NEWS

အလုပ်သမား ၁၀၀၀ ကျော်ကို ည ၁၂ နာရီအထိ အချိန်ပို ၂ လ ဆင်းခိုင်းပြီး အချိန်ပိုကြေးမရှင်းပေး ကိုယ်ဝန်ဆောင်တွေကို မီးဖွားခွင့်မပေးဘဲအလုပ်ထုတ်

CoverLogo
114 Views

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင် ၂ လလုံး မနက် ၇ နာရီ ခွဲကနေ ည ၁၂ နာရီထိ အလုပ်သမား ၁၀၀၀ ကျော်ကို  အလုပ်ချိန် အလွန်အကျွံခိုင်းစေခဲ့ပြီး အချိန်ပိုကြေးတွေကိုလည်း မရှင်းပေးဘူးလို့ He MeT Company Limited အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ ထမင်းစားခုံတွေမလုံလောက်တာကြောင့် ဖြစ်သလို ထိုင်စားရတာ ရေအိမ်တွေ သန့်ရှင်းမှုမရှိတာ ၊ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို ပုံမှန်အလုပ်သမားနဲ့ တန်းတူခိုင်းစေတာ  မီးဖွားခွင့်မပေးတာကြောင့် အလုပ်ထွက်ရတာ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းမှုမရှိတာ တွေ ဖြစ်ပေါ်နေပြီး တာဝန်ရှိသူတွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးစေလိုတယ်လို့ စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ မီတာရုံးဘေး၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး အဲ့ဒီအလုပ်သမား တွေအကုန်လုံး နေ့စားအဖြစ် ၆ လ လုပ်ကိုင်ပြီးမှ အတည်ပြုဝန်ထမ်းခန့်အပ်တာကြောင့် အလုပ်သမားတွေ နစ်နာခဲ့ရတယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ ပြောပါတယ်။ everme၊ MAKE TODAY AMAZING စတဲ့အမှတ်တံဆိပ်  ဂျာကင်အင်္ကျီ ဝယ်လွန်သားအထည်တွေချုပ်တာလို့ သိရပါတယ်။

"အလုပ်သမားတွေအကုန်လုံးကို နေ့စားလို့သတ်မှတ်ထားတာ လုပ်သက် ၆ လမပြည့်တဲ့အလုပ်သမားအားလုံးကို စနေနေ့မှာလည်း အလုပ်ချိန် နေ့လည် ၁၂ နာရီကနေ ည ၇ နာရီထိဆင်းရလဲ အချိန်ပိုကြေး လုံးဝမပေးဘဲ ယနေ့အချိန်ထိ ခိုင်းတာပါ။ ၁၃၊၁၄၊၁၅နှစ် အရွယ်ရှိ လူငယ်၊ လူရွယ်အလုပ်သမားအများ အပြားကိုလည်း ခိုင်းနေပါတယ်။ သူတို့က ဟက်ပါ၊ ခဲဆွဲ၊ စက်ချုပ်လုပ်ခိုင်းပြီး လူကြီးအလုပ်သမားတွေနဲ့  တန်းတူအလုပ် လုပ်ရတယ်။ အထည်စံချိန်အတူတူပေးရတယ် ။ အလုပ်လုပ်တော့ လူကြီးလိုလုပ်ရတယ် ပိုက်ဆံရှင်းပေးတော့ လူကြီးလိုမရဘူး ကလေးအလုပ်သမားတွေကို အဓမ္မ ခိုင်းပြီး ခေါင်းပုံဖြတ်နေတာပါ"လို့ အဆိုပါ စက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။ 

အဆိုပါလုပ်ငန်းခွင်ထဲကို အလုပ်သမားစစ်ဆေးရေးရုံးမှာ လာရောက်စစ်ဆေးလျင်လည်း စက်လိုင်းထဲဝင်ကြည့်တာမျိုးမရှိဘဲ မန်နေဂျာနှင့်သာ တွေ့ဆုံပြီး ပြန်သွားတာသာ တွေ့မြင်ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"စစ်ဆေးရေးရုံးက လာစစ်လဲ ဘာမှမပြောင်းသွားဘူး အခြေအနေပိုဆိုးသွားတာပဲရှိတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေကို ခံစားခွင့်မပေးထားဘဲ အလုပ်တရက်ပျက်ပါက ဒေးကြေး(၅၈၀၀)၊ ထောက်ပံ့ကြေး (၁၀၀၀)၊ ရက်မှန်ကြေး (၁၀၀၀၀)ကျပ်နှင့် ကျွမ်ကျင်ကြေး A၆၀၀၀ကျပ်၊ B၅၀၀၀ကျပ်၊ C၄၀၀၀ကျပ်ကိုပါ အဆင့်လိုက်ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

