NEWS

အလုပ်သမားသမဂ္ဂဖွဲ့စည်းရန်ကြိုးပမ်းပါက အလုပ်ထုတ်ခံနေရပြီး လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေခံစားနေရတယ်လို့ဆို

CoverLogo
1.7K Views

အာဏာသိမ်းမှုမဖြစ်ပွားခင် ၃ လအလိုလောက်မှာလုပ်ငန်းခွင်အတွင်းဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂဦးဆောင်သူတွေကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်ဖြုတ်ခံလိုက်ရပြီး ကျန်တဲ့ အလုပ်သမားခေါင်းဆောင်တွေပါ တိမ်းရှောင်ခဲ့ရတဲ့အတွက် လုပ်ငန်းခွင်ထဲက အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွေချိုးနှိမ်ခံခဲ့ရတယ်လို့ အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောပါတယ်။

အခုလို လုပ်ငန်းခွင်ထဲမှာ သမဂ္ဂအဖွဲ့ဦးဆောင်သူတွေကို အလုပ်ထုတ်တာ လုပ်ငန်းခွင်ထဲမှာ ဝမ်တိန် မကြာခဏထိုးခိုင်းတာ နေ့စားအလုပ်သမားတွေအများအပြားခိုင်းစေနေတာနဲ့ မကြာမကြာ အလုပ်ထုတ်ပစ်တာ လုပ်ငန်းခွင်ထဲမှာ ခြိမ်းခြောက်ဆဲဆို ခိုင်းစေနေတာတွေ ဖြစ်ပေါ်နေလို့ အခက်အခဲတွေကြုံနေရတယ်လို့ TOP Line  Global Co,Ltd အလုပ်သမားတွေက ပြောပါတယ်။

Selene, SMOG စတဲ့အမှတ်တံဆိပ် အတွင်းခံအထည်တွေကို CMP  စနစ်နဲ့ ချုပ်လုပ်နေတဲ့ အဆိုပါ စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် ဆရာရှမ်းလမ်းမှာ ဖွင့်လှစ်ထားတာလို့ သိရပါတယ်။ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး အလုပ်သမား ဦးရေ ၆၀၀ ဝန်းကျင်နဲ့လည်ပတ်လုပ်ကိုင်နေတာဖြစ်တယ်လို့ လည်း သိရပါတယ်။

လက်ရှိမှာတော့ လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ အနေနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေမှာတော့ ချိုးဖောက်ခံရမှုတွေ ခံစားနေရပြီး  တိုင်ကြားဖို့အခွင့်အရေးမရှိဘူးလို့ ဆိုပါတယ်။

"အလုပ်ထဲမှာ ထိခိုက်မိတဲ့ အလုပ်သမားတွေကို လည်း အလုပ်ရှင်ဘက်က ၅၀၀၀ ပဲပေးမယ် သေသေရှင်ရှင်လာမပြောနဲ့ မ‌ကျေနပ်ရင် အလုပ်ထွက် ဆိုပြီး အလုပ်ထုတ်တာ"လို့ လုပ်ငန်းခွင်ထဲက အမည်မဖော်လိုတဲ့အလုပ်သမားက ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်ပွားပါက အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခြင်းဖြင့် ဖြေရှင်းဖို့ ကြိုးစားကြတဲ့အတွက် အလုပ်ရှင်ဘက်မှ မည်သို့မျှလက်မခံဘဲ အလုပ်ထုတ်သည့်နည်းဖြင့်သာ ဖြေရှင်းနေတာဖြစ်တယ်လို့ ဖိနှိပ်ခံနေရတဲ့အလုပ်သမားကပြောပါတယ်။

