မမိုးစန္ဒာမြင့် / မရင်ရင်ထွေး / မဝတ်ရည် / မစန်းရီ တို့နှင့်အင်တာဗျူးခြင်း
မနှစ်ကဒီလိုနေ့မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေအာဏာသိမ်းခဲ့ပြီး သွေးထွက်သံယိုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုအာဏာသိမ်းမှုနဲ့အတူ အလုပ်သမားအခွင့်အရေးတွေလည်း လုံးဝဆိတ်သုန်းသွားခဲ့ပါတယ်။ အာဏာသိမ်းမှုကို လပေါင်းများစွာ အထွေထွေသပိတ်လုပ်ပြီး ဆန့်ကျင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်(၁)ဦးနဲ့ အထည်ချုပ်အလုပ်သမား(၃)ဦးတို့ကို မိုက်ကယ်ဟက်နဲ့နဒီလှိုင် တို့က အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။
အင်တာဗျူးသူများ - မိုက်ကယ်ဟက်နှင့်နဒီလှိုင်
မနှစ်ကဒီလိုနေ့မှာ Jacobin မဂ္ဂဇင်းက မမိုးစန္ဒာမြင့်နဲ့အင်တာဗျူးတစ်ခုကို အပြီးသတ်လုပ်နေချိန် စစ်အာဏာသိမ်းတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ မမိုးစန္ဒာမြင့်ဟာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ဥက္ကဌဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အထည်ချုပ်အလုပ်သမားတွေဟာ သူတို့ရဲ့စည်းရုံးရေးပညာကိုသုံးပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး တစ်နိုင်ငံလုံးအဆင့် ကန့်ကွက်သပိတ်တွေလုပ်ဖို့ ပြင်ဆင်ခဲ့ကြတယ်လို့သိရတယ်။
နောက်ပိုင်းမှာ ရက်သတ္တပတ်အနည်းငယ်အတွင်း တိုင်းပြည်စီးပွားရေးရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအထိ ရပ်တန့်သွားစေခဲ့တဲ့ အလုပ်သမားသပိတ်တွေဖြစ်ပေါ်ခဲ့ပြီး အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ အစိုးရဝန်ထမ်းအများစုဖြစ်ကြတဲ့ ဆရာဝန်တွေနဲ့ ကျောင်းဆရာ/ဆရာမတွေဟာ အထည်ချုပ်အလုပ်သမားတွေနဲ့အတူ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မီးရထားဝန်ထမ်းတွေနဲ့ အခြားနိုင်ငံ့ဝန်ထမ်းတွေပါ ထပ်ပါလာကြပြီး အဲ့နောက်မှာတော့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေလဲ ပူးပေါင်းလာခဲ့ကြပါတယ်။
အာဏာသိမ်းမှုဆန့်ကျင်ရေး ခုခံတွန်းလှန်မှုဟာအစပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအာဏာပြန်လည်ရရှိဖို့ ဦးတည်ခဲ့ပါတယ်။ NLD အစိုးရဟာ တိုင်းပြည်ကို နှစ်ပေါင်းများစွာအုပ်ချုပ်လာခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ၂၀၁၀ ခုနှစ်ကစပြီး အာဏာခွဲဝေရေး ပြန်လုပ်လာခဲ့တာပါ။ အချိန်ကြာလာတာနဲ့အမျှ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေဟာ ပိုပြင်းထန်လာခဲ့ပြီး စစ်တပ်ကို အဓိကဝန်ကြီးဌာန (၃) ခုရယ် လွှတ်တော်အမတ်နေရာ ၂၅% ရယ်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းဖို့ပါ တောင်းဆိုလာကြပါတယ်။
