NEWS

အောစူပါနှင့် အလုပ်သမားများကြား ဆုကြေး အဆ ၃၀ ကွာ ၊ စူပါနှင့် သုံးဆ ကွာ (ဘာကြောင့် ဆုကြေးတွေ အဆ ကွာရသလဲ)

CoverLogo
72 Views
 
ကိုကြီးကျော် .....
ကိုကြီးကျော် စာတွေ မရေးတော့ဘူးလား။ စာတွေလည် ရေးထားတာ သိပ်မတွေ့ရဘူးနော်။
ညီမလည်း စက်ရုံထဲမှာ အပူဒဏ် သက်သာအောင် ပိုင်ရှင်ကို တိုက်တွန်းနေရတာနဲ့ ကိုကြီးကျော်ဆီ စာတွေ မရေးဖြစ်ဘူး။
 
ရွှေပြည်သာမြို့နယ်မှာလည်း စက်ရုံ ဆန္ဒပြတာတွေ များလာသလိုပဲ ကိုကြီးကျော် ။ ဒေးကြေးတွေ တိုးပေးဖို့ တောင်းတဲ့နှုန်းထားတိုင်း ပြေလည်ကြတာ မတွေ့ရဘူးနော်။ .
 
တောင်းသလို မဖြစ်တာက ရွှေပြည်သာက စက်ရုံတွေက “ချန်းရိ”လောက် အလုပ်သမား မများ လို့လား မသိဘူး ကိုကြီးကျော် ။
 
အခုတိုး ပေးထားတဲ့ ဒေးကြေးဆိုတာက အမှန်တကယ်ဆို လောက်ငှတဲ့ လစာ မဟုတ်ဘူးလေ။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ နှစ်ဖက် အဆင်ပြေမယ့် ဒေးကြေး နှုန်းလေးဆိုရင်တော့ ပိုကောင်းမှာ။ ဒေးကြေး ၂၀၀၀၀ အထိ တောင်းကြပေမယ့် မရနိုင်ဘူးလို့ ညီမမြင်ပါတယ်။ ဒါကလည်း ညီမ တဦးတယောက်တည်း အမြင်ပါ။
 
၁၂၀၀၀ လောက် ဆိုရင်တော့ အဆင်ပြေတယ် ။ တကယ်လည်း ရစေချင်ပါတယ်။ ဒေးကြေး တိုးပြီဆိုတာနဲ့ အချိန်ပိုကြေးတွေလည်းလိုက် တိုးလာမှာပဲ ကိုကြီးကျော်။ အထည်ချုပ် စက်ရုံက အလုပ်သမားတွေ မျှော်တာက ဒေးကြေး၊ အချိန်ပိုကြေးနဲ့ ရက်မှန်ကြေးတွေ ပါပဲ။
 
ဒီနေရာ အရေးကြီးတဲ့ အကြောင်းအရာ တစ်ခု ပြောချင်တယ် ကိုကြီးကျော်။ ညီမတို့ နိုင်ငံမှာ လွဲမှားတဲ့ စီမံမှု စနစ်တခု အကြောင်းပါ။ အပေါ်မှာ ပြောထားသလိုပဲ အထည်ချုပ် အလုပ်သမားတွေ မျှော်လင့်နိုင်တာ သုံးမျိုး ပဲ ရှိတယ် ဆိုတာလေ။ တကယ်တော့ နောက် အလုပ်သမားတွေ ရတဲ့ ဆုကြေးဆိုတာ ရှိသေးတယ်။
 
အထည်အော်ဒါ တမျိုးမျိုး ချုပ်ပြီး တင်ပြီးသွားရင် စက်ရုံဘက်က ဆုကြေး ချီးမြှင့်ပါတယ်။ အဲ့ဒါကို သက်ဆိုင်တဲ့ အလုပ်သမားတွေက ခွဲဝေယူကြတာပေါ့။
 
ဒါပေမဲ့ မျှမျှတတ ဟုတ်မနေဘူး ကိုကြီးကျော်။
ဆုကြေး အများဆုံး ရတာက လိုင်းခေါင်းဆောင် စူပါတွေ၊ အောစူပါတွေပါ။ သိန်းဂဏန်း အတော်မျာများ ရကြပေမဲ့၊ လိုင်းထဲက စက်ချုပ် လုပ်သားတွေ၊ တခြားဌာနက ခေါင်းဆောင်မဟုတ်တဲ့ အလုပ်သမားတွေ ရတဲ့ ဆုကြေး ဆိုတာ သောင်းဂဏန်းလောက်ပါပဲ။
 
