NEWS

အလုပ်သမားတစ်ဦးရဲ့ တစ်ရက်လုပ်ခလစာနှုန်းထားဟာ တစ်ဒေါ်လာဝန်းကျင် သာရှိနေတာကြောင့် သင့်တင့်တဲ့လစာအဖြစ်တိုးမြှင့်ပေးဖို့လိုအပ်နေ

CoverLogo
6.8K Views

မြန်မာနိုင်ငံမှာရှိတဲ့  မြန်မာအလုပ်သမားတစ်ဦးရဲ့ တစ်နေ့လုပ်ခလစာ ၄၈၀၀ နှုန်းထားဟာ နိုင်ငံခြားငွေတစ်ဒေါ်လာသာသာ သာရှိနေတာကြောင့်  လက်ရှိကုန်ဈေးနှုန်းတွေအရ  သင့်တင့်မျှတတဲ့ အခကြေးငွေအဖြစ် တိုးမြှင့်ပေးဖို့လိုအပ်နေတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုပါတယ်။

"စီးပွားကျရင်တော့ အဲ့လုပ်ငန်းကိုမလည်ပတ်နိုင်ဘူးရယ်။ အလုပ်ရှင်ကအလုပ်သမားတစ်ယောက်ကို ဖြစ်ပေါ်လာတဲ့ကုန်ဈေးနှုန်းနဲ့အညီ မပေးနိုင်ဘူးဆိုရင် အဲ့လုပ်ငန်းကိုရပ်ပစ်လိုက်တာအကောင်းဆုံးဖြစ်မယ်။ သူ့လုပ်ငန်းရဲ့အမြတ်အစွန်းရခဲ့တုန်းကတော့ ပျော်ပျော်ကြီးခံယူခဲ့ပြီး  ရှုံးတယ်ဆိုတဲ့အခါကျတော့ ရှုံးတဲ့အပေါ် အလုပ်သမားကိုပုံချတာက မဖြစ်သင့်ဘူး။ မြတ်ခဲ့တုန်းကအလုပ်သမားကို ၄၈၀၀ ထက်ပိုပေးခဲ့တာမရှိခဲ့ဘူး။ ဒေါ်လာနဲ့အရောင်း၀ယ်လုပ်နေကြသူတွေအနေနဲ့က ထူးပြီးရှုံးမယ်လို့မခံယူမိဘူး။ သူတို့အနေနဲ့က အထည်ထုပ်ခကိုဒေါ်လာနဲ့ရတယ်ဆိုရင်   အလုပ်သမားတစ်ယောက်ရဲ့ ၄၈၀၀က မနှစ်ကနဲ့အခုနှစ်နဲ့မတူတော့ဘူး။ မနှစ်က ၄၈၀၀က ကာဗာဖြစ်ပေမဲ့အခုနှစ်၄၈၀၀က ဘယ်လိုမှ  ကာဗာမဖြစ်တော့ဘူး။  အလုပ်ရှင်ကတစ်ထည်ကို ၁၀ ဒေါ်လာနဲ့ရောင်းရင် အခုလည်းသူ၁၀ဒေါ်လာပဲရမှာပဲ လျော့ပြီးရသွားတာမှမဟုတ်တာ"လို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာလျှင် ၃၅၀၀ မှ  ၄၂၀၀ အထိဈေးပေါက်နေခြင်းဖြစ်ရာ မြန်မာအလုပ်သမားတစ်ဦးရဲ့အနိမ့်ဆုံးလုပ်ခလစာဟာ တစ်နေ့၃၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်ရရှိနေကြခြင်းဖြစ်တာကြောင့်  အလုပ်သမားတစ်ဦးရဲ့ လုပ်ခဟာတစ်ဒေါ်လာ၀န်းကျင်ပဲ ရရှိနေတာဖြစ်ပါတယ်။  

အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာနဲ့တိုင်းတာချက်အရ လူတစ်ဦးရဲ့အနိမ့်ဆုံးလုပ်ခလစာက သုံးဒေါ်လာရဲ့အထက်ရှိရမှာဖြစ်ပေမဲ့ တစ်ဒေါ်လာ၀န်းကျင်သာရှိနေခြင်းဟာ  တိုင်းပြည်အဆင်းရဲဆုံးဖြစ်နေတယ်ဆိုတာကို ဖော်ညွှန်းနေတယ်လို့လည်း ဆိုပါတယ်။  