ဆယ်စုနှစ်တစ်ခုအတွင်း NLD ဟာ လစ်ဘရယ်ဆန်တဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်လာပြီး နိုင်ငံရေးအခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးကို တစ်ချိန်တည်းအကောင်အထည်ဖော်လာခဲ့တာကြောင့် အထည်ချုပ်လုပ်ငန်းတွေနဲ့ အလုပ်သမား သမဂ္ဂလှုပ်ရှားမှုကြီးထွားလာပြီး အခြေခံအလုပ်သမားထုအင်အားတည်ဆောက်ဖို့ အခွင့်အလမ်းတွေရလာခဲ့ကြပါတယ်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို သွေးအေးအေးနဲ့အကာအကွယ်ပေးခဲ့တာကြောင့် နိုင်ငံတကာအလယ်မှာ သိက္ခာကျခဲ့ရပေမယ့် ခုလည်းထပ်ဖမ်းဆီးခံရပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်တစ်စိတ်တစ်ဒေသပွင့်လင်းလာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သူမရဲ့အခန်းကဏ္ဍအတွက် ထောက်ခံသူအများပြားရှိနေတုန်းပါပဲ။
စစ်တပ်ဟာ ဆန္ဒထုတ်ဖော်သူတွေကို သတ်ဖြတ်မှုတွေပြုလုပ်လာခဲ့တာကြောင့် ပျော်ပွဲရွှင်ပွဲတစ်ခုလိုစတင်ခဲ့တဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေးချီတက်ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုမှုတွေနဲ့ အစားထိုးခံလိုက်ရပါတယ်။ ဒါကြောင့် ဆန္ဒပြသူတွေဟာ တံတိုင်းတွေဆောက်ပြီး လေးခွတွေ၊ လက်လုပ်လေသေနတ်တွေနဲ့ ပြန်လည်ခုခံခဲ့ပါတယ်။ ဒီနေ့အချိန်အထိ ဆန္ဒပြသူ (၁,၅၀၀) ခန့် သတ်ဖြတ်ခံခဲ့ရပြီး သိန်းပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ပြည်သူ (၁၁,၅၀၀) ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ ‘ပျောက်ကြားသပိတ်’ တွေ၊ ‘အသံတိတ်သပိတ်တွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေလုပ်ပြီး ဖီဆန်မှုတွေ ဆက်ရှိနေပေမယ့် ပြီးခဲ့တဲ့နွေရာသီအလယ်လောက်ကတည်းက လမ်းပေါ်နေရာတော်တော်များများမှာ ဆန္ဒပြသူတွေမရှိတော့တာ ကြာပါပြီ။
အာဏာသိမ်းမှုကြောင့် အိပ်မက်တွေပျက်စီးသွားပြီး အကြမ်းမဖက်လမ်းစဉ်အပေါ်လည်း စိတ်ပျက်သွားကြတဲ့ လူငယ်အများ အပြားဟာ အိမ်ကထွက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဆီ ပူးပေါင်းလာခဲ့ကြပါတယ်။ PDF တွေနဲ့ရင်ဆိုင်ရာမှာ စစ်တပ်ဘက်က အသေအပျောက်တွေနဲ့ အထိနာလာပါတယ်။ လက်လုပ်မိုင်းတွေနဲ့ ပျောက်ကျားနည်းစနစ်တွေသုံးပြီး အထင်ကြီးစရာကောင်းလောက်အောင် အသာစီးယူလာနိုင်ပြီး စစ်တပ်အပေါ် စိတ်ဓတ်ပိုင်းဆိုင်ရာထိုးနက်ချက်တွေ ဖြစ်လာတာကြောင့် တပ်တွင်းစွန့်ခွာမှုနှုန်းတွေ မြင့်လာနေပါတယ်။
တစ်ဘက်မှာတော့ မမိုးစန္ဒာမြင့်တို့အပါအဝင် အလုပ်သမားသမဂ္ဂတက်ကြွလှုပ်ရှားသူတွေက နိုင်ငံတကာကုမ္ပဏီတွေကို မြန်မာနိုင်ငံ အပေါ်သပိတ်မှောက်ကြဖို့ တောင်းဆိုနေချိန်မှာပဲ အထည်ချုပ်စက်ရုံတွေဟာ ဖြေးဖြေးချင်းပြန်အသက်ဝင်လာပါတယ်။
အာဏာမသိမ်းခင်ကတည်းကခက်ခဲနေတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေရဲ့ဘဝဟာ ရပ်တည်နိုင်တယ်ဆိုရုံပဲ ရှိပါတော့တယ်။ ပြီးခဲ့တဲ့နှစ်က အထည်ချုပ်စက်ရုံအများစုရှိတဲ့ စက်မှုဇုံတွေဟာ အလုပ်သမားတွေနဲ့ စစ်တပ်ရဲ့တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်မှု တွေကြောင့် စစ်မြေပြင်လိုဖြစ်လာခဲ့ပြီး ရမ်းကားသတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ပြည့်နက်နေခဲ့ပါတယ်။ စစ်တပ်လက်ထဲမှာ ထပ်ပြီးလက်စဖျောက်ခံလိုက်ရသူတွေလည်း ရာချီရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာစက်မှုဇုံတွေဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။ စစ်သားတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ အလုပ်သမားတွေဆီက ပုံမှန်ငွေကြေးကောက်ခံလေ့ရှိပြီး နှုတ်နဲ့စော်ကားတာတွေ လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ လုပ်ကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးဖြေရှင်းဖို့ အလုပ်သမားအများအပြားဟာ အကြွေးအများကြီးတင်လာကြပြီး ပြန်ဆပ်နိုင်ခြေလဲသိပ်မရှိပါဘူး။ ပြည်ပမှာအလုပ်သွားလုပ်ဖို့ ဗီဇာအတွက် တန်းစီကြသူတွေလဲ တဟုန်ထိုးများလာပါတယ်။
အာဏာသိမ်းမှုတစ်နှစ်ပြည့်အကြိုနေ့မှာ လက်ရှိတိမ်းရှောင်နေတဲ့ မမိုးစန္ဒာမြင့်နဲ့ ကျွန်တော်/ကျွန်မတို့ ထပ်ပြီးစကားပြောခဲ့ပါတယ်။ အလားတူပဲ အထည်ချုပ်စက်ရုံအလုပ်သမားသုံးဦးဖြစ်ကြတဲ့ မရင်ရင်ထွေး၊ မဝတ်ရည် နဲ့ မစန်းရီတို့ဟာလဲ လက်ရှိမှာ တိမ်းရှောင်နေ ကြရပါတယ်။ (ဒီနာမည်တွေအားလုံးဟာ သူတို့တုန့်ပြန်ရန်ပြုမှုခံရတာတွေမဖြစ်အောင် သုံးထားတဲ့အမည်လွှဲတွေဖြစ်ပါတယ်)
မိုက်ကယ်ဟက်နှင့်နဒီလှိုင် – တော်လှန်ရေးလှုပ်ရှားမှုတွေ လက်ရှိဘယ်အခြေအနေမှာ ရှိနေပါလဲ။
မစန်းရီ – အရင်နှစ်ကလို နိုင်ငံရေးလှုပ်ရှားမှုမျိုးတွေ မတွေ့ရတော့ဘူး။ ဒါပေမယ့် လူတွေကစစ်တပ်ကို ဆန့်ကျင်ကန့်ကွက်မှုတွေ ရပ်လိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်မတို့နေ့စဉ်နဲ့အမျှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပါဝင်နေကြတုန်းပါပဲ။ ဥပမာ ကျွန်မတို့စက်ရုံက အလုပ်သမားတွေဟာ အသံတိတ်သပိတ်လုပ်တဲ့နေ့တွေမှာ အလုပ်မဆင်းကြပါဘူး။ (အသံတိတ်သပိတ်လုပ်တဲ့နေ့တွေဆိုတာ စစ်အုပ်စုကိုဆန့်ကျင်တဲ့အနေနဲ့ မြို့တွေမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ ဆန္ဒထုတ်ဖော်ကြတဲ့ နေ့တွေဖြစ်ပါတယ်) ကျွန်မတို့ စက်ရုံတစ်ရုံထဲမှာတင် အလုပ်သမား (၃,၀၀၀) ကနေ (၄,၀၀၀) ကြားရှိပါတယ်။
“ဒီတစ်ခါမတူတော့ပါဘူး။ ကျွန်မတို့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချင်ပါတယ်”
ကျွန်မတို့ရဲ့ စက်ရုံမန်နေဂျာတွေက ကျွန်မတို့အပေါ်ဘာပြသနာမှမရှာပါဘူး။ ကျွန်မတို့ဆန္ဒပြတာ သူတို့သိပါတယ်။ သူတို့က ကျွန်မတို့ကို လျို့ဝှက်ထောက်ခံနေတယ်လို့ထင်ပါတယ်။ တကယ်ဆို လမ်းပေါ်ဆန္ဒပြပွဲတွေ အရှိန်အကောင်းဆုံးအချိန်တုန်းက မန်နေဂျာအပါအဝင် ကျွန်မတို့စက်ရုံအလုပ်သမားထုဟာ အင်အားထောင်နဲ့ချီလမ်းပေါ်ထွက်ခဲ့ကြပြီး (၁၅)ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်ပွဲတွေ စီစဉ်ခဲ့ကြပါတယ်။ ကားတွေငှားပြီး ဆန္ဒပြတဲ့သူတွေကို ကျွန်မတို့အကြိုအပို့လုပ်ပေးကြတယ်။ ကုန်ကျစရိတ်တွေအတွက် ကျွန်မတို့ ကို့အိတ်ထဲကပဲစိုက်ပါတယ်။
ကျွန်မတို့အတွက်က အာဏာသိမ်းမှုဆိုတာ အသစ်အဆန်းမဟုတ်ပါဘူး။ ၁၉၈၈ [အာဏာသိမ်းမှုဆန့်ကျင်ရေး] အရေးခင်းတုန်းက ကျွန်မတော်တော်ငယ်ပါသေးတယ်။ ကျွန်မအမေနဲ့အတူ လမ်းပေါ်မှာဆန္ဒပြခဲ့တာ မှတ်မိပါသေးတယ်။ ဒါပေမယ့် ဆန္ဒပြပွဲတွေက ရက်ပိုင်းပဲကြာပါတယ်။ ဒီတစ်ကြိမ်မှာတော့ တစ်နှစ်ပြည့်သွားပေမယ့် လူတွေက ဆန္ဒပြပွဲတွေမရပ်သေးပါဘူး။
