NEWS

အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်း၊ အထည်စံချိန်မပြည့်ပါက ရေသောက်ခွင့်မပေး

CoverLogo
1.9K Views

MYANTO INDUSTRIAL  အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်နဲ့ AMISU အမှတ်တံဆိပ်အထည်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်အရေအတွက်ထက် ပိုမို ချုပ်လုပ်ရန် ခိုင်းစေခံနေရပြီး ချုပ်လုပ်တဲ့ အထည်စံချိန်မပြည့်ပါက ရေသောက်ခွင့်မပေးသလို အပေါ့အပါးသွားရန် သန့်စင်ခန်းသွားရန်လည်း ခွင့်မပြုထားလို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

ရန်ကုန်တိုင်း အင်းစိန်ခရိုင် လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြခတ္တာလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမားအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေလို့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားအတွက် အလုပ်သမားသမဂ္ဂရော လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီရော ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

အဆိုပါ စက်ရုံဖွင့်လှစ်ထားတာ တနှစ် မပြည့်သေးဘဲ အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီကနေ ညနေ ၆ နာရီ  အထိ ဖြစ်ပြီး လုပ်ခလစာအနေနဲ့ ဒေးကြေး ၄၈၀၀ ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရက်မှန်ကြေး အချိန်ပိုကြေးတို့ ဖြင့် သတ်မှတ်ပေးချေနေတာလို့ ဆိုပါတယ်။

"အဓိက လုပ်ငန်းခွင် ပြဿနာကတော့ အထည်စံချိန်တွေကို အလုပ်သမားချုပ်နိုင်တာထက်ပိုတောင်းတာ စံချိန်မပြည့်ရင် ရေသောက်ခွင့် အိမ်သာသွားခွင့် မပေးဘူး ရေအရမ်းသောက်ချင်လို့ စက်လိုင်းထဲရေယူလာရင် ရေဘူး မယူရစည်းကမ်းချက်နဲ့ ငြိလို့ ဝမ်တိမ်ထိုးရတယ်"လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများမှ ဆဲဆိုကြိမ်းမောင်းခိုင်းစေမှုတွေ သတ်မှတ်စံချိန်မပြည့်ပါက စက်လိုင်းအတွင်း ဆဲဆိုကြိမ်းမောင်းတာတွေ  နေ့စဉ် ပြုလုပ်ခံနေရလို့ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"နောက်တခုက စက်ရုံမှာ ရေသန့်စက်ဆိုပြီးတပ်ပေးထားတယ် ရေကမသန့်ဘူး သံချေးတွေနဲ့ အနံ့လည်းပါနေတော့ သောက်ရတာ အဆင်မပြေဘူး သန့်စင်ခန်းတွေဆိုလည်း သန့်ရှင်းမှုမရှိဘူးပေါ့နော် ပျက်စီးတဲ့ နေရာကလည်းပျက်စီးနေတာ အဲ့တာတွေကို ပြုပြင်ပေးတာမရှိဘူး အဲ့တာတွေကို ပြုပြင်ပေးစေချင်သလို သောက်ရေဆိုလည်း ရေသန့်စီစဉ်ပေးစေချင်တယ် ရာသီဥတုက အရမ်းပူတော့ ရေက အရမ်းဆာတယ် "လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ရှောင်တခင်ခွင့် ဆေးခွင့်တွေ ယူပါက အလွယ်တကူမရရှိဘဲ ကြီးကြပ်ရေးမှူးများနှင့် နီးစပ်သူများသာရရှိပြီး ခွင့်ပေးပါကလည်း ခွင့်မဲ့သာပေးတဲ့အတွက်ကြောင့် နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနနဲ့ အထည်စံချိန်ကို အလုပ်သမားချုပ်လုပ်နိုင်တဲ့ အရေအတွက်ကိုသာတောင်းခံရန် လုပ်ငန်းခွင်အတွင်း ကြီးကြပ်ရေးလုပ်သားတွေမှ ဆဲဆိုခြင်းမပြုလုပ်ရန် အလုပ်သမားဥပဒေပါခံစားခွင့်တွေ အပြည့်အဝပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားကပြောပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026