စက်ရုံက အော်စူပါတွေ၊ စူပါတွကို စက်ရုံဘက်က တိတ်တိတ်လေး ပေးထားတဲ့ လစာတွေ၊ ဆုကြေးတွေဆိုတာ စာရင်းပိုင်းက ရုံးဝန်ထမ်းတွေတောင် မသိကြဘူး။ ဒါကြောင့် အလုပ်သမားတွေ ဘယ်လောက် တောင်းဆိုဆန္ဒပြတာတွေ လုပ်လုပ် ခေါင်းဆောင်ပိုင်းတွေ မပါကြတာ။
 
အောစူပါ၊ စူပါတွေကို စက်ရုံဘက်က ခိုးကြောင် ခိုးဝှက်ပေးတဲ့ လစာတွေ အပြင် ဆုကြေးတွေ လည်းရှိတယ်။ စက်ရုံမှူးက လကုန်ရက်ရောက်တာနဲ့ စူပါတယောက်ချင်းစီ သူရုံးခန်းမှာ ခေါ်တွေ့တယ်။ လစာတွေ ထုတ်ပြီးတဲ့ အပြင် နောက်ထပ် လစာတွေ ထပ်ပေးတယ်။ ဆုကြေးတွေဆိုပြီး သီးသန့်ပေးတယ်။
 
ဒီလို များတဲ့ ဆုကြေး လစာတွေ ဘာကြောင့်ရနေလဲ ။
အလုပ်သမား အမျိုးသမီးတယောက် လာပြောတာကို ညီမ ပြောပြမယ် ကိုကြီးကျော်။ စူပါတွေ ရတယ်ဆိုတဲ့ လစာတွေ ၊ ဆုကြေးတွေ ဘာကြောင့် အဲ့လောက်များနေလဲ ဆိုတာ အခုမှ သိရတာ။
 
အဲ့ အလုပ်သမားရဲ့ စူပါက ည ၈နာရီ အထိ အချိန်ပိုလုပ်ခမပေးဘဲ အလုပ်ဆင်းခိုင်းတယ်တဲ့။ အပြင်မှာ ရေဝယ်သောက်ရင်တောင် ရေ တဗူး တစ်ထောင်ဖြစ်နေပြီ၊ အဲ့တော့ အလကားမဆင်းပေးနိုင်လို ပြန်ချလာတယ်တဲ့။ လကုန် လစာထုတ်ပြီး အလုပ်က ထွက်တော့မယ် ဆိုတဲ့ အကြောင်း လာပြောတာ။
 
ရေရှည်ဆက်သွားရင်လည်း အဲ့လို ပိုက်ဆံမရဘဲ အလကား ဆက်ခိုင်းနေမယ်ဆိုရင် ပြဿနာတွေ တက်လာမှာ စိုးရိမ်လို့ဆိုပြီး ရင်ဖွင့်တဲ့ သဘောနဲ့ ပြောပြတာ ကိုကြီးကျော် ။
 
အခုပြောတဲ့ အလုပ်သမားက စက်ရုံအမှာ အတော်အားကိုးရတယ်။ အောစူပါ၊ စူပါတွေက စက်မချုပ်ကြဘူးဆိုတာ ကိုကြီးကျော် သိမှာပါ။ အဲ့အလုပ်သမား အမျိုးသမီးက တယောက်တည်းကို ပွိုင့် ၅ ခု ချုပ်တယ် ကိုကြီးကျော် ။
စက်ရုံက ကြီးကြပ်ရေးမှူးတွေ ဆုကြေးမတ်ကြတာ မပြောလိုပေမဲ့ ၊ တပါးသူကို လုပ်ခမပေးဘဲ ည ၈ နာရီအထိ အလကားခိုင်းတာက မသင့်တော်ဘူးလေနော် … ကိုကြီးကျော်။
 
ဥပဒေအတိုင်းဆိုရင် အချိန်ပိုလုပ်ခိုင်းဖို့ဆိုတာ အလုပ်သမားတွေရဲ့ ဆန္ဒရှိမှ လုပ်ခိုင်းရမှာ။ နောက် လုပ်ခ လစာ ၂ ဆပေးဖို့လိုတယ် နော်။ ဒါတွေကို မပေးဘဲ အလုပ်သမားတွေကို ခိုင်းတယ်ဆိုတာ ဘယ်လို စိတ်တွေနဲ့ အလုပ်လုပ်နေကြလဲ ဆိုတာ မပြောတတ်တော့ဘူး.။
 