မမိုးစန္ဒာမြင့် – ဒီတစ်ကြိမ်ကမတူပါဘူး။ အာဏာရှင်စနစ်ကို ကျွန်မတို့အမြစ်ဖြတ်ချင်ပါတယ်။ အဲ့ဒီလိုဖြစ်လာဖို့ ကျွန်မတို့ ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်ကျော်ရမှာဖြစ်တယ်။ အဲ့ကိုရောက်ဖို့ ကြာနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့စိတ်ရှည်ဖို့လိုအပ်ပြီး ပုံမှန်ဆက်သွားဖို့ လိုအပ်ပါတယ်။ စိတ်ဓါတ်ကျချိန်တွေမှာ ကျွန်မဘာကြောင့် တိုက်ပွဲဝင်နေတာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်သတိပေးပါတယ်။
မိုက်ကယ်ဟက်နှင့်နဒီလှိုင် – အာဏာသိမ်းချိန်ကစပြီး လုပ်ငန်းခွင်ထဲကအခြေအနေတွေ ဘယ်လိုပြောင်းလဲသွားတာရှိပါသလဲ။
မမိုးစန္ဒာမြင့် – NLD လက်ထက်မှာတုန်းက အလုပ်သမားတွေရဲ့ဘဝဟာ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အခုကပိုဆိုးပါတယ်။ NLD လက်ထက်မှာ ကာကွယ်မှုအပြည့်အဝမရပေမယ့် မကြေနပ်မှုတွေကို ထုတ်ဖော်ပြောဆိုခွင့်ရှိပါတယ်။ အလုပ်သမားသမဂ္ဂတွေလဲ ဖွဲ့ခွင့်ရှိပါတယ်။ ကျွန်မတို့တောင်းဆိုချက်တွေ အမြဲရတာမျိုးမဟုတ်ပေမယ့် လိုချင်တာတွေရှိရင် ထုတ်ပြောနိုင်တဲ့အနေအထား ရှိပါတယ်။ ခုအချိန်မှာ မြန်မာနိုင်ငံမှာ တရားဝင်သမဂ္ဂမရှိတော့ပါဘူး။
အလုပ်ရှင်တွေက ဖိနှိပ်မှုတွေဆက်လုပ်နေပါတယ်။ အလုပ်သမားတွေ အကာအကွယ်မရှိကြတော့ပါဘူး။ ကျွန်မကိုယ်တိုင်က ထွက်ပြေးနေရပါတယ်။
လုပ်ငန်းခွင်တွေမှာအလုပ်သမားတွေရိုင်းပျစွာအော်ဟစ်ဆဲဆို ပြောဆိုခြင်းတွေကိုခံစားနေရပါတယ်။ ခံစားခွင့်တွေမရှိပဲ အလုပ်ဖြုတ်ခံရတာတွေလဲ ကြုံနေရတယ်။ အမြဲတမ်းအလုပ်သမားတွေဟာ နေ့စားအလုပ်သမားတွေအဖြစ် အဆင့်လျော့ခံရပြီး သူတို့မှာတစ်ခြားရွေးချယ်စရာမရှိပါဘူး။ အလုပ်သမားတွေရဲ့ အခြေအနေဟာ အဘက်ဘက်ကယိုယွင်းလာနေပါတယ်။
မရင်ရင်ထွေး – အာဏာမသိမ်းခင်ကတည်းက အထည်ချုပ်စက်ရုံတွေဟာ ကပ်ရောဂါဘေးဒဏ်ကို ခံခဲ့ရပါတယ်။ စားဝတ်နေရေးအတွက် ကျွန်မတို့ ခက်ခဲတဲ့ကာလကို ဖြတ်ကျော်ခဲ့ရပါတယ်။ အခြေအနေတွေ ပုံမှန်ပြန်စဖြစ်လာတဲ့အချိန်မှာပဲ အာဏာသိမ်းခံလိုက်ရတယ်။
ခုနောက်ပိုင်း စက်ရုံတွေကအော်ဒါသိပ်မရလို့ အလုပ်ချိန်တွေလျော့ချနေပါတယ်။ တစ်ချို့ကလဲ အလုပ်သမားတွေကို လုပ်အားခ နည်းနည်းနဲ့ နားချိန်မပေးပဲ တစ်နေ့အလုပ်ချိန်နာရီအများကြီးနဲ့ ရသလောက်ခိုင်းပါတယ်။ စက်ရုံတွေတော်တော်လေးတော့ ပြန်ဖွင့်လာပါပြီ။ ဒါကြောင့် အလုပ်အကိုင်တွေကတော့ရှိပါတယ်။ ဒါပေမယ့်အလုပ်တွေက ကောင်းလား၊ လိုချင်စရာကောင်းလား ဆိုတော့ မကောင်းပါဘူး။
စက်ရုံတွေက လှိုင်သာယာ [စက်မှုဇုံ] မှာရှိပါတယ်။ လှိုင်သာယာကို မတ်လ၊ ၂၀၂၀ ကတည်းက စစ်အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ထားတာပါ။ အဝင်အထွက်လုပ်ချင်ရင် စစ်သားတွေစောင့်တဲ့ စစ်ဆေးရေးဂိတ်တွေ ဖြတ်ရပါတယ်။ ပိုက်ဆံကောက်ပြီးမှ ဂိတ်ဖြတ်ခွင့်ပေးပါတယ်။ အာဏာသိမ်းစတုန်းကဆို ကျွန်မတို့ရဲ့ ဖုန်းတွေပါစစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတစ်ရုံပြီးတစ်ရုံ ကျွန်မပြောင်းလုပ်ပါတယ်။ နေ့စားအလုပ်သမားတစ်ယောက်အနေနဲ့ တစ်ရက်ကို မြန်မာငွေ ၄,၈၀၀ (၂.၇ ဒေါ်လာ) ရပါတယ်။ သုံးဖို့မလောက်ပါဘူး။ ကုန်စျေးနှုန်းတွေနဲ့ အိမ်ငှားခတွေ စျေးတက်နေတယ်။ ဒါ့အပြင် အရင်ကအခွန်ဆောင်စရာမလိုတာတွေအတွက်ပါ အခုဆောင်နေရပါတယ်။ ဥပမာ ခုဖုန်းဆင်းကဒ်အသစ်ဝယ်မယ်ဆို အဲ့ဒီအတွက် အခွန်ပေးရပါတယ်။