"မြန်မာနိုင်ငံမှာ သုံးထောင့်ခြောက်ရာလို့ ပြဌာန်းလိုက်တဲ့အချိန်မှာ  တစ်ဒေါ်လာကို ၁၁၀၀၊ ၁၂၀၀ ဆိုတော့သုံးဒေါ်လာအထက်ကိုရောက်သွားတယ်ဆိုတော့ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့အချက်တွေထဲက အဲ့တာလွတ်သွားတာပေါ့။ အခုချိန်မှာ  လူတစ်ဦးရဲ့လုပ်ခလစာက တစ်ဒေါ်လာသာသာလောက်ပဲရှိတော့တယ် တစ်ဒေါ်လာအောက်ကိုတောင်ရောက်သွားပြီဆိုရင် အဆင်းရဲဆုံးနိုင်ငံထဲမှာ  မြန်မာနိုင်ငံက ရောက်သွားပြီဆိုတာကို ပြညွှန်းနေတယ်။ တစ်ခြားမှာဘာတွေပဲပြောပြော GDP တွေဘာတွေပဲပြောပြော နိုင်ငံမှာရှိနေတဲ့  ဥပဒေအရပြဌာန်းထားတဲ့ လုပ်ခလစာက တစ်ဒေါ်လာသာသာတစ်ဒေါ်လာအောက်ပဲ ရှိတယ်ဆိုရင်  ၃၆၀၀ ဆိုရင် တစ်ဒေါ်လာအောက် အခုဥပဒေအရ  ၄၈၀၀ ဆိုတော့ တစ်ဒေါ်လာသာသာ၀န်းကျင်လောက်ပဲရှိတယ်ဆိုတော့ တိုင်းပြည်ကဆင်းရဲဆုံးဖြစ်နေပြီဆိုတာကို ဖော်ညွှန်းတာပေါ့"လို့ ယင်းက ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာဟာ အနိမ့်ဆုံးလုပ်ခ ၄၈၀၀ လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ကအမြင့်ဆုံးဖြစ်နေပြီး အချို့သောအလုပ်သမားတွေမှာ  ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ  စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ  ၃၆၀၀ ကျပ်သာပေးနေကြတာတွေလည်းရှိနေပါတယ်။  

၄၈၀၀ ကျပ်ပြဌာန်းမှု ၂ နှစ်ပြည့်ခဲ့ပြီး  ထပ်မံတိုးမြှင့်ပြန်ဌာန်းပေးရန် ပျက်ကွက်ခဲ့တာကြောင့် လက်ရှိအလုပ်သမားတွေဟာ Double Charges နှစ်ခုနစ်နာခဲ့တာပါ။ အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ သတ်မှတ်ပြီး နှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ရန် သတ်မှတ်ချက်အရ ကျပ် ၅၈၀၀ သို့တစ်ဆင့်ပြောင်းလဲမယ်လို့  မျှော်လင့်ခဲ့ပေမဲ့ လေးနှစ်ပြည့်သည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ ဖြစ်နေတာကြောင့်  သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာပါ။

ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာလည်း  လစာတစ်ဝက်ပဲရရှိခြင်း နဲ့ အလုပ်ရပ်နားရတာတွေကို ဖြတ်သန်းခဲ့ရပြီးနောက်   အာဏာသိမ်းလိုက်တော့လည်း အလုပ်ရှင်တွေက အဲ့ဒါကိုအကြောင်းပြပြီး အလုပ်ခလစာလည်းမတိုးပေးတဲ့အပြင် အနိမ့်ဆုံးလုပ်ခလစာလည်းမပြဌာန်းတော့တာတွေနဲ့  လခစားအဖြစ်မှ နေ့စားလရှင်းအဖြစ်ရောက်ရှိခြင်းတွေကြောင့်  အလုပ်သမားတွေက နှစ်ကြိမ်နှစ်ခါနစ်နာနေရတာပဲဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026