ကိုဗစ်ကာလ အတွင်းမှာရော၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာရော မြန်မာနိုင်ငံက လိင်လုပ်သား အမျိုးသမီးတွေရဲ့ ဘဝနေထိုင်ရမှုဟာ ပိုမိုခက်ခဲကြပ်တည်းလာတယ်လို့ ၎င်း အမျိုးသမီး အုပ်စု တွေကို ကူညီနေသူတွေထံက သိရပါတယ်။
လိင်လုပ်သား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ၎င်းတို့ အား လူသားချင်းစာနာထောက်ထားဖို့၊ ပြန်လည်ထူထောင်ရေးတွေမှာ ထည့်သွင်း စဉ်းစား ပေးဖို့နဲ့၊ တာ၀န် နဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး အနိုင်မကျင့်ကြဖို့လိုအပ် တယ်လို့ ၎င်း အမျိုးသမီးတွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
လိင်လုပ်သားအမျိုးသမီးတွေကို ကူညီပေးနေတဲ့ မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူက"ပထမ တချက်က လူသားချင်းစာနာထောက်ထားတဲ့ အထောက်အပံ့ တွေပေးတဲ့ အခါမှာ သူတို့ကို ချန်မထားခဲ့ဖို့နဲ့ မမေ့မလျော့နဲ့ထည့်ဖို့ရယ်၊ ပြန်လည်ထူထောင်ရေး တွေလုပ်တဲ့အခါမှာ သူတို့ကို ထည့်သွင်းစဉ်းစားပေးပြီးတော့ လုပ်ပေးဖို့ရယ်၊
တတိယအချက်က ကတော့ တာ၀န် နဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ ဒီအမျိုးသမိး တွေကို အနိုင်ကျင့်တာ တွေ အကြမ်းဖက်တာတွေ မလုပ်ဖို့ ပြောချင်ပါတယ်"လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ လိင်လုပ်သားအမျိုးသမီးတွေဟာ အမျိုးသမီးအခွင့်အရေးတွေကိုတောင် ရရှိဖို့အခွင့်အလမ်း အင်မတန်နည်းပါးခဲ့ကြတာလည်းဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာလည်း ပုံမှန်ဝင် ငွေရရှိဖို့နဲ့ စားဝတ်နေရေး အခက်အခဲတွေ များပြားလာခဲ့ပေမယ့် အစိုးရကရော၊ အဖွဲ့အစည်း အတော်များ များကပါ ပံ့ပိုးပေးခဲ့မှုတွေမှာ လိင်လုပ်သား အမျိုးသမီးတွေ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။
လိင်လုပ်သားအမျိုးသမီး အများစုဟာ အာဏာသိမ်းမှု မတိုင်ခင်ကတော့ လုပ်ငန်းခွင် အခက်အခဲ တွေ၊အကြမ်းဖက်မှုတွေ၊ အာဏာပိုင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ အနေအထား တွေ၊မတရားဖမ်းဆီးခံရတာတွေ၊ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခွင့်၊ တင်ပြ တောင်းဆိုခွင့်တွေကို အတိုင်းအတာ တခုထိလုပ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တာဝန်ကို အလွဲသုံးစားလုပ်နေသူတွေရဲ့ အနိုင်ကျင့်တာ၊ခေါင်းပုံဖြတ် ပိုက်ဆံတောင်းတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေအတွက် တိုင်တန်းခွင့်ရကြတာ၊ တရားစွဲဆိုလိုတာတွေအတွက် အခမဲ့ရှေ့နေ ဝန်ဆောင်မှုပေးပြီး အမှုလိုက်ခွင့်ပေးတာ၊ အမှုဖွင့်တာ၊ တရားရင်ဆိုင်ခွင့်ပေးတာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းကစပြီး ယခင်လို ဥပဒေဘောင်အတွင်းက ကူညီနိုင်ခွင့် မရကြတော့ပဲ တိုင်တန်းမှုတွေကိုလည်း ဥပဒေအရ အရေးတယူဖြေရှင်းပေးတာမရှိတော့ဘူးလို့ သိရပါတယ်။