"အလုပ်သမားတွေနေထိုင်မကောင်းလို့ဖြစ်စေ အရေးပေါ်ကိစ္စရှိလို့ ဖြစ်စေ ဖုန်းဆက်ပြီးခွင့်တိုင်ရင်မပေးဘူး ဒေးကြေးတွေ အများကြီး အဖြတ်ခံရတယ် အလုပ်သမားက နေမကောင်းလည်း လုပ်ငန်းခွင်ထဲလာရတယ် မခံနိုင်လို့ ဆေးခန်းသွားပြဖို့ ဂိတ်ပက် တောင်းရင် တနာရီကို တထောင်ဖြတ်တယ် ဆေးခန်းပြတာလဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြရတာ ကျန်းမာရေးစောင့်ရှောက်မှုမပေးထားဘူး"လို့ အမျိုးသမီးအလုပ်သမားကပြောပါတယ်။

အလုပ်ချိန်က နံနက် ၇ နာရီ ၃၀ ကနေ နေ့လည် ၁၂ နာရီ၊ နေ့လည် ၁၂ နာရီ ၃၀ ကနေ ည ၆ နာရီအထိ ပုံမှန်အလုပ်ချိန်လို့ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂ လမှာ ည ၁၂ နာရီ ထိ အချိန်ပိုဆင်းခဲ့ရပြီး အဲ့ဒီလုပ်အားခတွေမရသေးဘူးလို့လည်း အလုပ်သမားတွေကပြောပါတယ်။ 

"အချိန်ပိုကို ၆ လပိုင်း တစ်လလုံးလုံး ၊ ၇ လပိုင်းတလလုံးလုံး ည ၁၂ နာရီအထိ ဆင်းခဲ့ရပါတယ် အချိန်ပိုကြေးကို အခုထိ ရှင်းမပေးပါဘူး အချိန်ပိုကြေးမပေးဘဲ တဖက်လှည့်နဲ့ အထည်ပိုဆုကြေးပေးမယ်ပြောပြီး အချိန်ပိုဆင်းခိုင်းတာပါ အခုလို လိမ်ပြီးခိုင်းတာကို သိပေမယ့် မပြောရဲကြလို့ အလုပ်ရှင်ခိုင်းသလိုလုပ်နေရတာပါ အထည်ပိုဆုကြေးကလည်း စက်ချုပ်သမားတယောက်ကို အများဆုံးမှရမှ ၅ သောင်းပဲ"လို့ အလုပ်သမားကပြောပါတယ်။

အခုလို အချိန်ပို ၂ လတိတိဆင်းခိုင်းပြီး လုပ်ခလစာလိမ်လည်ရယူနေတာကို အလုပ်သမားတွေက ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

"စူပါ လီတာတွေကျတော့ အလုပ်ရှင်ဘက်က သတ်မှတ်ပေးတဲ့ တားဂတ်ပြည့်ရင် စူပါက ၁၀ သိန်း လီတာ ၃ သိန်းရတော့ စူပါ လစာက ၈ သိန်းဆိုတော့ တားဂတ်တဆ ပြည့်ရင် ၈ သိန်း နှစ်ဆပြည့်ရင် နောက်ထပ် ၈ သိန်း ရတော့ အလုပ်သမားတွေကို စူပါက ဖိအားပေးပြီး အလုပ်ရှင်အကြိုက်ခိုင်းတော့တာ စူပါ လီတာတွေက သူတို့ပိုက်ဆံရရေးပဲလုပ်တော့ ကျန်တဲ့ အလုပ်သမား ထောာင်နဲ့ချီပြီး နစ်နာနေရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး လုပ်ခမရှင်းပေးတာအပြင် အထည်စံချိန်အလွန်အကျွံတောင်းခံသေးတယ်လို့ ဆိုပါတယ်။

စံချိန်ကို စက်လိုင်းတစ်လိုင်းလျှင် အလုပ်သမား ၅၀ ရှိပြီး တနာရီကို တစ်ဦးလျှင် အထည် ၅၀ ပေးရပြီး ပွိုင့် ၂ ခုချုပ်လုပ်တဲ့အလုပ်သမားက အထည် ၁၀၀ ချုပ်ပေးရတယ်လို့ ပြောပါတယ်။