မဝတ်ရည် – ကျွန်မရဲ့စက်ရုံက ရွှေပြည်သာမှာရှိပါတယ်။ စစ်တပ်ထဲကလူတစ်ယောက်ပိုင်ပါတယ်။ မန်နေဂျာကလဲစစ်တပ်ထဲက ပါပဲ။ ကျွန်မတို့ကို အလုပ်ချိန်နာရီအများကြီးလုပ်ခိုင်းပြီး အချိန်ပိုကြေးမပေးပါဘူး။ “မလုပ်ချင်ရင် အချိန်မရွေးထွက်သွားလို့ရတယ်” လို့ သူတို့ကကျွန်မတို့ကိုပြောပါတယ်။ အလုပ်အကိုင်တွေကမကောင်းတော့ သူတို့ခိုင်းသမျှခံရတာပေါ့။
“‘နင်တို့ဘာလုပ်နေလဲစစ်သားတွေကိုပြောလိုက်ရင် နင်တို့ဘာဖြစ်သွားမယ်ဆိုတာသိလား’ လို့ပြောပြီး စက်ရုံမန်နေဂျာက ကျွန်မတို့ကို ကြောက်လန့်အောင်လုပ်ပါတယ်”
ပြီးခဲ့တဲ့နှစ်ဆန္ဒပြပွဲတွေစလုပ်ကြတော့ မန်နေဂျာကကျွန်မတို့ကို ဆန္ဒပြပွဲတွေမှာမပါဖို့ သတိပေးပါတယ်။ “[နိုင်ငံရေးနဲ့ပတ်သက်ပြီး] မင်းတို့ဘာလုပ်နေလဲစစ်သားတွေကိုပြောလိုက်ရင် မင်းတို့ဘာဖြစ်သွားမယ်ဆိုတာသိလား” လို့ပြောပြီး ခြောက်ပါတယ်။ သူတို့စီးပွားရေးပဲသူတို့ ဂရုစိုက်တယ်။
အကြမ်းဖက်မှုတွေ အမြင့်ဆုံးဖြစ်နေချိန်မှာတောင် စက်ရုံပိုင်ရှင်နဲ့မန်နေဂျာက စက်ရုံကိုဆက်ဖွင့်ပြီး အားလုံးအဆင်ပြေတယ်၊ အန္တရာယ်မရှိဘူး၊ လုပ်ဆင်းရမယ်လို့ အလုပ်သမားတွေကိုပြောပါတယ်။ စက်ရုံထဲမှာဝါဒဖြန့်ပြီး တိုင်းပြည်ဟာ ကောင်းကောင်း လည်ပတ်နေကြောင်း၊ ပိုကောင်းတဲ့လူတွေလက်ထဲမှာရှိနေကြောင်း ပြောပါတယ်။
မစန်းရီ – ကျွန်မကတော့ ကိုယ့်ကိုယ်ကိုကံကောင်းတယ်လို့ သတ်မှတ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့စက်ရုံက အာဏာသိမ်းမှု ကာလတစ်လျှောက်လုံးဖွင့်ထားပြီး လုပ်အားခဖြတ်တာမျိုးလည်း တစ်ခါမှမရှိပါဘူး။ ခုချိန်ထိ ကျွန်မတို့အားလုံး အလုပ်အကိုင်တွေ ရှိနေတုန်းပါပဲ။ အကြီးမားဆုံးအပြောင်းအလဲကတော့ အချိန်ပိုဆင်းရတာမရှိတော့ပါဘူး။ အချိန်ပို မဆင်းရတဲ့အတွက် လစာနည်းသွားပေမယ့် အလုပ်ကတော့လျော့မသွားပါဘူး။ တကယ်ဆိုအလုပ်က ပိုတောင်များလာပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အလုပ်ချိန်အတွင်းမှာပဲ သတ်မှတ်ချက်တွေပြည့်မှီအောင် မြန်မြန်လုပ်ရလို့ပါ။
အခြားစက်ရုံတွေနဲ့ယှဉ်ရင် ကျွန်မတို့စက်ရုံကအလုပ်သမားတွေက မန်နေဂျာနဲ့ဆက်ဆံရေးကောင်းပါတယ်။ သူတို့က ကျွန်မတို့စိုးရိမ်တာတွေရှိရင် ထုတ်ပြောခွင့်ပေးပါတယ်။
အချိန်ပိုမဆင်းရတာလဲ တစ်မျိုးတော့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးအထည်ချုပ်အလုပ်သမားတွေအတွက် စက်ရုံထဲမှာ နောက်ကျတဲ့အထိအလုပ်ဆင်းပြီး အမှောင်ထဲအိမ်ပြန်လာရတာ လုံခြုံမှုမရှိပါဘူး။ လှိုင်သာယာနဲ့ရွှေပြည်သာ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ် သတ်မှတ်ထားဆဲဖြစ်တာကြောင့် တင်းကြပ်တဲ့ညမထွတ်ရအမိန့်တွေရှိပြီး စစ်သားတွေစောင့်တဲ့ စစ်ဆေးရေးဂိတ်တွေရှိပါတယ်။ နိုင်ငံရေးအခြေအနေရယ် စစ်အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ထားတာ ရယ်ကြောင့် ညဘက်နောက်ကျတဲအထိ အလုပ်လုပ်ရတာ လုံခြုံမှုမရှိဘူးဆိုတာ မန်နေဂျာတွေသိပါတယ်။ ကျွန်မတို့တစ်ခုခုဖြစ်ရင် သူတို့တာဝန်ရှိတယ်ဆိုတာ သိကြတယ်။ ဒါက အချိန်ပိုမဆင်းရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
