NEWS

အလုပ်သမားအခွင့်အရေးဆိုးရွားစွာ ချိုးဖောက်ခံနေရတာတွေ ပြုပြင်ပြောင်းလဲပေးဖို့ လုပ်သားတွေတောင်းဆို

CoverLogo
2.1K Views

နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားပိုင် စက်ရုံမှာ အလုပ်သမားဥပဒေပါ ခံစားခွင့်တစ်ခုမျှမရရှိဘဲ ချိုးဖောက်ခံနေရတဲ့အပေါ် ပြုပြင်ပေးစေလိုတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေထံက သိရပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် လှသိင်္ဂီလမ်းမှာ ဖွင့်လှစ်ထားတဲ့  Myanmar Morning Flower(MMF)Garment အထည်ချုပ်စက်ရုံမှာ အဆိုပါ အလုပ်သမားအခွင့်အရေးတွေ ဆိုးရွားစွာ ချိုးဖောက်ခံနေရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံသားပိုင်လုပ်ငန်းလို့ သိရပြီး တရုတ်နိုင်ငံသားစက်ရုံမှူးက အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်စီမံနေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စက်လိုင်းသားတွေကို grade ကြေးမပေးတော့ဘဲ "လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက်"ဆိုပြီး အဆိုပါ တရုတ်နိုင်ငံသား စက်ရုံမှူးကပြောဆိုပြီး စက်လိုင်း ၂ နဲ့ ၄ တို့ကိုလည်း ဖျက်သိမ်းကာ စူပါ နဲ့ လီဒါ ကို ရာထူးလျှော့ချခိုင်းစေနေတယ်လို့ လည်း သိရပါတယ်။

အဆိုပါစက်ရုံမှာ United Athle Works၊  FEGATTA စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာ ဖြစ်ပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်သမား ၃၀၀ ဝန်းကျင်နဲ့လည်ပတ်နေတာလို့ အလုပ်သမားတွေထံကသိရပါတယ်။

စက်ရုံမှာ အလုပ်သမား ၃၀၀ ခန့်နဲ့လည်ပတ်နေပေမယ့် လုပ်သက် ၁ နှစ်ကျော်အလုပ်သမား ၁၀ ဦးသာရှိပြီး ကျန်အလုပ်သမားတွေကိုတော့ အော်ဒါနည်းပါးတဲ့အကြောင်းပြချက်နဲ့ အလုပ်က ထုတ်ပယ်တာ ပြန်ခန့်တာတွေလုပ်နေပြီး EC စာချုပ်ချုပ်ဆိုထားခြင်းလည်းမရှိသလို ခွင့် ရှောင်တခင်ခွင့် လူမှုဖူလုံရေး ခံစားခွင့်နဲ့ ကတ် မရရှိသလို ခံစားခွင့်တွေ တစ်ခုမှ မရရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"စနေနေ့မှာ ၈ နာရီဆင်းရတယ် ၄၈၀၀ ပဲရတယ် အိုတီကြေးမရဘူး တနင်္ဂနွေနေ့မှာ လည်း အိုတီမဆင်းရင် နောက်နေ့အလုပ်တန်းဖြုတ်တယ် ဥပဒေပါခံစားခွင့်ဆို ဘာတစ်ခုမှ မရတာ လုပ်သက် ၆ လကနေ ၈ လသမား ဟက်ပါ (Helper) တွေဆို ၃၆၀၀ ပဲရတယ် " လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်၊

"အိုတီကြေးဆို တစ်နာရီ ၉၀၀ ပဲ အလုပ်စဝင်ထဲက မှတ်ပုံတင် တစ်ခုပါရင် ရပြီ ဘာအထောက်အထားမှ မတောင်းဘူး အလုပ်ထုတ်ရင်လည်း ဘာမှလုပ်လို့မရဘူး သူတို့ဘက်က အဆင်မပြေတဲ့ အလုပ်သမားဆိုလဲ တန်းထုတ်ပစ်တာ"လို့ အခက်တွေ့နေတဲ့ အလုပ်သမားကပြောပါတယ်။

အထည်ချုပ်အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအတွက် သည်းခံလုပ်ကိုင်နေရပေမယ့် လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ ဥပဒေပါ အခွင့်အရေးတွေ ရရှိလိုတယ်လို့ ဆိုပါတယ်။

လုပ်သက် ၃ လပြည့်ပါက အတည်ပြုဝန်ထမ်းအဖြစ် လက်ခံရန် ၃ လပြည့်ပြီးတဲ့ အလုပ်သမားတွေကို ဒေးကြေး ၄၈၀၀ ပေးရန် တနင်္ဂနွေနေ့ကို အချိန်ပိုဆင်းရပါက အချိန်ပိုကြေးပေးချေရန်နဲ့ အချိန်ပိုမဆင်းပါက အလုပ်မထုတ်ရန် စနေနေ့မှာလည်း လုပ်အားခ အပြည့်အဝပေးချေရန် စတာတွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews

 

 

 

 

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026