NEWS

၂၀၂၁ မတ်လ ၁၄ ရက်နေ့က စက်ရုံမီးလောင်ခဲ့တဲ့ GTIG Easter 3 စက်ရုံဝန်ထမ်းတွေ ယနေ့ထိ ကြားကာလ နစ်နာကြေးမရသေး၊ လက်ရှိမှာ အိုတီအတင်းအကျပ်ခိုင်းစေမှုတွေ ကြုံတွေ့နေရဟုဆို

CoverLogo
1.2K Views

စစ်တပ်နဲ့ရဲက ၂၀၂၁ မတ်လ ၁၄ ရက်နေ့မှာ စက်မှုဇုန်မြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ ရွှေပြည်သာ တို့မှာ လူထုသပိတ်တွေကို ဖြိုခွင်းခဲ့တာပါ။ အဲ့ဒီနေ့က မီးလောင်ခဲ့တဲ့ စက်ရုံတွေအနက် GTIG Easter  3  စက်ရုံလည်း အပါအဝင်ဖြစ်ပြီး စက်ရုံပိတ်ထားစဉ်က အလုပ်သမားတွေကိုပေးချေရမယ့် ကြားကာလနစ်နာကြေးကိုလည်း ယနေ့အထိ ပေးချေခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

“နှစ်ကြေးပေးတာတွေက အရင်က တစ်နှစ်ကို ၄၈၀၀၀ ရတယ် မီးလောင်ပြီးနောက်မှာ အပြည့်မရတော့ဘူး မေးတော့ တလမှာ လုပ်သက်ရက် ၂၀ ရှိမှ လုပ်သက်ခံစားခွင့်ရမှာတဲ့ မီးလောင်ထားတဲ့အတွက် မီးလောင်တုန်းက ပိတ်ထားတဲ့လတွေအတွက် တစ်ရက်စီ ၄၈၀၀ ဖြတ်ရတာလို့ပြောတယ်။ မီးလောင်တုန်းက စက်ရုံရပ်ထားတုန်းက ဘာမှမထောက်ပံ့ဘဲနဲ့ နှစ်ကြေးကျမှ ဘာလို့ ဖြတ် တာလဲဆိုတော့  ကိုယ်ပိုင်အော်ဒါမရှိတော့ စက်ရုံဘက်က ခက်ခဲနေတယ် ဒီကာလကိုကျော်ပြီး ကိုယ်ပိုင်အော်ဒါရရင် ဝန်ထမ်းတွေကို ဒီအတိုင်းကြည့်မနေပါဘူး ဝန်ထမ်းတွေရဲ့ ကျေးဇူးကိုလည်း မမေ့ပါဘူးလို့ ပြောတယ်” လို့ အဆိုပါ GTIG Easter  3 စက်ရုံက ဝန်ထမ်းတစ်ဦးက ပြောဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာ စက်မှုဇုန်မှာ တည်ရှိတာဖြစ်ပြီး စက်ရုံရပ်နားထားစဉ် ဝန်ထမ်း ၁၉၀၀ ကျော်ရှိပြီး စက်ရုံဘက်မှ မည်သည့် ထောက်ပံ့ကြေးမှမရခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဝန်ထမ်းခံစားခွင့်ရှိသည့် နှစ်ကြေးကို အပြည့်အဝမပေးဘဲ မီးလောင်စဉ်က ရပ်ထားသည့် ရက်များအတွက် ပြန်လည် ဖြတ်တောက်နေသဖြင့် မိမိတို့ ရသင့်ရထိုက်သည်များကို မရရှိတဲ့ အတွက် ကျေနပ်မှုမရှိဘူးလို့  စက်ရုံလုပ်သားတွေကပြောပါတယ်။

