NEWS

အနည်းဆုံးလုပ်ခ ၅၆၀၀ ကျပ်ပေးဖို့ Honor Apparel စက်ရုံအလုပ်သမား ၁၀၀၀ ကျော်လုပ်ငန်းခွင်အတွင်းငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

CoverLogo
1.8K Views

အနည်းဆုံးအခကြေးငွေအဖြစ် ဒေးကြေးကို  ၅၆၀၀ ကျပ် ပေးဖို့ အိုတီ ၁၄၀၀ ကျပ်ပေးဖို့ နဲ့ လစာပေးစနစ်ကို ticket ကြေးမှ ဒေးကြေးပြောင်းလဲပေးဖို့ Honor Apparel စက်ရုံအလုပ်သမား  ၁၀၀၀ ကျော်  ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)၊ ပုလဲလမ်း၊ မှာဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာအလုပ်သမား ၁၀၀၀ ထောင်ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

Honor Apparel Co,Ltd အထည်ချုပ်စက်ရုံမှာ  ၂၀၂၁ခုနှစ်၊ မတ်လ၊ ၁၄ ရက်နေ့တွင် စက်ရုံမီးလန့်မှုဖြစ်ခဲ့ပြီး မီလန့်မှုမဖြစ်ခင်တုန်းက စက်ရုံအတွင်း ဒေးကြေး၊ ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေး၊ နှစ်ကြေး စသည်တို့နဲ့ လစာကို ပေးခဲ့တာဖြစ်ပြီး  ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၊ ၁၃ ရက်နေ့ စက်ရုံပြန်လည် ဖွင့်သည့်အခါ ကျွမ်းကျင်စနစ်ဖြင့် လစာကို တွက်ချက်ပေးမှု မပေးတော့ပဲ  အလုပ်သမားသဘောဆန္ဒကို မမေးဘဲ တစ်ဖက်သက် တစ်ကတ် ကြေးဖြင့် စတင်ပေးချေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားများအနေဖြင့် နိုင်ငံရေးကာလဖြစ်တဲ့  အပြင် စက်ရုံအတွင်းအလုပ်သမားခေါင်းဆောင်များမှာ အလုပ်မှ ထုတ်ပယ်ခံရသည်အတွက် ဖြေရှင်းပေးမဲ့ သူမရှိဘဲ တစ်ကတ်ကြေး ဖြင့် တွက်ချက်ကာ လစာပေးတဲ့ အခြေအနေကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

တစ်ကဒ်ကြေးဖြင့် လစာကို တွက်ပေးသည်အခါတွင် ဥပမာ ဒေးကြေး ၄၈၀၀ ကျပ်တွင်အချိန်ပို (၂) နာရီလုပ်ရလျှင် စုစုပေါင်း၇၂၀၀ ဖိုးကို တစ်ကတ်ကြေးပြည့်မှီအောင် ချုပ်ပေးရတာဖြစ်ပြီး ၇၂၀၀ ကျပ်ပြည့်ပြီး ပိုမှသာ တစ်ကတ်ကြေးရရှိပြီး  မပြည့်မီပါက နောက်ရက်တွေချုပ်လုပ်သည် တစ်ကတ် ကြေးများထဲမှ ပေးရတာလို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း တစ်ကတ် ကြေးပြည့်မှီ‌အောင် ချုပ်လုပ်ရသည်အတွက် အလုပ်သမားများအနေဖြင့် ရေမသောက်၊ အပေါ့ အလေး မသွားရဘဲ တနေကုန် ထိုင်းချုပ်နေရသည်အတွက် အချိန်ကြာလာသည်နှင့် အမျှ လုပ်ငန်းခွင် ကျန်းမာရေးများထိခိုက်လာခြင်း  ခွင့်ယူလျှင်လဲ ခေါင်းဆောင်များမှ ဖိအားပေးပြောဆိုမှုများရှိပြီး 
ယနေ့ တစ်ကတ်ကြေးပြည့်မီသော်လည်း နောက်နေ့မပြည့်လို့ ပြန်ထည့်ပေးရသည်နှင့် အလုပ်သမားမျာအနေဖြင့် တစ်ကတ် ကြေးကို ယခင်ထဲကချုပ်ရန်ဆန္ဒမရှိဘဲ  နိုင်ငံရေးအခြေအနေနှင့် ဖိအားပေးမှုများကြောင့် သည်းခံလုပ်ကိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

