ရန်ကုန်မြို့အတွင်းက စက်ရုံအလုပ်ရုံတွေက အခြေခံအလုပ်သမားအများစုဟာ အပူချိန်လွန်ကဲတဲ့အပူဒဏ်တွေကြောင့် ရေဓါတ်ခမ်းခြောက်ပြီး မူးဝေနေတာတွေဖြစ်နေသလို အခက်အခဲများစွာရှိနေတယ်လို့ အလုပ်သမားများထံမှ သိရပါတယ်။
“ ကျွန်မတို့စက်ရုံမှာဆိုရင် ပြောရရင် တကယ့်အခြေခံ၀န်ထမ်းတွေရှိနေတဲ့နေရာတွေကအများဆုံးဖြစ်တယ်။ ကျွန်မတို့ဆီမှာအေ၀မ်း အေတူး အေ၀မ်းအောက်ထပ် အေတူးအောက်ထပ်ဆိုတာတွေရှိကြတယ်။ ဂိုထောင်တွေထဲကအလုပ်သမားဆိုရင်ပိုဆိုးပါတယ်။ ဂိုထောင်တွေကအပူလွှတ်ထားရတယ်။ မိုးတွင်းမှာတောင်စက္ကူပါးတွေမှိုတက်မှာစိုးလို့ အပူလိုင်းလွှတ်ပေးထားရတယ်။ အခုလိုနွေရာသီဆိုရင် ပိုဆိုးတယ်။ ယောကျားလေးတွေဆိုရင်အင်္ကျီချွတ်ပြီးလုပ်ရတယ်။ မလုပ်နိုင်တော့လို့အိမ်သာသွားရတာတွေ အပြင်ခဏထွက်နေရတာတွေ တစ်ချို့ဆိုရင်မူးမောတာတွေတောင်ဖြစ်ကြတယ်။ ညီမဆိုရင်မူးလို့ဆေးခန်းသွားဆေးထိုးလိုက်ရတယ်။ ကျွန်မတို့ကတော့ဒီအပူဒဏ်ကြောင့် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာ တောင်းဆိုထားတယ်ညှိနှိုင်းဆောင်ရွက်ပေးဖို့ပေါ့” လို့အလုပ်သမားတစ်ဦးကဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မှာ မေလ ၁ ရက်နေ့ထိကို
အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်နိုင်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားပါတယ်။
အပူချိန်ပြင်းထန်လို့ အလုပ်မလုပ်နိုင်တဲ့အထိဖြစ်နေရလို့ စံချိန်တွေမမီ အလုပ်မလုပ်နိုင်ဘဲမူးမောတာ တွေပါရှိနေလို့ စက်ရုံမှာအခက်အခဲဖြစ်နေတယ်လို့ သမဂ္ဂတွေဆီမှာအကြံဥာဏ်တောင်းခံတာတွေ ဆွေးနွေးတိုင်ပင်တာတွေ ထုတ်ဖော်ပြောဆိုလာတဲ့စက်ရုံတွေအများအပြားရှိနေပြီး အဲ့ဒီစက်ရုံတွေက မင်္ဂလာဒုံ၊လှိုင်သာယာနဲ့ရွှေပြည်သာစတဲ့ စက်မှုဇုန်တွေထဲကစက်ရုံတွေက အလုပ်သမားတွေဖြစ်တယ်လို့ သိရပါတယ်။
“ မင်္ဂလာဒုံစက်ရုံတွေရော ရွှေပြည်သာထဲမှာတင်လာအကူညီတောင်းခံတာ ၄ရုံရှိတယ်။ အခြားစက်ရုံတွေရောများပါတယ်။ သူတို့လာပြောတာတွေကို သူတို့စိတ်ပူတယ်စိုးရိမ်ကြတယ် ဘယ်စက်ရုံကလဲ ဘယ်ဌာနကလဲဆိုတာနဲ့ မပြောရဲတာတွေရှိတယ်။ သူတို့ကိုငြိုးတေးထားခံရမှာတွေကိုကြောက်နေတယ်။ လျို့ဝှက် ထားပေးပါဆိုတာတွေလည်းရှိတယ်။ ပြန်မသိစေချင်လို့ပါဆိုတာမျိုးတွေလည်းများတယ်။ ဒါကအခြားစက်ရုံတွေပေါ့” လို့ ဆိုပါတယ်။
အချို့သောစက် ရုံတွေကတော့ အပူချိန်ပြင်းထန်နေတဲ့အတွက် ပထမပိုင်းမှာ စက်ရုံရဲ့အပေါ်ခေါင်မိုးပေါ်ကနေရေဖြန်းပေးထားတာတွေေကြာင့် အဆင်ပြေသလိုရှိခဲ့ပေမဲ့ ခုနောက်ပိုင်းလုံး၀မဖြန်းပေးတော့ဘဲ
အပူချိန်မြင့်မားလာကာ အလုပ်ကောင်းကောင်းမလုပ်နိုင်ကြဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာအပူချိန်ပြင်းထန်မှုကြောင့် လူအချို့မူးလဲတာနဲ့သေဆုံးတာတွေပါဖြစ်ပေါ်နေလို့ ပရဟိတအသင်း၀င်များကိုယ်တိုင်ပင်လျှင် မူးလဲတာတွေမဖြစ်ဖို့ကိုယ့်ကိုကိုယ့်ကရုစိုက်နေရတဲ့ကာလဖြစ်နေတာကြောင့် စက်ရုံအလုပ်ရုံကလုပ်ငန်းရှင်တွေအနေနဲ့ကလည်း မိမိတို့အလုပ်သမားများအပေါ် အပူဒဏ်ကိုအံတုနိုင်ဖို့ လေအေးပေးစက်နဲ့ပန်ကာများ တပ်ဆင်ပေးဖို့လိုအပ်သလို ကျန်းမာရေးနဲ့ညီညွတ်စေမဲ့အကြံဥာဏ်ပေးတာတွေ အလုပ်သမားတွေအတွက်ရံဖန်ရံခါဖြစ်သော်လည်းကောင်း ဓာတ်ဆားထုပ်ဖြန့်ဝေပေးတာတွေနဲ့ စက်ရုံတွင်းမှာလိုအပ်တဲ့ဆေးတွေဆောင်ထားတာတွေကို စက်ရုံဘက်ကဆောင်ရွက်ပေးထားသင့်တယ်လို့ ပရဟိတသမားတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
#MyanmarLabourNews