အဲ့လိုတွေ ကြားရတော့ ညီမလည်း စိတ်အဆင်မပြေဘူး။
ဒီလိုတွေ မြင်ရတွေ့ရတော့ ငါတို့ ကျွန်ခေတ်ကို ပြန်ရောက်နေလားလို့တောင် တွေးမိပါတယ်.. ကိုကြီးကျော်ရေ။
ညီမလည်း သူ့အတွက် ဖြေရှင်းပေးဖို့ ၊ မန်နေဂျာ ပြောပြပြီး ရှင်းပေးရမလား မေးတော့ စူပါနဲ့ စကားတွေ မများချင်ဘူး ထွက်ဖိုပဲရွေးတော့မယ်တဲ့ လေ။
 
ဒီကိစ္စကို ပြန်စုံစမ်းတော့ အချိန်ပိုလုပ်ဖို့ တလိုင်းကို ၁၀ ယောက်ခေါ်မယ်ဆိုပြီး စာရင်းတင်တယ်။ ဒါပေမယ့် နောက် အလုပ်သမား ၅ယောက်၊ ၁၀ယောက် ထပ်ခေါ်တာကို စူပါက စာရင်း တင်မပေးတာ၊ အလကားဆင်းခိုင်းတာ။
ဒါက မတော်တဆ အမှားမဟုတ်ပါဘူး ။ စူပါတွေ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာပါ။ ဒါမှ အထည်တွေပြီးမယ်၊ လုပ်ခတွေ သက်သာမယ်၊ ဒါဆို စူပါတွေ ဆုကြေးတွေ သိန်းနဲ့ ချီ ရမယ် ။ ဒါမျိုးတွေးနေတာ ကိုကြီးကျော်။ တအား ရက်စက်ကြတယ်။
 
စူပါတွေ အခုလို လုပ်တာကို တရုတ်တွေနဲ့ စက်ရုံမှူး မသိစရာမရှိဘူး။ အထည်တွေ ရလို့ မသိသလို နေကြတာ … ကိုကြီးကျော်။
 
စူပါတွေက ဆုကြေး မတ် တယ်။ အချိန်ပို အလကားဆင်းခိုင်းထားတဲ့ အထည်တွေကို နောက်ရက် စံချိန်ထဲမှာ ထည့်ပေး။ စံချိန်တွေ များတော့ စူပါတွေ ဆုကြေးတွေ အများကြီး ရကြတော့တယ်။
 
လချုပ် ဆုကြေးဆိုလည်း ရှိသေးတယ်။ စက်ချုပ်တဲ့ လိုင်းသားတွေက သုံးသောင်းလောက်ရရင် အောစူပါက ၉ သိန်း ရတယ်။ အဆပေါင်း ၃၀ ကွာတယ်တယ်နော်။
 
အပတ်စဥ်ဆုကြေးဆိုလည်း လိုင်းသား တသောင်းလောက်ရတယ်ဆို အောစူပါက တစ်သိန်းလောက်ရကြတာ။
စူပါကတော့ လိုင်းသားရဲ့ သုံးဆ ရပါသတဲ့… ကိုကြီးကျော်ရေ။
 
ညီမလည်း မမျှော်လင့်ပဲ သိလိုက် တွေ့လိုက်ရတာ။ ဒါကြောင့် ပြောပြနိုင်တာ။ အဲ့ကတည်းက စိတ်အဆင်မပြေလို့ ကိုကြီးကျော်ကို အခုမှ ရင်ဖွင့်ရတာပဲ အကိုရေ.။
 
အခုတလော ဖျားကြတော့ ကျန်းမာရေး ဂရုစိုက်ဦး ကိုကြီးကျော်။ နောက်မှ တွေ့ကြဦးမယ်နော်။
ခင်တဲ့
မေသူ

Related posts

Cover
ETEC နှင့် EI အီလက်ထရောနှစ်စက်ရုံ အလုပ်သမားများ ဆက်လက်တောင်းဆိုနေ
Jun 06, 2025
Cover
ILO ရဲ့ အရေးယူမယ့်ဆုံးဖြတ်ချက်အပေါ် မစိုးရိမ်ကြဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနတုန့်ပြန်
Jun 06, 2025
Cover
Joy Time Garment စက်ရုံလုပ်သားများ တောင်းဆိုမှု ပြေလည်မှုရ
Jun 06, 2025
Cover
J&F Myanmar LNY Caps စက်ရုံ အချိန်ပို တစ်လ နာရီ ၉၀ ကျော် လုပ်ခိုင်း
Jun 06, 2025
Cover
မြန်မာကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။
Jun 06, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံ နှင့် အလုပ်သမားများ သဘောတူညီမှုရရှိ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံလုပ်သားများ လုပ်ခလစာတိုးမြှင့်ရေး တတိယမြောက်နေ့တောင်းဆို”
Jun 05, 2025