"အရင်ရက်တွေမှာလည်း ဒေးကြေး ပြောင်းပေးဖို့ စူပါ အောစူပါတွေက တဆင့် တင်ပြတယ် သူတို့ကဘာပြောလဲဆိုတော့ မလုပ်နိုင်ရင်ထွက်လို့ ပြောတယ် သူတို့ကို ၃ ကြိမ် ၃ ခါတောင်းဆိုတယ် သူတို့က လက်မခံဘူး"လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမားက ပြောပါတယ်။

တောင်းဆိုချက်တွေထဲမှာနေ့စား အလုပ်သမားတွေကို အချိန်ကာလတစ်ခုသတ်မှတ်ပြီး အမြဲတမ်းအလုပ်သမားခန့်အပ်ပေးဖို့နဲ့  ည ၈ နာရီနဲ့ ည ၁၁ နာရီထိ ခေါ်ယူတဲ့ အချိန်ပိုဆင်းရတာတွေကိုလည်း ကန့်ကွက်ပြီး စုစုပေါင်း အချက် ၁၈ ချက်ကို တောင်းဆိုထားပါတယ်။

ယခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တောင်းဆိုမှုမလုပ်ခင်လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို WCC က တစ်ဆင့် ၃ ကြိမ်တိုင်တိုင် စာဖြင့် တောင်းဆိုခဲ့ပြီး မည်သို့မျှအကြောင်းပြန်ကြားတာမရှိတာကြောင့် အခုလို လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ တောင်းဆိုမှုစတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"လက်ရှိကတော့ တရုံလုံး ဘယ်သူမှ မချုပ်ကြဘူး သူတို့ဘက်ကတော့ ၂ ရက်အချိန်ပေးပါလို့ပြောတယ် မီတင်ခေါ်ပြီး သူတို့ပြောချင်တဲ့စကားကိုပြောတယ် အလုပ်သမားတွေတောင်းဆိုချက်ကိုမမေးဘူး ဂရိတ်သတ်မှတ်ပြီး အေကို ဘယ်လောက် ဘီကို ဘယ်လောက်ပေးမယ်မပြောဘူး အလုပ်ပဲအတင်းလုပ်ခိုင်းတယ် တစ်ရုံလုံးလုပ်မှ လုပ်မယ်လို့ပြောထားတယ်"လို့ အလုပ်သမား တစ်ဦးကပြောဆိုပါတယ်။

အဆိုပါ စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး SOUTHBLUE, OVS, little kids, HOUSE, HKWORKS LONDON စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

"ပုံသေလစာလိုချင်တာပါ တစ်ကတ်ကြေးနဲ့ပေးတာက အယောက် ၇၀ မှာ ၃ ယောက်လောက်ပဲ ၃ သိန်းလောက်ရတယ် ကျန်တဲ့လူတွေက ပုံသေမရှိဘူး ခြည်မွှေးညှပ်ဆိုရင် ပွိုင့်မရှိဘူး လုပ်သက်က ၁၀ နှစ်ကျော်တာတောင် တစ်လ ၃ သိန်းမကျော်ဘူး အကုန်လုံးက ဒီထက်နည်းကြတယ် အရင်ကတော့ ၆ သိန်း ၇ သိန်းလောက်ရတယ် အခုဆို ၃ သိန်းရဖို့ကို သေးမပေါက် ရေမသောက်ချုပ်မှ ရတာ အလုပ်သမားတွေရဲ့ ဆန္ဒကတော့ တောင်းဆိုထားတာတွေကို လုပ်ပေးမယ်ဆိုရင် အလုပ်ပြန်လုပ်မယ် သူတို့ဘက်က ၂ ရက်အချိန်ပေးဖို့ တောင်းဆိုပေမယ့် သွေးအေးသွားမှာစိုးလို့ မစောင့်ဘူး အလုပ်မလုပ်ဘဲထိုင်နေလို့ ဒေးကြေးမပေးဘူးဆိုလည်း ထိုင်နေမှာပါ" ဆန္ဒပြအလုပ်သမားက ပြောဆိုပါတယ်။