၎င်းအမျိုးသမီးတွေအရေးကို ကူညီပေးနေသူတစ်ဦးက"ကောင်မလေးတွေရဲ့ အကြောင်းတွေ သွားပြီးတိုင်ရင်လည်း ဘယ်သူကမှ အရေးတယူမလုပ်သလိုမျိုး၊ လုပ်ပေးဖို့အတွက်ကိုလည်း အဆင်မပြေဘူးပေါ့နော်၊ ယခုအချိန်က တရား ဥပေဒ စိုးမိုးမူ့ မရှိတာရယ် အစထဲကမှ သူတို့က ခွဲခြား နှိမ့်ချခံ လူတစုဖြစ် နေတော့ အခု အချိန်မှာ သူတို့ အခက်အခဲ နဲ့ ကြုံနေရတာတွေက ထိရောက်တဲ့ တားဆီးမှု့အကာအကွယ် တွေ မရှိကြဘူး မလုပ်ပေးတဲ့အတွက် ပိုပြီးတော့အခက် အခဲတွေကြုံရတယ်၊ ဒါပေမယ့် အခုလက်ရှိမှာတော့ လူထုကြားထဲမှာ ဒီလိုကြုံလာခဲ့လို့ရှိရင် ဘယ်လိုမျိုးအကောင်းဆုံးဖြေရှင်းပေးမလဲဆိုတဲ့ နည်းလမ်းတွေကိုရှာရတယ်၊ အဲ့ဒီတော့ သက်ဆိုင်ရာ ကိုယ့်ရပ်ကွက်မှာ လုပ်ပေးနိုင်တဲ့သူ၊ သက်ဆိုင်ရာ ရပ်ကွက်ထဲက လေးစားရတဲ့သူတွေနဲ့ တိုင်ပင်ပြီးတော့ သူတို့ ပြဿနာကို ကြီးရင် သေးအောင်၊သေးရင် ပပျောက်အောင်ဆိုပြီး တော့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အခုလောလောဆယ်မှာ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး နဲ့ ကျန်းမာရေး ပံ့ပိုးမူတွေကို ထိရောက်တဲ့ ပံ့ပိုးနိုင်တဲ့ ဖြေရှင်းနေရတယ်" လို့ ဆိုပါတယ်။
၎င်းအမျိုးသမီးတွေရဲ့ အရေးကူညီပေးနေသူတွေကတော့ ကိုဗစ်ကာလ ရောဂါကာလအတွင်းမှာ လည်း လိင်လုပ်သားအမျိုးသမီးတွေနှင့် သူတို့၏ မိသားစုတွေသည် အကူအညီလိုအပ်နေပြီး အသက်အရွယ်ရလာတဲ့လိင်လုပ်သား အမျိုးသမီးများ၊ HIV ကူးစက်ခံရပြီး ကျန်းမာရေး မကောင်းသူများ၊ ကလေးငယ်ရှိသူများကို ဦးစားပေးပြီး ကူညီဆောင်ရွက်ပေးခြင်းများ ရှိတယ်လို့သိရပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး အချိန်မီကုသနိုင်အောင် လိုအပ်နေတဲ့ ဆေးဝါးတွေကို ရရှိဖို့ ဝန်ဆောင်မှုပေးတာ၊ HIV ရှိမရှိ စစ်ဆေးခြင်း၊ကာလသားရောဂါ စစ်ဆေးခြင်းတို့ အားပြုလုပ်လိုပါက အခမဲ့ဆေးစစ်လို့ရတဲ့ နေရာတွေကိုညွှန်းပေးခြင်း၊ ထို့နောက် ART သောက်သုံးဖို့လိုအပ်ပါကဆေးရရှိဖို့ စီစဉ်ပေးခြင်း၊ ဆေးရုံဆေးခန်းတွေနဲ့ ချိတ်ဆက်ပေးခြင်း၊ ဆေးရုံးဆေးခန်းသွားဖို့ ငွေကြေးအခက်ခဲရှိလျှင်ကူညီပေးခြင်း၊ စားသောက်ရေးအတွက် ရိက္ခာအခြောက်အခြမ်း ထောက်ပံ့ပေးခြင်းတို့ကို လက်လှမ်းမီသမျှ ကူညီပေးနေရတယ်လို့ သိရပါတယ်။
အခြေအနေ အကြောင်းကြောင်းကြောင့် ဒီလုပ်ငန်းခွင်ကို ရောက်ရှိလာတဲ့သူတွေအနေနဲ့လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေပြည့်ဝနေမှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လိင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ပဲ ဆက်ဆံပေးရမှာဖြစ်ပြီး နှိမ့်ချဆက်ဆံတာတွေ၊ ခွဲခြားတာတွေကို ပြည်သူအချင်းချင်းရော၊အစိုးရကပါ မလုပ်ကြဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ လိင်လုပ်သားအမျိုးသမီးများ အရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။