မိုက်ကယ်ဟက် – အာဏာမှုဖြစ်ပြီးနောက် နေ့စဉ်ဘဝ ဘယ်လိုပြောင်းလဲသွားလဲ။
မရင်ရင်ထွေး – အာဏာမသိမ်းခင်က ကျွန်မကအမြဲတမ်းအလုပ်သမားတစ်ဦးဖြစ်ပါတယ်။ အဲတုန်းကတော့ ဘဝကအဆင်ပြေတယ်။ ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်ရုံသာမက အိမ်ကကျွန်မရဲ့အမေနဲ့ ညီမလေးနှစ်ယောက်ကိုလဲ ထောက်ပံ့နိုင်တယ်။ အလုပ်ကောင်းကောင်းရှာပြီး မိသားစုကိုထောက်ပံ့ဖို့ ရန်ကုန်ကို လွန်ခဲ့တဲ့(၅)နှစ်လောက်က ကျွန်မလာခဲ့ပါတယ်။ ကျောင်းပြန်တက်ပြီး ကိုယ့်ကိုယ်ကိုလဲ ပိုကောင်းအောင်ကြိုးစားနေခဲ့ပါတယ်။ ကျွန်မလစာက တက္ကသိုလ်စရိတ်အတွက် လောက်ပါတယ်။ တက္ကသိုလ်ပထမနှစ်ပြီးခါနီးမှာပဲ ကိုဗစ်-၁၉ ကပ်ဘေးစဝင်လာပါတယ်။ အဲအချိန်ကစပြီး ကျောင်းပြန်မရောက်တော့ပါဘူး။ ဘယ်တော့ ကျောင်းပြန်တက်နိုင်မလဲ မသိပါဘူး။
ကျွန်မမှာ ရန်ကုန်မှာကျွန်မနဲ့အတူနေနေတဲ့ အသက်(၂၀)အရွယ် ညီမလေးတစ်ယောက်ရှိပါတယ်။ စက်ရုံမှာအလုပ်လုပ်ဖို့ ရန်ကုန်ကိုရောက်လာချိန်မှာပဲ ကပ်ရောဂါဘေးစဖြစ်ပါတယ်။ ကိုယ့်အတွက်ရုန်းကန်ရင်း အိမ်မှာကျန်ခဲ့တဲ့အမေနဲ့ နောက်ညီမလေးတစ်ယောက်ကို ထောက်ပံ့ဖို့ဆိုတာ ကျွန်မတို့နှစ်ယောက်လုံးအတွက် မလွယ်ပါဘူး။
မစန်းရီ – ကျွန်မမှာ လက်ရှိကျောင်းတက်နေတဲ့ ကလေး(၃)ယောက်ရှိပါတယ်။ ပထမတော့ ကိုဗစ်-၁၉ ဖြစ်လို့ ကျောင်းတွေပိတ်လိုက်တယ်။ နောက်တော့ အာဏာသိမ်းမှုဖြစ်လို့ ကျောင်းတွေဆက်ပိတ်ထားရတယ်။
ခုချိန်မှာ ကလေးတွေကျောင်းသွားဖို့ လုံခြုံမှုမရှိလို့ သူတို့ကိုအိမ်မှာပဲနေခိုင်းပါတယ်။ သူတို့ကိုစာပြပေးဖို့ ကျွန်မတို့ကြိုးစားပြီး တက်နိုင်သလောက် စာအုပ်တွေလဲဝယ်ပေးပါတယ်။ ဒါပေမယ့် ကျွန်မယောက်ျားနဲ့ ကျွန်မတို့နှစ်ယောက်က ကိုယ့်အလုပ်နဲ့ကိုယ် တော်ရုံမအားကြပါဘူး။ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာပဲ သူလုပ်နေတဲ့စက်ရုံက အပြီးပိတ်သွားလို့ ကျွန်မယောက်ျားက အထည်ချုပ်စက်ရုံကနေ အလုပ်ပြုတ်သွားပါတယ်။ ခုတော့သူက ဟိုနားဒီနား ဒီလိုပဲအလုပ်ရှာလုပ်ရပါတယ်။
အာဏာမသိမ်းခင်က ကျွန်မနဲ့ကျွန်မယောက်ျား ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်နိုင်တယ်။ ကလေးလေးတွေကိုလည်း ကျောင်းပို့နိုင်တယ်။ အသက်ကြီးလာရင်အနားယူဖို့လဲ ပိုက်ဆံစုနိုင်ပါတယ်။ ခုတော့ စားဝတ်နေရေးအတွက် ကုန်စျေးနှုန်းကြီးချိန်မှာ လုပ်အားခနည်းနည်းနဲ့ လုပ်ကိုင်ကြရပါတယ်။ စုထားတာလေးတွေထုတ်ပြီး စားသောက်ဖို့ဖြေရှင်းရပါတယ်။ အင်တာနက် အသုံးပြုခတွေကလဲ စျေးတက်နေပါတယ်။ စစ်တပ်က VPN သုံးတဲ့သူတွေကိုဖမ်းနေလို့ ဆက်သုံးဖို့မလုံခြုံတော့တာကြောင့် ကျွန်မတို့ဖုန်းထဲကနေ ဖျက်လိုက်ရပါတယ်။