“ခုချိန် ကိုယ်ပိုင် အော်ဒါက ၃ လေးခုလောက်ဝင်နေပြီ ဘရန်းတွေ ရော အဲ့တော့လည်း ဘာမှ မလုပ်ပေးဘူး သူဌေးနဲ့ညှိမယ်ချိန်းပေးပါဆိုတော့ ပေးမတွေ့ဘူး ရှာတော့လည်း စက်ရုံမှာမရှိဘူး ကျနော်တို့ သွားညှိမယ်ဆိုရင် စက်ရုံကသူဌေးက စက်ရုံမှာမရှိတော့ဘူး ဘယ်ကိစ္စမျိုးပဲရှိရှိ ကျနော်တို့စက်ရုံမှာ လုံးဝညှိနှိုင်းလို့မရဘူး” လို့  လုပ်သက်ရင့်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ်  ၃ လပိုင်း ၁၄ ရက်နေ့က စက်ရုံမီးလောင်မှု ဖြစ်ပွားပြီးနောက် ၂၀၂၁ ၁၂ လပိုင်း ၆ ရက်နေ့  မှာ တရားဝင် ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

“မီးလောင်ပြီးအလုပ်ပြန်ခေါ်တော့ နယ်ဝေးသမားတွေကို ၃ ရက်ပဲအချိန်ပေးတယ် ကားမရလို့ လာမရတဲ့လူတွေ ကို ဖြုတ်ပစ်လိုက်တယ် ရှိတဲ့သူတွေကိုကျတော့ စဝင်တော့ နေ့စားနဲ့ အစမ်းခန့်ကာလသဘောပေါ့ တဖြည်းဖြည်းနဲ့မှ လစားထဲပြန်ထည့်ပေးလိုက်တာ စက်ရုံမှာ အိုတီကိစ္စပဲညှိညှိ ဘာပဲ ညှိညှိ လုံးဝညှိနှိုင်းလို့မရဘူး” လို့ အမည်မဖော်လိုတဲ့ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ အချိန်ပိုကို တနင်္ဂနွေပိတ်ရက်ပါ ခေါ်ယူနေပြီး  ည ၇ နာရီခွဲထိ နေ့စဉ် ခေါ်ယူကာ အခါကြီး ရက်များနှင့်  ပိတ်ရက်လည်း နားနေခွင့်မရှိတော့လို့ အခက်တွေ့နေရတယ်လို့ အဆိုပါစက်ရုံဝန်ထမ်းတွေက ပြောပါတယ်။

စက်ရုံဘက်က သတ်မှတ်ထားတဲ့ အော်ဒါဒိတ် အရမ်းနီးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  တစ်လလျှင်  ညနေ ၆ နာရီခွဲထိ ၂ ပတ်နဲ့  ၇နာရီ ခွဲထိ ၂ ပတ်အချိန်ပိုဆင်းရမှာဖြစ်ပြီး  တနင်္ဂနွေကို ၄ ပတ်မှာ ၂ ပတ်ဆင်းရမယ်ဆိုပြီး အတင်းအကျပ်ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ယခုလို အော်ဒါဒိတ်နီးနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အချိန်ပိုခေါ်ယူနေတဲ့ကိစ္စကို အ.လ .ဆ ကို သွားရောက်တိုင်ကြားခဲ့ရာ လာ ရောက် ညှိနှိုင်းပေးပေမယ့် စက်ရုံဘက်က လိုက်နာမှုမရှိတဲ့အပြင် စစ်တပ်နဲ့ ပါ ခြိမ်းခြောက်နေလို့ အလုပ်သမားတွေအနေနဲ့ မလှုပ်သာတဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

“၆ ခွဲ ၂ ပတ် ၇ ခွဲ ၂ ပတ် ဆန်းဒေး ၂ ပတ်ကို သဘောတူလက်မှတ်ထိုးလိုက်ရတယ် စိတ်ထဲမပါဘူး ညှိနှိုင်းလို့လည်းမရဘူး တိုင်လည်းမရဘူး မတတ်နိုင်လို့ ထိုးပေးခဲ့ရတယ်” လို့ ဝန်ထမ်းတစ်ဦး ကပြောပါတယ်။
GTIG Easter စက်ရုံမှာ HK WORKS LONDON, LEFTIES, Vanilla Studio, CLOSSHI အစရှိတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Labour News
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026