ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စစ်ကောင်စီ လက်ခံတရားရုံးတွေကနေ မတ်လ ၂၉ ရက်က ထောင် ၃ နှစ်စီ ချလိုက်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM) က ထုတ်ပြန်ထား ပါတယ်။
ကြည့်မြင်တိုင်မြို့နယ်၊ ပင်းပန်ကြီးလမ်းမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က သမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ၅ ဦး အပါအဝင် တခြား ဆန္ဒပြသူတွေနဲ့ ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ သမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်တွေကတော့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (BWFM) က ဦးနေမင်းထွန်းနဲ့ ဦးအေးချမ်းအောင်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ( IWFM) က ဒေါ်ဇူးဇူးခိုင်နဲ့ ဒေါ်ယမင်းကေသွယ်ခိုင်၊ ဦးသန်းဇော်တို့ ဖြစ်ကြပါတယ်။ ဖမ်ဆီးခံရသူတွေအားလုံးဟာ မြန်မာနိုင်လုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် မတရားအာဏာသိမ်းပြီး ကတည်းက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၇ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အဖွဲ့ဝင် ၁ ဦး ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၁၈ ဦးအား မတရားသဖြင့် ဖမ်းဆီးထောင်ချခဲ့ထားပြီး အဲဒီထဲမှာ အမျိုးသမီးအဖွဲ့ဝင် ၃၀ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (BWFM) က ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို အငြိုးထားကာ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ၅၀၅ (က) တို့ဖြင့် ဖမ်းဝရမ်းထုတ်တာနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်ထားပြီး CTUM ဥက္ကဋ္ဌကို နိုင်ငံသားအဖြစ်က ရပ်စဲခဲ့တဲ့ အပြင် (CTUM) ဗဟိုကော်မတီ အဖွဲ့ဝင်တွေကို နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာတွေကို ပါ လုပ်ဆောင်ခဲ့ပါတယ်။
#MyanmarLabourNews