မိုက်ကယ်ဟက်နှင့်နဒီလှိုင် – မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ကုမ္ပဏီတွေကို သပိတ်မှောက်ဖို့နဲ့ စစ်အုပ်စုကိုဒဏ်ခတ်အရေးယူဖို့ တောင်းဆိုတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
မရင်ရင်ထွေး – နှစ်ဘက်လုံးကနေ မြင်ပေးလို့ရပါတယ်။ တစ်ဘက်မှာ တစ်ချို့ကုမ္ပဏီတွေ စစ်တပ်နဲ့လက်တွဲပြီး စီးပွားရေး ဆက်မလုပ်ပဲ ထွက်သွားတာကောင်းပါတယ်။ တစ်ဖက်မှာလဲ အလုပ်သမားတွေအများကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရလို့ ဒါကအလုပ်သမားတွေကို အထောက်အကူမပြုပါဘူး။ စက်ရုံတွေပိတ်လိုက်လို့ အလုပ်အကိုင်အခွင့်အလမ်း မရှိတော့ဘူးဆိုရင် ကျွန်မအတွက်ရွေးစရာက အိမ်ပြန်ပြီးလယ်ထဲမှာ အလုပ်လုပ်ဖို့ပဲရှိပါတော့တယ်။ မိသားစုကို ဆက်ထောက်ပံ့ဖို့ ခက်ခဲသွားမှာပါ။ အလုပ်မရှိပဲ ကျွန်မရန်ကုန်မှာ မနေနိုင်ပါဘူး။
မမိုးစန္ဒာမြင့် – မြန်မာနိုင်ငံထဲက စီးပွားရေးအခြေအနေက အလုပ်သမားတွေကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာ ကျွန်မတို့ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမယ့် ဒီကပ်ပါးကောင် [စစ်တပ်] ကိုသတ်ဖို့ ကျွန်မတို့ ကိုယ့်ကိုယ်ကို သွေးထွက်ခံမှရပါမယ်။ အလုံးစုံစီးပွားရေးပိတ်ဆို့ရေးတောင်းဆိုဖို့ နောက်ဆုံးကျွန်မတို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ အကျိုးကျေးဇူးတွေကို ကျွန်မတို့နားလည်ပါတယ်။ အလုပ်သမားတွေနဲ့ အွန်လိုင်းဆွေးနွေးပွဲတွေကနေတစ်ဆင့် သူတို့နဲ့ဆက်သွယ်ပြီး အလုံးစုံစီးပွားရေးပိတ်ဆို့မှုက ဘယ်လိုကွဲပြားမှုတွေရှိကြောင်း ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေးနွေးပါတယ်။ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့ ကျွန်မတို့ရဲ့တောင်းဆိုချက်တွေကို ဒီအွန်လိုင်းဆွေးနွေးပွဲတွေ တက်ရောက်ခဲ့တဲ့ အလုပ်သမားအများစုက နားလည်ကြပြီး ထောက်ခံပါဝင်လိုကြပါတယ်။
အလုံးစုံစီးပွားရေးပိတ်ဆို့မှုတွေအပေါ် အလုပ်သမားတွေကြား အမြင်မတူတာတွေရှိတာ ကျွန်မတို့လက်ခံပါတယ်။ အလုံးစုံစီးပွားရေး ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ကျွန်မတို့နဲ့ သဘောမတူတဲ့အလုပ်သမားတွေဟာ ကျွန်မတို့ဒီလိုလုပ်ရခြင်း နောက်ကွယ်က အကြောင်းရင်းတွေကို အပြည့်အဝနားမလည်သေးတာကြောင့် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
မစန်းရီ – ကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်သွားတာ အလုပ်သမားတွေကို ထိခိုက်စေတယ်လို့ ပြောလိုတယ်။
မိုက်ကယ်ဟက်နှင့်နဒီလှိုင် – ရှေ့လျှောက် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်လာမယ်ထင်လဲ။
မရင်ရင်ထွေး – လုပ်ငန်းခွင်အခြေအနေတွေယိုယွင်းလာမယ်၊ အလုပ်လက်မဲ့နှုန်းတွေများလာမယ်၊ ကုန်စျေးနှုန်းတွေတက်မယ်၊ ငွေရေးကြေးရေး အကြပ်အတည်းဖြစ်မယ်၊ ဒါကြောင့်ကျွန်မတို့ဘဝတွေ ပိုခက်ခဲလာမယ်။ တစ်ချို့က သူတို့မလုပ်ချင်တဲ့အလုပ်တွေ လုပ်နေရတယ်။ ရာဇဝတ်မှုတွေများလာပြီး တရားဥပဒေစိုးမိုးမှုမဲ့လာမယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်မစိုးရိမ်ပါတယ်။ အမျိုးသမီးတစ်ယောက် အနေနဲ့ မှောင်လာရင် လမ်းမပေါ်မှာကျွန်မမနေရဲတော့ပါဘူး။ အပြင်မှာမလုံခြုံမှန်းသိလို့ ကျွန်မအိမ်ထဲမှာပဲနေပါတယ်။
