NEWS

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသက်နှင်းအောင်ဖမ်းဆီးထားမှု အဆက်အသွယ် ပြတ်တောက်နေဆဲဟုဆို

CoverLogo
1.2K Views

ဖမ်းဆီး ခံထားရတဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသက်နှင်းအောင်နဲ့ ပတ်သက်ပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ၎င်းရဲ့အဖွဲ့အစည်းဖြစ်တဲ့ MICS ကနေ သိရပါတယ်။

ဦးသက်နှင်းအောင်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံခဲ့ရစဉ် အစောပိုင်းကာလကသာ အခြေအနေတချို့ကို သိခဲ့ရကာ လက်တလောမှာ ၎င်းရဲ့ရှေ့နေနဲ့ရော၊ မိသားစုနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

MICSရဲ့ ဗဟိုကော်မတီဝင်တစ်ဦးက "ပထမတုန်းကတော့ ၁၇(၁) နဲ့ တောင်ဒဂုံ တရားရုံးမှာ ရုံးထုတ်သေးတယ်၊၅၀၅(ခ)နဲ့ ၁၇(၁) ပါတယ်ဆိုပြီးတော့လေ၊နောက်ပိုင်းကျတော့ ကျွန်တော်တို့ ရှေ့နေပါဝါလည်း တင်လိုက်ရော၊သူတို့က ရုံးမထုတ်တော့ပဲနဲ့ ကိုသက်နှင်းအောင်ကို စစ်ခုံရုံးပြောင်းတယ်၊၂၄ တွေ ၂၂ တွေလည်း ထပ်ပါလို့ စစ်ခုံရုံးကပြောင်းစစ်တယ်ဆိုတာမျိုး၊ စစ်ခုံရုံးကို ပြောင်းသွားတယ်ဆိုတော့ ကျွန်တော်တို့က ရှေ့နေပါဝါပဲ တင်လိုက်ရတာပေါ့နော်၊ ရှေ့နေလိုက်ခွင့်က မရလိုက်ဖူး၊ အဲ့ဒီကတည်းက နေပြီးတော့ အမှုစစ်တာလား၊ မစစ်တာလား ဘာမှလည်း  စစ်ခုံရုံးဆိုတော့ စုံစမ်းလို့ မရတော့ဘူး၊ ဘာပုဒ်မတွေလဲ စုံစမ်းလို့မရတော့ဘူး၊အဲ့ဒီလို အဆက်အသွယ်ပြတ်သွားတာ"လို့ ပြောပါတယ်။

ဦးသက်နှင်းအောင်ကို ဘာပုဒ်မတွေနဲ့ တရားစွဲထားလဲ ဆိုတာကို အတိအကျမသိရသလို လတ်တလောမှာတော့ စစ်ခုံရုံးကနေ အရပ်ဘက် တရားရုံးကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သိထားခဲ့ရကြောင်းသာ MICS ရဲ့ ဗဟိုကော်မတီဝင်က ဆိုပါတယ်။

၂၀၂၁ခုနှစ် ဇွန်လ ၁၄ရက်နေ့ နေ့လည်ပိုင်းက မန္တလေးတိုင်း၊ မြစ်ငယ်မြို့၊ ဓနုံးကျေးရွာက  MICS အထက်မြန်မာပြည် ရုံးချုပ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ကြပြီး အဆိုပါရုံးပိုင် ပစ္စည်းအများအပြားကို သိမ်းပြီး ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါနေ့ ညနေပိုင်းမှာတော့ မြစ်လောင်း ကျေးရွာက ဦးသက်နှင်းအောင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပြီး နေအိမ်က ရွှေထည်နဲ့ ငွေကြေးတချို့ ယူဆောင်သွားခဲ့ကြောင်းသာ သိရှိထားရကြောင်း MICS ရဲ့ ဗဟိုကော်မတီဝင်က ပြောပါတယ်။

ဇွန်လ ၁၅ရက်နေ့မှာတော့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က MICSရဲ့ ရန်ကုန်ရုံးချုပ်ကို ဝင်ရောက် ရှာဖွေကာ ချိတ်ပိတ်ပြီး သော့ကို သိမ်းယူသွားတယ်လို့လည်း သိရပါတယ်။

ဦးသက်နှင်းအောင်ကတော့ တိမ်းရှောင်စဉ် ဇွန်လ၁၈ရက်နေ့ က ပေါင်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပေါင် မြို့ စစ်ကြောရေးစခန်းမှာ ၃ရက်စစ်ဆေးခဲ့ပြီး ရွှေပြည်သာ စစ်ကြောရေးသို့ ပြောင်းရွှေ့ခံခဲ့ရပြီးတဲ့နောက် အင်းစိန်ထောင်ကို ပို့ဆောင်ခံရထားကြောင်း ဇူလိုင်လ ၃၀ရက်နေ့က နောက်ဆုံးသိရှိခဲ့ရပြီးနောက် အဆက်အသွယ် လုံးဝမရရှိတော့ဘူးလို့ သိရပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026