NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို မသိကျိုးကျွံပြုပြီး ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ နိုင်ငံတကာအမှတ်တံဆိပ် တွေနဲ့ EU မြန်မာ ရုံးတွေကို အလိုမရှိဘူးလို့ အလုပ်သမားတွေပြော

CoverLogo
2.2K Views

လုပ်ငန်းခွင် အတွင်းအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို တိုင်ကြားသော်လည်း အရေးယူခြင်းမရှိဘဲ တာဝန်ယူမှု ကင်းမဲ့စွာ လစ်လျူရှု့ တဲ့ နိုင်ငံတကာ အမှတ်တံဆိပ်တွေ နဲ့ စစ်ကောင်စီကို အထောက်အပံ့ပေးပြီး မြေပြင်က အလုပ်သမားတွေအပေါ် အကျိုးမပြုတဲ့ အီးယူမြန်မာရုံး တွေကို အမြန်ဆုံးထွက်သွားပေးဖို့ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အလုပ်သမားတွေက  ပြောဆိုပါတယ်။

သမဂ္ဂတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း အပြစ်မဲ့ အလုပ်ထုတ်ခံရတာတွေနဲ့ ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးရာမှာ စက်ရုံဘက်က ဥပဒေနဲ့ ခြိမ်းခြောက်သလို စရိုက်ဆန်ဆန် ခြိမ်းခြောက်မှုတွေပြုလုပ်ကာ သမဂ္ဂခေါင်းဆောင်တွေကို  လုပ်ငန်းခွင် တည်မြဲမှုမရှိအောင် လုပ်ဆောင်ခဲ့တဲ့အတွက် စက်ရုံမှာချုပ်လုပ်နေတဲ့ အမှတ်တံဆိပ်တွေကို အကြောင်းကြားရာမှာလဲ မသိကျိုးကျွံပြုနေတယ်လို့ ရွှေပြည်သာ စက်မှုဇုန် ၃ ပုလဲလမ်းမှာ ဖွင့်လှစ်ထားတဲ့ Honor Apparel garment  သမဂ္ဂ ခေါင်းဆောင်ဟောင်းတစ်ဦးကပြောဆိုပါတယ်။

“စက်ရုံမှာ နာမည်ကြီးအမှတ်တံဆိပ် တွေချုပ်တယ် H&M  တို့ ZARA တို့ပေါ့နော် ဒီလိုပြသနာတွေဖြစ်တယ်ဆိုတဲ့ အကြောင်းကို အကူအညီတောင်းဆောင်ရွက်ခဲ့တယ် တိုင်ကြားမှုပြုလုပ်ခဲ့တယ် သို့သော်အခုအချိန်ထိ ဆက်သွယ်မှုမရှိခဲ့ဘူး အားနည်းခဲ့တယ်

လက်ရှိ Brands တွေကိုနောက်ဆုံးအနေနဲ့ ပြောချင်တာက မြန်မာနိုင်ငံကနေ ထွက်သွားဖို့ ပြောချင်တယ် အာဏာမသိမ်းခင်ကတည်းက အလုပ်သမားအရေးလုပ်တဲ့သူတွေကို ခြိမ်းခြောက်ခံခဲ့ရတယ် အလုပ်တွေထုတ်ပစ်ခံနေရတယ် အာဏာသိမ်းပြီးနောက်ပိုပြီးဆိုးလာတယ် မြေပြင်မှာဆို အလုပ်သမားတွေကို အိုတီမဆင်းလို့ အလုပ်ထုတ်ခံရတာအများကြီး ဒါကိုလည်း ဘရန်းတွေသိတယ် ဥရောပ သမဂ္ဂတွေလည်းသိတယ် အနည်းဆုံးအခကြေးငွေ မရတဲ့စက်ရုံတွေလည်း ရှိတယ် 
လွတ်လပ်စွာသမဂ္ဂဖွဲ့စည်းခွင့်မရှိဘူး ပျက်သုန်းသွားပြီ” လို့ အဆိုပါ သမဂ္ဂခေါင်းဆောင်က ပြောဆိုပါတယ်။

ဒါ့အပြင် ၂၀၂၀ ကိုဗစ်ကာလမှာကတည်းက ကပ်ရောဂါအကြောင်းပြပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတဲ့ခေါင်းဆောင်တွေကို အလုပ်ထုတ်တာတွေ ပြုလုပ်ခဲ့ပြီး လုပ်ငန်းခွင်အတွင်း မတရားမှုများကို တိုင်ကြားသော်လည်း အကြောင်းပြန်ကြားမှုပင်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ဒါကိုလည်းသူတို့သိတယ် ဒါတွေကိုသိပါလျက်နဲ့  Brands တွေအနေနဲ့ လစ်လျူရှု့ပြီးတော့ ရပ်တည်နေသေးတယ် ဒါတွေကိုအလုပ်သမားတယောက်အနေနဲ့ရော အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူအနေနဲ့ရော ဒါကိုကန့်ကွက်တယ် ရှုံ့ချတယ် အလိုမရှိဘူး ဒါကြောင့်မို့ မြန်မာနိုင်ငံမှာရှိတဲ့ Brands တွေရော အီးယူသံရုံးကိုရော အလုပ်သမားတစ်ယောက်အနေနဲ့ အလိုမရှိဘူး မြန်မာပြည်ကနေ ထွက်သွားဖို့ ပြောချင်တယ် မြန်မာနိုင်ငံမှာက အလုပ်သမားအခွင့်အရေးလူ့အခွင့်အရေးတွေကို မျိုးစုံချိုးဖောက်နေတာကို သိသိရက်နဲ့ မသိချင်ယောာင်ဆောင်ပြီးတော့ အာဏာသိမ်းစစ်တပ်နဲ့ပေါင်းပြီးတော့ မိမိတို့အကျိုးစီးပွားကိုလုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျတော့်အနေနဲ့လုံးဝ ကန့်ကွက်ပါတယ်”လို့ သမဂ္ဂခေါင်းဆောင်တစ်ဦးကပြောဆိုပါတယ်။