"၃ ကြိမ်မြောက် ထပ်ဖွဲ့ကြတာပေါ့ အဲ့ဒါကိုလည်း အကြောင်းပြချက်မရှိအလုပ်ဖြုတ်ပါတယ် ဦးဆောင်သူတွေကို အဓိက ဖြုတ်တာပေါ့ မခံနိုင်လို့ ဆန္ဒပြတော့ ရေဖြတ်တာ သုံး လေးရက်ကြာတယ် တစ်ခုခု အလုပ်ထဲမှာအဆင်မပြေဘူးဆို ဝမ်တိမ်ထိုးခိုင်းပြီး အလုပ်ဖြုတ်ပစ်လိုက်ရော"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ နားမခံသာအောင် ဆဲဆို ကြိမ်းမောင်းမှုတွေကိုနေ့စဉ် ကြုံတွေ့ခံစားနေရပြီး အလုပ်အကိုင် တည်မြဲမှု အာမခံချက်လည်းမရှိသလို တစုံတရာထိခိုက်မှုအတွက်ပင် ကိုယ်ဖြစ်ကိုယ်ခံဘဝမျိုးနဲ့ လုပ်ကိုင်နေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၂၇ ရက်မှာ လုပ်ငန်းခွင်ထဲ အဆင်မပြေမှုတွေအတွက်ဆန္ဒပြခဲ့ကြအပြီး ရဲနဲ့ စစ်သားများအပါ အလုပ်သမားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ ရောက်လာကာ ဆန္ဒပြမှုအတွက် အလုပ်ထုတ်ခံရတဲ့အလုပ်သမားများကို အလုပ်ပြန်ခန့်ရန် ပြောဆိုသွားခဲ့ပြီး ယင်းအလုပ်သမားများမှာလည်း ယနေ့တိုင် အလုပ်ပြန်မရဘူးလို့ဆိုပါတယ်။

ယင်းနောက် ဆန္ဒပြရာမှာပါဝင်တဲ့အလုပ်သမား အားလုံး ဝမ်တိမ်ထိုးရပြီး ထပ်မံကျူးလွန်ပါက မည်သည့် နစ်နာကြေးမျှမရရှိဘဲ အလုပ်ထုတ်ခံရမည်ဖြစ်ကြောင်း အလုပ်သမားတွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ အထက်ပါ ဖြစ်စဉ်အားကြည့်ခြင်းအားဖြင့် လုပ်ငန်းခွင်ထဲမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတယ်လို့လည်း အလုပ်သမားက သုံးသပ်ပြောဆိုပါတယ်။

ယင်းလုပ်ငန်းခွင်မှာ စီမံခန့်ခွဲမှုများကို စကားပြန် လုပ်ကိုင်သူ က စီမံခန့်ခွဲနေတာဖြစ်ပြီး မန်နေဂျာခန့်ထားခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်လုပ်ကိုင်ရာတွင် တောင်းသည့် စံချိန်များကို အလုပ်သမားတစ်ဦး မချုပ်လုပ်နိုင်သော စံချိန်များကို မတရားတောင်းခံပြီး တစ်နာရီလျှင် အလုပ်သမားတစ်ဦးလျှင်  အချို့လိုင်းက ၈၀ပေးရပြီး၊  အချို့က ၁၀၀ ပေးရကာ အလုပ်ရှင်ဘက်မှ သတ်မှတ်သော  စံချိန်မပြည့်လျှင်  ဝမ်တိန်ထိုးရခြင်း၊ အချိန်ပိုအိုတီ မခေါ်ခြင်းများ ပြုလုပ်ကြောင်းသိရပါတယ်။

လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားများ ၂၀၀ကျော် လုပ်ကိုင်နေပြီး  အတည်ပြုဝန်ထမ်းမခန့်အပ်ဘဲ အလုပ်ထုတ်ခြင်းနဲ့ ပြန်ခန့်ခြင်းကို တလှည့်စီ လုပ်ဆောင်နေကာ ၁၈ နှစ် မပြည့်သေးသည့် လူရွယ်အလုပ်သမားများကို ဆရာဝန် ထောက်ခံချက်မပါဘဲ ခိုင်းစေနေတာတွေအပြင် လုပ်ငန်းခွင်အတွင်းဖိနှိပ်မှုတွေနဲ့အခက်အခဲတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။

 #MyanmarLabourNews
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026