တောင်းဆိုချက်တွေကတော့   ticket ကြေးမှ ဒေးကြေးပြောင်းလဲပေးရန် လုပ်ခလစာ ကို ၅၆၀၀ ကျပ်နှင့် အိုတီကြေး ၁၄၀၀ ပေးရန် ရက်မှန်ကြေးတိုးမြှင့်ပေးရန် ဥပဒေနှင့်အညီ နှစ်အလိုက်က နှစ်ကြေးတိုးပေးရန် ကျွမ်းကျင်ကြေးများကို ဂရိတ် အလိုက်ပေးရန်  ဥပဒေနှင့်အညီ ဖယ်ရီကား လုံလောက်စွာပေးရန် သန့်ရှင်းရေးဝန်ထမ်း ထပ်မံတိုးမြှင့်ရန် အလုပ်သမားများ အမှန်တကယ်ချုပ်နိုင်သော စံချိန်သာတောင်းခံရန်  အောစူပါ စူပါများအား တန်းတူညီတူ လစာသတ်မှတ်ပေးရန် တစ်လလျှင် ဂိတ်ပြင်ထွက်ခွင့် ၃ နာရီ free ပေးရန် စတာတွေနဲ့ လုပ်ငန်းခွင်အတွင်း အော်ဟစ်ဆဲဆိုတာတွေ မလုပ်ဖို့ နေ့စားသမားတွေကို အချိန်ကာလ တစ်ခုသတ်မှတ်ပြီး လစားအဖြစ်ခန့်ထားဖို့ ည ၈ နာရီ နှင့် ၁၁ နာရီ အိုတီ ခေါ်ယူတာတွေကို လည်း ကန့်ကွက်တယ်လို့ အလုပ်သမားတွေကတောင်းဆိုထားတာပါ။

အလုပ်သမားများအနေဖြင့် တစ်ကဒ်ကြေးဖြင့် လစာရှင်းပေးတာမဟုတ်ပဲ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ ရက်နေ့ ချုပ်ဆိုခဲ့သည့် စာချုပ်ပါအတိုင်း လစာစနစ်ကို  ဒေးကြေး၊ ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေး၊ နှစ်ကြေး စသည်တို့အတိုင်း ရရှိလိုပြီး  ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ ရက်နေ့ ချုပ်ဆိုခဲ့သည့် စာချုပ်ပါအတိုင်း လစာစနစ်အတိုင်း အလုပ်ရှင်မှ လစာစနစ်ပေးရန်နှင့် တောင်းဆိုချက် (၁၈) ချက်ကို ၂၀၂၃ခုနှစ်၊ မေလ၊ ၂၉ ရက်နေ့တွင် လုပ်ငန်းခွင်ညှိနှိုင်းရေး (WCC) မှတစ်ဆင့် တောင်းဆိုမှု စုစုပေါင်း (၃) ကြိမ်ညှိနှိုင်းသောလည်း ပြေလည်မှုမရှိသဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ၊ (၆) ရက်နေ့တွင် အလုပ်သမားများ လုပ်ငန်းခွင်အတွင်း အလုပ်ရပ်နား၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"အလုပ်သမားတွေကိုပြောချင်တာက ကိုယ်ဖြစ်ချင်တာကို ကိုယ်တောင်းဆိုပါ ဘာမှ ကြောက်စရာမလိုဘူး  သူတို့က ကိုယ့်နိုင်ငံမှာအလုပ်လာလုပ်တာ ဖြစ်ချင်တာကိုတော့ ပွင့်ပွင့်လင်းလင်းပြောရတယ် ကြောက်နေလို့မရဘူး 
ဘာမှကြောက်စရာမလိုဘူး အလုပ်သမားရဲ့ ရပိုင်ခွင့်ရကို ရရမယ် ကိုယ်ဖြစ်ချင်တာကိုယ်တောင်းဆိုတာ သူတို့ကို မတရားလုပ်တာဘာတစ်ခုမှမပါဘူး ရဲရဲတင်းတင်းပြောစေချင်ပါတယ်"လို့ အလုပ်သမားက ပြောဆိုပါတယ်။

#MyanmarLabourNews

 

 

 

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026