လက်ရှိမြေပြင်အခြေအခြေအနေအရ လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေကို အဓမ္မခိုင်းစေနေတာ အလုပ်သမား သဘော ဆန္ဒမပါဘဲအိုတီအတင်းဆင်းခိုင်းတာတွေ နဲ့ တနင်္ဂနွေ ပိတ်ရက်ကိုလဲ အချိန်ပို သို့မဟုတ် ရက်စားဆင်းခိုင်းတာမျိုးတွေ ပြုလုပ်နေတယ်လို့ အဆိုပါ စက်ရုံမှာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

အထည်ချုပ်လုပ်ငန်းခွင် အများစုမှာ အာဏာမသိမ်းခင်က ချုပ်ဆိုထားတဲ့ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ် ကို တဖက်သတ်ဖျက်သိမ်းပစ်တာတွေ ယခင်ထက် စံချိန်တိုးတောင်းကာ မနိုင်ဝန်ထမ်းနေရတဲ့ အခြေအနေတွေထိ လုပ်ဆောင်ခံနေရတယ်လို့သိရပါတယ်။

ယခုလို လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရသည့် အခြေအနေများမှာ တစ်နေ့တခြားပိုဆိုးလာပြီး ပေးတာယူ ကျွေးတာစား ခိုင်းတာ လုပ်ဆိုတဲ့ ပုံစံမျိုးထိ လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။

“အော်ဒါရှိလဲ အလုပ်သမားတွေအတွက် အကျိုးမရှိဘူး ဖြစ်နေတယ် ပေးတာယူကျွေးတာစားဖြစ်နေတယ် လုပ်အားခရငွေက  ပိုနည်းလာတယ် သမဂ္ဂရှိတုန်းက  နင်နဲ့ငါတောင် မပြောရဲဘူး တခုခုဆို  ဖြောင်းဖျပေးရမဲ့အစား စစ်တပ်ကိုလှမ်းခေါ်တာမျိုးတွေ လုပ်တယ်လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ခံရတဲ့ သမဂ္ဂခေါင်းဆောင်တွေကို စစ်တပ်ခေါ်ဖမ်းခိုင်းတာတွေအပြင် အသက်အန္တရာယ်ကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာပြီး ရှောင်တိမ်းခဲ့ရတာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

ဥပဒေပါ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ မြေပြင်က အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေကို ကူညီပေးရမဲ့အစား အလုပ်ပြုတ်သွားချင်လားဆိုတဲ့ ပုံစံမျိုးနဲ့ လည်း ခြိမ်းခြောက်နေတာကြောင့် မိသားစုကိုငဲ့ညှာကာ ငြိမ်ခံနေရတဲ့ အခြေအနေတွေလည်းကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောသလို Myanmar Labour News ရဲ့ အလုပ်သမား ပေးစာကဏ္ဍမှာ အလုပ်သမားတွေ ပြောဆိုထားတဲ့ မှတ်တမ်းတွေမှာလဲ တွေ့မြင်နေရတာပါ။

လက်ရှိမှာ အလုပ်ပြုတ်သွားတဲ့ သမဂ္ဂခေါင်းဆောင်တွေအနေနဲ့ လည်း အလုပ်ပြန်ရဖို့ခက်ခဲနေပြီး စား ဝတ် နေ ရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

“အရင်ကတော့ သမဂ္ဂခေါင်းဆောင်ပေါ့ ကိုဗစ်စဖြစ်တော့ အကြောင်းပြပြီးတော့ လူလျော့ခဲ့တာ ဥက္ကဌရော အီးစီတွေရော အကုန်လုံးကိုပါ။ အခုလက်ရှိ တပတ်ကို ၃ ရက်လောက်ပဲ အလုပ်ရတယ်နေ့စားပေါ့ ။ ဇနီးကကိုယ်ဝန်သည် ဝင်ငွေက ၂ ယောက်လုံး မရှိဘူး အလုပ်လျှောက်တိုင်း ခုချိန်ထိငြင်းပယ်ခံရနေရတုန်းပဲ၊ စက်ရုံ ၉၀ ရာခိုင်နှုန်းက တရုတ်စက်ရုံတွေဆိုတော့ လျှောက်တိုင်း ပထမအဆင့်အောင်ပြီးမှ ငြင်းခံရတာများတယ်” လို့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ အလုပ်သမားခေါင်းဆောင်ဟောင်းတစ်ဦးက ပြောပါတယ်။

Myanmar Labour News 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026