NEWS

အိန္ဒိယ_မြန်မာ နယ်စပ်တလျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု အစီရင်ခံစာထွက်ရှိ

CoverLogo
460 Views
 
မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်က ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေ အတွက် ခိုလှုံရာဖြစ်လာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြန့်ကျဲအားနည်းနေသလို အမေရိကန် ပြည်ထောင်စုက ပေးအပ်တဲ့ ဒေါ်လာ ၃၉ သန်း တန်ဖိုးရှိ အကူအညီတွေ ရပ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲ တွေကြောင့် ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ သိရပါတယ်။
 
မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေအကြောင်း အသားပေးဖော်ပြထားတဲ့ Exile Hub ရဲ့ "အိန္ဒိယ_မြန်မာ နယ်စပ်တလျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု" အစီရင်ခံစာမှာ တွေ့ရှိချက်တွေနဲ့ အကြံပြု တိုက်တွန်းချက်တွေကို ဖော်ပြထားပါတယ်။
 
နေရပ်စွန့်ခွာထွက်ပြေးသူတွေအနေနဲ့ အစားအစာ ၊ အမိုးအကာ၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ်ရရှိဖို့ ခက်ခဲနေပြီး ဒုက္ခသည်တွေအတွက် တရားဝင် အသိအမှတ်ပြုမှု သို့မဟုတ် အကာအကွယ်ပေးမှု မရရှိသလို ကူညီဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းတွေအနေနဲ့ တည်းကြပ်တဲ့ စိစစ်မှု၊ ရန်ပုံငွေနဲ့ အရင်းအမြစ် အကန့်အသက်တွေအပြင် တရားဥပဒေဆိုင်ရာ မရေရာမှုတွေ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
မီဇိုလူမျိုးတွေနဲ့ ချင်းလူမျိုးတွေအကြား ရင်းနှီးခိုင်မာသော လူမျိုးနွယ်တူ ဆက်နွယ်မှု တွေရှိပေမယ့် အိန္ဒိယနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေမူဘောင် ၊ ကျဉ်းမြောင်းလာတဲ့ အရပ်ဖက််နယ်ပယ် နဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအခြေအနေအပေါ် နိုင်ငံရေးအရ သဘောထားမပြတ်သားမှုတို့ကြောင့်လည်း ဒုက္ခသည် ကူညီထောက်ပံ့ရေးအခြေအနေဟာ မတည်ငြိမ်ဘူးလို့ ဆိုပါတယ်။
 
အစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက်အနေနဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာ၊ အိန္ဒိယနိုင်ငံရဲ့ ရန်ပုံငွေထိန်းချုပ်ရေးဥပဒေ FCRA ကြောင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေ ထွက်ခွာစေခဲ့ရတဲ့အတွက် အရင်းအမြစ်မလုံလောက်မှုတွေရင်ဆိုင်ရတာ၊ ချင်းတော်လှန်ရေးအဖွဲ့များ အုပ်စုကွဲမှုက အချို့သော ဒုက္ခသည်စခန်းတွေမှာ အကူအညီခွဲဝေမှု မညီမျှခြင်းများဖြစ်ပေါ်စေတာ၊ ထိရောက်တဲ့ နိုင်ငံတကာအကူအညီတွေမရရှိတာ ကြောင့် ဒုက္ခသည် ၈၃,၀၀၀ ကျော်အတွက် အခက်အခဲတွေပိုမိုဆိုးရွားလာစေတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
"လူတွေက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာကြပြီး တဖက်မှာလည်း ရန်ပုံငွေတွေက ပြတ်လပ်လာပါတယ်၊ အခုချက်ချင်း အရေးယူဆောင်ရွက်မှုတွေမလုပ်ဖူးဆိုရင် လက်တွေ့မြေပြင်မှာ အလုပ်လုပ်နေတဲ့ လည်ပတ်နေတဲ့ တခုတည်းသော စနစ်တွေကိုပါ ကျွန်မတို့ ဆုံးရှုံးရနိုင်ပါတယ်"လို့ Exile Hub ရဲ့ သုတေသနဦးဆောင်သူ Yucca Wai ကပြောပါတယ်။
 
နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ အိန္ဒိယ နိုင်ငံရှိ နယ်စပ် အခြေပြု ဝင်ရောက် ကူညီမှုတွေ ဦးစားပေးဆောင်ရွက်ဖို့ ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအနေနဲ့ လူမျိုးရေး နှင့် နိုင်ငံရေးအမြင် ကွဲပြားမှုတွေကို ကျော်လွန်ပြီး အားလုံးပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပွင့်လင်းမြင်သာတဲ့ ချဉ်းကပ်မှုတွေကို ကျင့်သုံးဖို့ ၊ အိမ်ရှင် အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေနဲ့ ကူညီဆောင်ရွက်သူတွေအတွက် တရားဥပဒေဆိုင်ရာ နဲ့ ဘေးကင်းလုံခြုံရေး လိုအပ်ချက်တွေကို အသိအမှတ်ပြုဖို့ အစီအရင်ခံစာမှာ ဖော်ပြ တိုက်တွန်းထားပါတယ်။
Photo credit to - Ko Yan Naing Aung

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026