"သူတို့တောင်းတဲ့နှုန်းထားမရလို့ရှိရင် အောစူပါတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောတာ ဆဲတာတွေလုပ်တယ် လစာပေးတော့ ၇ ရက်နေ့မှ ပေးတာ "လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်စတင်ချိန်ဟာ နံနက် ၇ နာရီ ၃၀ ဖြစ်ပေမယ့် လုပ်ငန်းခွင်ထဲကို ၇ နာရီ နောက်ဆုံးထားအရောက်သွားရပြီး ညနေ အလုပ်မှပြန်လွှတ်ပါက ဖယ်ရီကားများနောက်ကျမှ ရောက်လာပြီး ပို့ဆောင်ပေးတာကြောင့် သေချာစွာ စီမံဆောင်ရွက်ပေးတာမရှိဘဲ အလုပ်သမားတွေအိမ်ပြန်နောက်ကျတာတွေအတွက်လည်း ပြုပြင်ပေးစေလိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ နေမကောင်းသဖြင့် ခွင့်တောင်းပြီး နားနေသောအလုပ်သမားကို စူပါမှ အိပ်တယ် ဟုအကြောင်းပြကာ အလုပ်ထုတ်ပိုင်ခွင့်ရှိသူမဟုတ်ဘဲ အလုပ်မှ ထုတ်ပယ် ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ မကြာခဏ အလုပ်ကနေ ဥပဒေမဲ့အလုပ်ထုတ်တာတွေ ကျူးလွန်နေတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေထံက တဦးလျှင် ကျပ် ၁ သောင်း ဖြတ်တောက်ခြင်း ၊ ဆုကြေးတွေ ဖြတ်တောက်ခြင်း အလုပ်ထွက်သွားသူတွေရဲ့ ဆုကြေးတွေကို ဖြတ်တောက်ယူထားခြင်း စတာတွေကြောင့် နစ်နာနေရတယ်လို့ ပြောပါတယ်။

"အလုပ်ထွက်တဲ့လူတွေ အလုပ်ပျက်တဲ့လူတွေလည်းများတော့ ခေါင်းပုံဖြတ်ဝင်ငွေက မနည်းမနောပဲ စူပါတွေက ကြမ်းတမ်းပြီး ရိုင်းစိုင်းနေတော့ အလုပ်သမားတွေကကြောက်နေရတယ် ဘာမှမပြောရဲကြဘူး"လို့ ပြောပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်က  လူငယ်၊ လူရွယ်အလုပ်သမားများကို လူကြီးအလုပ်သမားများနဲ့ တန်းတူမခိုင်းစေရန်။
၂။ အလုပ်ရှင်ဘက် အလုပ်သမားများ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ ကိုယ်ဝန်ဆောင်သယ်များကို အလုပ်ထုတ်ခြင်းမပြုလုပ်ရန်နှင့် မီးဖွားခွင့်ပေးရန်။
၄။ စူပါများမှာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းများကို အလုပ်ရှင်ဘက်က တာဝန်ယူဖြေရှင်းပေးရန်။
၅၊။ စူပါများမှာ အလုပ်သမားများလစာထဲ ဆုကြေးငွေထဲမှ ခေါင်းဖြတ်ချင် မပြုလုပ်ရန်။
၆။ ၃လပြည့်ပြီးသော အလုပ်သမားများကို အလုပ်ရှင်ဘက်မှ အတည်ပြုဝန်ထမ်းခန့်အပ်ရန်။
၇။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ အလုပ်ပြန်ချိန်အတွက် ဖယ်ရီကားကို အချိန်တိကျစွာ လုပ်ဆောင် ပေးရန်။
၈။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို လစာကို၅ရက်နေ့တွင် အတည်ကျထုတ်ပေးရန်။
၉။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ညဘက် ၁၂နာရီအထိ ၂လတိတိဆင်းခဲ့သော အချိန်ပိုအိုတီကြေးကို ပြန်လည်ရှင်းပေးရန် စတာတွေ ဖြေရှင်းပေးဖို့ He MeT Company Limited အလုပ်သမားတွေက တောင်းဆိုထားပါတယ်။ 


Related posts

Cover
Myanmar SHIN WON GARMENT အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံခိုင်းစေခံနေရ
Sep 16, 2024
Cover
ရွှေပြည်သာ ထန်းခြောက်ပင် ဂိတ်က ကယ်ရီလုပ်ကိုင်သူတွေကို စစ်သင်တန်းတက်ရန်ဖိအားပေးနေ
Sep 16, 2024
Cover
စားအုန်းဆီ စာအုပ်နဲ့ခွဲတမ်းထုတ်ယူရန် စက်ရုံလုပ်သားများအတွက် အခက်အခဲရှိနေ
Sep 16, 2024
Cover
ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးရန် MYANMAR BAG စက်ရုံငြင်းဆို
Sep 15, 2024
Cover
ကျော်ကျော်နှင့် ဇော်ဇော်
Sep 13, 2024
Cover
အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့ မလောက်ငှလို့ အလုပ်ရပ်ဆန္ဒပြစဉ် ခြိမ်းခြောက်ဖြိုခွင်းခံရ
Sep 12, 2024