NEWS

(He Sheng Myanmar Co.Ltd) ဟီချမ်းမြန်မာအထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို မတန်တဆခိုင်းစေနေတယ်လို့ဆို

CoverLogo
1.4K Views

ဟီချမ်းမြန်မာ(He Sheng Myanmar Co. Ltd) အထည်ချုပ်စက်ရုံက အချိန်ပို အလုပ်မဆင်းရင် အလုပ်ဖြုတ် မယ်လို့ ပြောပြီး တစ်ရက် နားချိန် ၃ နာရီ သာပေးတဲ့အပြင် အချိန်ပို လုပ်ခအတွက် တစ်နာရီ ၆၀၀ သာ ပေးပြီး အလုပ်သမားတွေကို မတန်တဆ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဟီချမ်းမြန်မာ (He Sheng Myanmar Co. Ltd) စက်ရုံဟာ ရန်ကုန်မြို့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ လှည်းကူးစက်မှုဇုန်တွေမှာ ရုံခွဲတွေ ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်ပြီး အခု အိုတီ အဆမတန်ခေါ်နေတဲ့ စက်ရုံကတော့ ရွှေပြည်သာမြို့နယ် ၊စက်မှု ၄ မှာ လုပ်ကိုင်နေတဲ့ရုံ ဖြစ်တယ်လို့ သိရပါတယ်။

"ရက်တိုင်းကို အိုတီဆင်းနေရတာ။ တနင်္လာနေ့ဆို အိမ်ကနေ အဝတ်အစား ပါ ထုတ်သွားရတဲ့အထိပဲ။ အဆောင်နေတဲ့ ကလေးတွေဆို တအားဒုက္ခရောက်တယ်။ မနက်သုံးနာရီမှပြီးတယ်။ အဆောင်ပြန်ပြီး ၆နာရီမထိုးခင် ပြန်လာရတယ် ။ ပြန်တော့လည်း ဖယ်ရီမစီစဥ်ပေးဘူး။ ညအိပ်တော့လည်း တမံတလင်းပေါ် အဝတ်ပါးလေးနဲ့ အိပ်ခိုင်းတယ်"လို့ စက်ရုံအလုပ်သမားတစ်ဦးက MLN ကို ပြောပါတယ်။

အချိန်ပို အဆမတန်ဆင်းခိုင်းတဲ့အတွက် စက်ရုံအလုပ်သမားအများစု ဖျားနာတာတွေ၊ အဟာရမပြည့်ဝတာတွေနဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

အခုလိုအဆမတန် အလုပ် လုပ်ခိုင်းနေပေမယ့် စက်ရုံ အလုပ်သမားတဦးရဲ့ လုပ်ခလစာဟာ ၄ လမပြည့်သူက တစ်ရက် ၂၇၀၀ ကျပ်နဲ့ အချိန်ပိုကြေး တစ်နာရီ ၆၀၀ ကျပ်သာပေးပြီး ၊ လုပ်သက် လေးလပြည့်သူကိုတော့ တစ်ရက် ၃၆၀၀နဲ့ အချိန်ပိုကြေး တစ်နာရီ ၉၀၀ သာခံစားခွင့်ရှိတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အလုပ်သမားတစ်ဦးအတွက် အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ် သတ်မှတ်ထားပြီး ၊ အချိန်ပိုလုပ်ခကိုလည်း အနည်းဆုံးလုပ်ခနဲ့ တစ်ရက် အလုပ်ချိန် ၈ နာရီကို တွက်ချက် ပေးရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အချိန်ပိုအလုပ် အလုပ်ဆင်းမဆင်းကိုတော့ အလုပ်သမားဝန်ထမ်းရဲ့ ဆန္ဒပေါ်မူတည်ပြီး မဖြစ်မနေအချိန်ပို လုပ်ကိုင်ရပါကလည်း တစ်ရက်လုပ်ခရဲ့  ၂ ဆလို့ အလုပ်သမားဥပဒေမှာ သတ်မှတ်ထားပါတယ်။

"စဆင်းထဲက အိုတီဆင်းနိုင်လားတော့မေးတယ်။  ကလေးတွေကလည်း ရတဲ့အလုပ်လေးလုပ်ရမယ်ဆိုပြီး ၊ ဆင်းနိုင်တယ်ပြောတာပေါ့။ ဒါပေမယ့် နေ့စဥ်ရက်ဆက်မကဘူး။ လကို မနည်းဘူးဆင်းရတာဆိုတော့ ဒုက္ခရောက်တယ်။ ပြီးတော့ တစ်ရက်ပျက်တာနဲ့ ဖြုတ်ပစ်တာ"လို့ စက်ရုံတွင်း အလုပ်အကိုင် အခြေအနေကို အလုပ်သမားတဦးက အခုလို ပြောပြပါတယ်။

ဒီလိုအလုပ်ချိန်အဆမတန်ခိုင်းစေနေတာကို စက်ရုံဘက်က တရုတ်နိုင်ငံရဲ့စည်းကမ်းအတိုင်း လုပ်တာဆိုပြီး ပြောဆိုနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။  "အဆောင်နေတဲ့ သူတွေဆို အချိန်ပိုမတရားဆင်း နေရတာနဲ့ ထမင်းဟင်းပြန်မယူနိုင်တော့ သူတို့ကြွေးတဲ့ ဘာမှမပါတဲ့ ထမင်းကျော် တခွက်ပဲစားရတယ်။ စက်ရုံထဲမှာဆဲဆိုတာ တော်တော်ကြမ်းတယ်။ တအားရိုင်းတယ်"လို့ ဟီချမ်းမြန်မာစက်ရုံ အလုပ်ခွင်အခြေအနေတွေကို အလုပ်သမားတဦးက အခုလို ထပ်ပြောပါတယ်။

စက်ရုံဘက်က အထည်တိုးတောင်းတာ မရရင် သတိပေး လတ်မှတ်ထိုးရတာတွေအပြင် အပေါ့အပါးသွားလို့ ကြာတာ၊ ခေါင်းဆောင်တွေကို ပြန်ပြောတာတွေကိုလည်း သတိပေးလက်မှတ်ထိုးရတယ်လို့ သိရပါတယ်။  

သတိပေးလတ်မှတ် ၄ စောင်ပြည့်တဲ့ ဝန်ထမ်းတွေကိုလည်း ဥပဒေမဲ့အလုပ်ထုတ်ပယ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဟီချမ်းမြန်မာ (He Sheng Myanmar Co.Ltd) အထည်ချုပ်စက်ရုံက အီတလီ အမှတ်တံဆိပ်တွေဖြစ်တဲ့ Guess၊ Twinsets၊ Liujo အမျိုးသမီး၊ အမျိုးသားသုံး သားရေလက်ကိုင်အိတ်၊ မိတ်ကပ်ထည့်အိတ်နဲ့ လက်ကိုင်အိတ်အမျိုးမျိုးကို ချုပ်လုပ်ပြီး အီတလီနိုင်ငံကို တင်ပို့နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ 


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026