အလုပ်သမားတွေကို ဒီထက်ပိုကူညီပေးတာ မြင်ချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျွန်မတို့ကို မေ့မထားပဲ ကျွန်မတို့ကြုံနေရတဲ့မတရားမှုတွေကို ဖြေရှင်းနိုင်ဖို့ တစ်စုံတစ်ရာဝိုင်းလုပ်ပေးစေချင်ပါတယ်။
မမိုးစန္ဒာမြင့် – ကျွန်မတို့အလုပ်သမားတွေဟာ အပြောင်းအလဲဖြစ်ဖို့ ထိုင်စောင့်နေလို့မရဘူးဆိုတာ သိကြပါတယ်။ ကျွန်မတို့လိုချင်တာအတွက် တိုက်ပွဲဝင်ရပါမယ်။ ကျွန်မတို့အခွင့်အရေးတွေအတွက် အမြဲတိုက်ပွဲဝင်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားတွေဟာ အဖိနှိပ်ခံ အခြေခံ လူတန်းစားအဖြစ်နှင့် အမေ့လျော့ခံနေခဲ့ရပါတယ်။ သမိုင်းတစ်လျောက် ကျွန်မတို့ဟာ လစ်လျူရှုခံခဲ့ရပါတယ်။ ဒါပေမယ့် သမိုင်းကိုကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ အလုပ်သမားတွေဟာ အားအကောင်းဆုံး အင်အားစုဖြစ်ခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ တော်လှန်ရေးလှုပ်ရှားမှုတိုင်းမှာ ကျွန်မတို့ဟာ ရှေ့တန်းကပါဝင်လာခဲ့ပါတယ်။ ကုလသမဂ္ဂအရာရှိတွေကို ပြောချင်တာက “တိုင်းပြည်ထဲမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရတဲ့အချိန်ကျရင် အလုပ်သမားတွေရဲ့စွန့်လွှတ်မှုတွေ၊ ပူးပေါင်းပါဝင်မှုတွေကြောင်း မမေ့ပါနဲ့။ ကျွန်မတို့ကို မချန်ထားခဲ့ပါနဲ့”
မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘယ်သူမှမမှုတဲ့ ကြေညာချက်တွေနဲ့ ပျက်ကွက်မှုတွေကို ကျွန်မတို့စိတ်ကုန်လာပါပြီ။ အဲ့ဒီအစား လက်တွေ့လုပ်ဆောင်မှုတွေကို ကျွန်မတို့မြင်ချင်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကျွန်မရဲ့ရည်မှန်းချက်က မြန်မာနိုင်ငံဒီမိုကရေစီပြန်ရဖို့ပါပဲ။ အဲ့ဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်မတက်နိုင်တာအကုန် လုပ်သွားမှာပါ။
ဆောင်ပါးရှင်များအကြောင်း
မမိုးစန္ဒာမြင့်သည် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ ဦးဆောင်သူတစ်ဦးဖြစ်သည်။
မရင်ရင်ထွေးသည် အသက်(၂၅)နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦး ဖြစ်သည်။
မဝတ်ရည်သည် အသက်(၂၃)နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦး ဖြစ်သည်။
မစန်းရီသည် အသက်(၄၂)အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦး ဖြစ်သည်။
အင်တာဗျူးသူများအကြောင်း
မိုက်ကယ်ဟက်သည် US Campaign for Burma တွင် ကမ်ပိန်းညှိနှိုင်းရေးမှူးတစ်ဦးအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ထိုမတိုင်ခင် McSweeney ပုံနှိပ်တိုက်၊ Voice of Witness နှင့် ရေးတက္ကသိုလ် MacMillan Center တို့အတွက် မြန်မာ့သမိုင်းနှင့်မြန်မာ့နိုင်ငံရေးအကြောင်း သုတေသနတွေလုပ်ခဲ့သည်။ နဒီလှိုင်သည် မြန်မာ-အမေရိကန် တစ်ဦးဖြစ်ပြီး အလွတ်တမ်း စာရေးဆရာတစ်ဦး ဖြစ်သည်။ “ပိတောက်ပုံပြင်” YouTube Channel ၏ လက်ရှိတင်ဆက်သူတစ်ဦးဖြစ်သည်။