ အမျိုးမျိုးဖိနှိပ်ပြီး ခြိမ်းခြောက်ပြီးတောင်းတယ်။ ဌာနအလိုက်မှ အလုပ်သမား လိုအပ်နေတာကိုတော့ ဖြည့်တင်းပေးတာမရှိပါဘူး။ တချို့စူပါတွေက လုပ်သား လိုအပ်ချက်ရှိလို့ တောင်းတာရှိပါတယ်။ စက်ရုံဘက်က အလုပ်သမားခေါ်တာမျိုး မလုပ်ပေးပါဘူး။ စက်ရုံထဲက အလုပ်သမားတွေကို အရေးကြီးတဲ့ လိုအပ်တဲ့လိုင်း၊ လိုအပ်တဲ့ဌာနသို့ လက်ရှိလုပ်နေတဲ့ အလုပ်ကိုထားခဲ့ပြီး လိုင်းတွေ၊ ဌာနတွေကို သွားရောက်လုပ်ကိုင်ရပါတယ်။
 
သွားရောက် လုပ်ကိုင်ပေးရသည့် စက်လိုင်း၊ ဌာနတွေက ကူပေးတာကို သတ်မှတ်စံချိန်မရလျှင် ပြောဆိုလုပ်တာတွေ လုပ်ပါတယ်။ လိုအပ်တဲ့ အလုပ်သမားတော့ ထပ်မခေါ်ပါဘူး။ စက်ရုံဘက်မှ တောင်းသလောက်ကို အော်စူပါ၊ စူပါတွေက အလုပ်သမားတွေကိုပဲ ဖိအားပေးပြီး အတင်းအဓမ္မတောင်းပါတယ်။
 
ဘယ်လိုတွေဖိအားပေးသလဲဆိုလျှင် နင်တို့ အထည်မပြည့်လျှင် မုန့်ထွက်မစားကြနဲ့၊ ထမင်းမစားကြနဲ့ ပြည့်အောင်လုပ်ကြဆိုတာမျိုး၊ ဆဲဆိုတာတွေလုပ်ပြီး ဖိအားပေးပြောဆိုတာတွေပါ။
 
ဒီလိုတောင်းခံမှုတွေ ရှိတဲ့ အတွက် တချို့အလုပ်သမားတွေဆိုလျှင် ထမင်းထွက်မစား၊ မုန့်စားလွတ်ချိန်ထွက်မစားပဲ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေရှိပါတယ်။
 
ကျွန်တော်တို့၊ ကျွန်မတို့အနေဖြင့် နေ့စဉ်နဲ့အမျှ ဆဲဆိုမှုများ၊ ခြိမ်းခြောက်မှုများ၊ ခံနေရပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာလည်းမရှိတော့ပါဘူး။ ဒီလို အော်ဟစ်ဆဲဆိုပြီး လူမိုက်လို မိုက်ကြေးခွဲ ပြောဆိုဖိနှိပ်မှုများ ပြုလုပ်သည့် အော်စူပါ၊ စူပါတွေ တာဝန်ခံတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေလိုပါတယ်။
 
အလုပ်သမားတွေအနေဖြင့် တခါတလေ အကြောင်းကိစ္စရှိလို့ အချိန်ပိုခေါ်တာကို ဒီနေ့ မဆင်းသဖြင့် ဂိတ်ပတ်တောင်းလျှင် နောက်ရက်တွေကို အချိန်ပို ပေးမဆင်းကြောင်းပြောပါတယ်။
 
အလုပ်သမားများ အနေဖြင့် ယနေ့ လုပ်ခနှင့် စားလောက်နေတာ မဟုတ်ပါ။ အချိန်ပိုဆင်းတာတောင် လကုန်လို့ မိသားစုစားဝတ်နေရေးက လောက်တာမဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မဆင်းနိုင်လို့ ဂိတ်ပတ်တောင်းပြန်လျှင် နောက်နေ့အချိန်ပိုမခေါ်ဘူး။ နေ့တိုင် အလုပ်ချိန်ပြီးတာနဲ့ ပြန်ရမယ်ဆိုပြီး ဖိအားပေးပြောဆိုတာတွေရှိသလို ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းပြီး ပြောတာကိုလည်း ခံစားနေကြ ရပါတယ်။
 
စတိုတွင် လုပ်ငန်းသုံးပစ္စည်းများလိုအပ်လို့ သွားရောက်လဲ ပါက ပစ္စည်း လဲပေးသည့် တာဝန်ခံသည် ပစ္စည်းများလဲသည်အခါ မချေမငန်းတွေ စကားကိုပြောဆိုခြင်း၊ အလုပ်သမားများ အနေဖြင့် စက်ပစ္စည်းများကို ကိုင်တွယ်သုံးနေရသည်အတွက် တချို့ပစ္စည်းတွေသည် လဲရမည်ကို လဲမသုံးလျှင် လုပ်ငန်းခွင်အန္တရာယ်ရှိပါတယ်။ လိုအပ်လို့ လဲသည်ကို မလဲပေးတာရှိသလို လဲပေးသည် အခါလည်း မချေမငန်း ပြောဆိုခြင်းများ ပြုလုပ်ပြီးပေးပါတယ်။
 
စက်ရုံအနေဖြင့် "လုပ်ခလစာတိုးပေးရန် သတ်မှတ်ချက်စာများကို သက်ဆိုင်ရာရုံးတွေက ချမှတ်လာသည်ရှိပါက စက်ရုံမှ ယခုပေးထားသည့် ထောက်ပံ့ကြေးထဲမှ လျော့ချမည်။ ထောက်ပံ့ကြေး လျော့ချမည်ကို သဘောတူကြောင်း " အလုပ်သမားအားလုံးကို လက်မှတ်ထိုးခိုင်းပါတယ်။
 
စက်ရုံ တာဝန်ရှိသူများအနေဖြင့် လျှော့ချခြင်းလုပ်ရသည့် အကြောင်းအရာ၊ သတ်မှတ်ချက်မရှိ၊ အလုပ်သမားများကို သေချာရှင်းပြခြင်း၊ ဆွေးနွေးခြင်း၊ သဘောထားမေးမြန်းခြင်း မရှိပဲ အော်စူပါတွေ၊ စူပါတွေကို ခေါ်ပြီး အလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းခြင်းဖြစ်ပါတယ်။
 
အလုပ်သမားများ အနေဖြင့် အကြောင်းအရာကို သေချာသိလို၍ မေးမြန်းခြင်း၊ စာရွက်မှာရေးထားသည်များကို ပေးဖတ်ဖို့ တောင်းသည့်အခါ အော်စူပါ၊ စူပါတွေ၊ တာဝန်ခံတွေက စာကိုမဖတ်ခံပဲ လက်မှတ်ထိုးဖို့ကိုသာ အတင်းဖိအား ပေးထိုးခိုင်းပါတယ်။ အလုပ်သမားတချို့ကလည်း လက်မှတ်မထိုးပေးနိုင်ဘူးဆိုပြီး ထိုးပေးထားခြင်းမရှိ ပါဘူး။ အလုပ်သမားများ အနေဖြင့် လက်ရှိ ကုန်ဈေးနှုန်း၊ ရတဲ့လစာမလောက်လို့ မတိုးပေးလို့ ဆန္ဒပြ၊ တောင်းဆိုမှု လုပ်ထားလို့ တိုးပေးထားတဲ့ ပိုက်ဆံဖြစ်ပါတယ်။
 
ထို့တွက်ကြောင့် ကျွန်တော်၊ ကျွန်မတို့အနေဖြင့် တောင်းဆိုလိုသည်မှာ စက်ရုံဘက်မှ သက်မှတ်ချက် များကို ပွင့်လင်မြင်သာစွာ ချပြဆွေးနွေးရန်နှင့် လက်မှတ်မထိုးသည့် အလုပ်သမားများရှိသည်အတွက် စက်ရုံတာဝန်ရှိသူများမှ အလုပ်သမားများကိုယ်စားပြုသည် အလုပ်သမားများနှင့် ဆွေးနွေးညှိနှိုင်းသဘော ထားယူပြီးမှသာ ဆွေးနွေးမှုလုပ်ငန်းစဉ်များအတိုင်း ဆက်လက် အကောင်အထည် ဖော်စေလိုပါတယ်။
 
စက်ရုံရှိ စကားပြန်များသည် တိုက်ရိုက် အလုပ်သမားများကို လာရောက်ပြောဆို ခိုင်းစေမှုများ ပြုလုပ်နေပါတယ်။ စူပါကတမျိုး၊ စကားပြန်က တမျိုးခိုင်းစေမှုတွေရှိသည်အတွက် အလုပ်ပြီးမြောက်မှု နည်းပါးပြီး အမှားအယွင်းဖြစ်မှုများရှိပါတယ်။
 
အလုပ်မပြီးလျှင် အော်စူပါ၊ စူပါတွေသည် အလုပ်သမား များကိုသာ ပြောဆိုလုပ်ပါတယ်။ စကားပြန်များမှ အလုပ်ခိုင်းစေခြင်းမပြုလုပ်ရန် အလုပ်ရှင်၊ အလုပ်သမား ဆွေးနွေးညှိနှိုင်းမှုများစာချုပ်အရ စကားပြန်များမှ အလုပ်သမားများကို အလုပ်တိုက်ရိုက်ခိုင်းစေခြင်း မပြုရဆိုတာကို သဘောတူညီချက်စာချုပ် ရှိသောလည်း ခိုင်းနေဆဲဖြစ်ပါတယ်။
 
စက်ရုံတာဝန်ရှိသူများ အနေဖြင့် ချုပ်ဆိုထားသည့်စာချုပ်ကိုလိုက်နာဆောင်ရွက်ပေးစေလိုပါတယ်။
ဂိတ်ပတ်တောင်းလျှင် အလွယ်တကူလည်းမရရှိပါဘူး။ ဂိတ်ပတ်တစ်ခါယူလျှင် စူပါလက်မှတ်၊ အော်စူပါလက်မှတ်၊ HR လက်မှတ်၊ အတက်ပညာရှင် လက်မှတ် ဆိုပြီး (၄) ဦးထိုးရပါသည်။
 
ဒီကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမားများမှ တောင်းဆိုမှုများပြုလုပ်သည်အခါတွင် အလွယ်တကူပေးဖို့ ဆွေးနွေးမှု ရှိခဲ့ပါတယ်။ စာချုပ်လည်းရှိပါတယ်။ သို့သော် စက်ရုံဘက်မှ ယခင်အတိုင်း လူ (၄) ဦးလက်မှတ်ထိုး၍သာ ဂိတ်ပတ်ယူနေရ ပါတယ်။
 
ကျန်းမာရေးအရဖြစ်ဖြစ်၊ မိသားစုကိစ္စဖြစ်ဖြစ် တကယ်အရေးကြီးလို့ ဂိတ်ပတ်တောင်းလျှင် လက်မှတ်စောင့်နေရလို့ အချိန်ကြာမှ ထွက်ရတာရှိတာရှိပါတယ်။
 
တချို့ဆို ကျန်းမာရေးမကောင်းလို့ စက်ရုံဆရာမတွေက ပြန်လွတ်လျှင်တောင် အော်စူပါ၊ စူပါတွေက လက်မှတ်မထိုးပေးလို့ ဆေးသောက်ပြီး ဆက်လက် အလုပ်ဆင်းရတဲ့ အလုပ်သမားတွေရှိပါတယ်။ စက်ရုံတာဝန်ခံများအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ၊ ၂၈ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက် ပေးစေ လိုပါတယ်။
 
လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်း၊ ဆဲဆိုခြင်း၊ ဖိနှိပ်ခြင်း၊ မလျော်သြဇာသုံး၍ ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေမှုများနှင့် ပတ်သက်၍
 
"စက်ရုံဘက်မှ ထားပေးထားသည့် အကြံပြုစာပုံးများကို ထည့်ခြင်းများပြုလုပ်ခြင်း၊ စက်ရုံရှိ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီကို ဖြေရှင်းပေးရန်တင်ပြခြင်း၊ စက်ရုံမှ HRနှင့် တာဝန်ရှိသူများကို ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြသော်လည် ယနေ့ထိ ဖြေရှင်း ဆောင်ရွက်ပေးတာမရှိပါဘူး။
 
စက်ရုံကို လာရောက်သည့် audit များကို တိုင်ကြားသော်လည်း စက်ရုံဘက်မှ ပြုပြင်ခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးတာမရှိပါဘူး။ Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံရှိ တာဝန်ရှိသူများသည် အလုပ်ခန့်ထားမှုစာချုပ်ပါ စည်းကမ်း ချက်များကို ချိုးဖောက်နေသည့် အော်စူပါ၊ စူပါများကို အရေးယူဆောင်ရွက်ပေးမှုမရှိခြင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကို အကောင်အထည် ဖော်ဆောင်ရွက်ပေးမှုမရှိခြင်း၊ ချိုးဖောက်ခြင်း ပြုလုပ်နေပါတယ်။
 
အလုပ်သမားတောင်းဆိုချက်များမှာ-
၁။ အထည်စံချိန်များတောင်းခံရာတွင် ဆဲဆိုကြိမ်းမောင်းခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ မိုက်ကြေးခွဲစိန်ခေါ် တောင်းဆိုခြင်းများမပြုလုပ်ရန်နှင့် ၂၀၂၅ခုနှစ်၊ မေလ၊ ၂၈ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် စာချုပ်ပါ (င) အချက်တိုင်းဆောင်ရွက်ပေးရန်။
၂။ ဂိတ်ပတ်ယူရာတွင် အဆင်ပြေစေရန်အတွက် ၂၀၂၅ခုနှစ်၊ မေလ၊ ၂၈ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် စာချုပ်ပါ (ဇ) အချက်တိုင်းဆောင်ရွက်ပေးရန်။
၃။ စက်ရုံအနေဖြင့် လုပ်ခလစာတိုးပေးရန် သတ်မှတ်ချက်စာများကို သက်ဆိုင်ရာရုံးတွေက ချမှတ်လာသည်ရှိပါက စက်ရုံမှ ယခုပေးထားသည့် ထောက်ပံ့ကြေးထဲမှ လျော့ချမည်ကိစ္စနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စားပြုသူများနှင့် ဆွေးနွေးညှိနှိုင်း၍ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးရန်။ လက်ရှိ လက်မှတ်ထိုးခိုင်းသည်ကိစ္စကို ပယ်ဖြတ်ပေးရန်။
၄။ လုပ်ငန်းသုံး ပစ္စည်းများလိုအပ်လို့ လဲပါက စစ်ဆေး၍ အသစ်ထုတ်ပေးရန်။
၅။ အော်စူပါများ၊ စူပါများ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ ဆဲဆိုခြင်း၊ မလျော်သြဇာသုံး ခြိမ်းခြောက်ပြော ဆိုသူများကို EC ချုပ်ပါ စည်းကမ်းချက်များအတိုင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်။
၆။ စကားပြန်များအနေဖြင့် မိမိတို့ အလုပ်ဖြစ်သည် စကားပြန်သည့် အလုပ်ကိုသာလုပ်ရန်၊ အလုပ်သမား များကို တိုက်ရိုက်ခိုင်းစေခြင်းမပြုရန်။
လေးစားစွာဖြင့်
Dishang Fashion (Myanmar)Co.,L.td အထည်ချုပ်အလုပ်သမားများ။

Related posts

Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025
Cover
Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ
Dec 14, 2025
Cover
Max Technology စက်ရုံဖယ်ရီ အလုပ်သမား မကြိုဘဲ ပစ်ထား
Dec 14, 2025