NEWS

အထည်စံချိန်မပြည့်လျှင် "ပါးရိုက်မယ်၊ လစာမ​ပေး"ဟု ခြိမ်းခြောက်ခိုင်းစေ

CoverLogo
682 Views

လာအို ဗီရန်ဂျင်း၊ ၃ ကန်နယ်မြေ မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် BEST GARMENT (LAOS) CO.LTD အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတွေသွားရောက်လုပ်ကိုင်နေကြတာဖြစ်ပြီး လုပ်ငန်းခွင်မှာ အထည်စံချိန်အလွန်အကျွံတောင်းခံပြီး သတ်မှတ်စံချိန်မပြည့်ပါက စူပါများမှ ပါးရိုက်မယ် လစာမပေးဘူး ဆိုကာခြိမ်းခြောက်ခိုင်းစေတာ၊ လုပ်ခလစာမက်လုံးပေးပြီး အမှန်တကယ်ပေးချေခြင်းမရှိတာတွေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြုံနေရလို့ အချို့အလုပ်သမားတွေ လျော်ကြေးပေးကာ အလုပ်ထွက်တာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

TCHIBO CERTIFIED MERCHANDISE အမှတ်တံဆိပ် အပါးသားအထည်တွေချုပ်လုပ်ကာ အလုပ်သမား ၄၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ ဆိုပါတယ်။ လုပ်ငန်းခွင်ထဲမှာတော့ အလုပ်သမားသမဂ္ဂမရှိဘူးလို့ ပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ကို မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ပြီး အလုပ်ခန့်အပ်ရာမှာ တစ်လလျှင် ဒေါ်လာ ၂၂၀ မှ ဒေါ်လာ ၂၅၀ ရမယ်ဆိုကာ အလုပ်ခေါ်ပြီး အမှန်တကယ် လုပ်ကိုင်ရာမှာတော့ အလုပ်ချိန် နံနက် ၇ နာရီ ၃၀ ကနေ ည ၇ နာရီ ၃၀ အထိ လုပ်ကိုင်ရပြီး လုပ်ခကို မှန်ကန်စွာပေးချေမှုမရှိဘူးလို့ ပြောပါတယ်။ 

"အလုပ်ခေါ်တုန်းက ဒေါ်လာ ၂၂၀ ကနေ ၂၅၀ ရမယ်ပြောပြီး တကယ်လုပ်တော့ ပြောထားတဲ့အတိုင်းမပေးဘူး"လို့ အမည်မဖော်လိုတဲ့ အမျိုးသမီးအထည်ချုပ်လုပ်သားတစ်ဦးကပြောပါတယ်။ 

အထည်စံချိန်သတ်မှတ်ချက်မှာ စက်လိုင်းတလိုင်းလျှင် အလုပ်သမား ၁၈ ဦးရှိပြီး တရက်တာ လိုင်းပေါက်အထည် ၁၄၀၀ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ 

"တနေ့တာ စံချိန်မရရင် လစာမပေးဘူးလို့ အောစူပါ စူပါတွေက ခြိမ်းခြောက်တယ် စံချိန်ဖြည့်ဖို့အတွက် တနင်္ဂနွေ နေ့ မှာအချိန်ပိုအလကားဆင်းပေးရတယ် လိုင်း ၁၅ အောစူပါ ဆိုရင် စံချိန်မရရင် နင်တို့ကို ပါးရိုက်မယ် လစာမပေးဘူး လို့ ပြောတယ် အောစူပါ စူပါ တွေက မြန်မာတွေပါ သူတို့က အလုပ်သမားတွေကို အရမ်းဖိအားပေးနေတာ"လို့ အလုပ်သမားကပြောပါတယ်။ 

လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကြေးသတ်မှတ်တာမျိုးမရှိဘဲ အားလုံးတန်းတူလုပ်ကိုင်ရပြီး လစာတပြေးညီသတ်မှတ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လစာပေးချေရာမှာတော့ တစ်လနဲ့တလ တူညီမှုမရှိဘဲ ပေးသလာက်ကိုသာ ရတာဖြစ်လို့ နစ်နာမှုတွေဖြစ်ပေါနေတယ်လို့ ဆိုပါတယ်။ 

"အလုပ်ချိန်တွေကျတော့ မတရားလုပ်ရတာပေါ့နော် လစာရတော့ မြန်မာငွေနဲ့တွက်ရင် ၁၁ သိန်းအများဆုံးပဲ အထည်စံချိန်ကို တနေ့တာ သတ်မှတ်တဲ့စံချိန်ကိုပြည့်မှ တနေ့တာ လုပ်ခလစာရမယ်ပြောပြီး စံချိန်မပြည့်ရင် မရပါဘူး ၊ စံချိန်ဆိုတာကလည်း လကုန်တော့မှ ဒီလစံချိန်မဝင်ဘူးဆိုပြီးပြောတာ လစာအပြည့်တခါမှမရဘူး ဘယ်လောက်ချုပ်ချုပ် စံချိန်မပြည့်တာ"လို့ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲဖြစ်နေတဲ့ မြန်မာ အထည်ချုပ် အလုပ်သမားကပြောပါတယ်။ 

လုပ်ငန်းခွင်မှာ သောက်ရေ ကို အာဆွတ်ရုံသာသောက်ရပြီး မြန်မာအလုပ်သမားတွေကို ရေအေးသောက်ပါက မကြာခဏ အပေါ့ သွားမှာမဖြစ်အောင် ရေပူသာသောက်ခိုင်းထားတယ်လို့ ပြောပါတယ်။ 

"ရေအေးကို လာအိုကလူတွေပဲ သောက်ရမယ် မြန်မာတွေကရေပူပဲ သောက်ရမယ်ဆိုပြီး သတ်မှတ်ထားတယ် ဖုန်းတွေကို မိုးလင်း ထဲက ယူသိမ်းထားပြီး ညကျမှ ပြန်ပေးမယ် အလုပ်သမားတစ်ယောက် မြန်မာနိုင်ငံက အဖေဆုံးလို့ နားချိန်ဖုန်းပြောဖို့ တောင်းတာမပေးဘူး ညနေမှ ပြန်ပေးတယ် အလုပ်သမားအခွင့်အရေးကတော့ ဘာမှမရှိဘူးလို့ ပဲပြောရမှာပဲ"လို့ အထည်ချုပ်  အလုပ်သမားက ပြောပါတယ်။ 

အခုလို လုပ်ငန်းခွင်ဆိုင်ရာ ခွဲခြားဆက်ဆံတာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ ခွင့်ခံစားခွင့်တွေ မပေးတာကြောင့် လျော်ကြေးပေးပြီး ပြန်ကြတဲ့အလုပ်သမားတွေရှိနေတယ်လို့ ပြောပါတယ်။ လျော်ကြေး မပေးနိုင်တဲ့အလုပ်သမားတွေအနေနဲ့ ကြိတ်မှိတ်သည်းသံ လုပ်နေရတာကြောင့် အကူအညီလိုအပ်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အကူအညီတောင်းခံထားပါတယ်။ 

"ဒီလထဲ audit လာမယ်ပြောတယ် မေးရင် လစာ ဒေါ်လာ ၂၄၀ ရတယ်လို့ ပြောခိုင်းထားပါတယ် အမှန်တကယ်မရပါဘူး ပြီးတော့ ဒီစက်ရုံက မြန်မာနိုင်ငံက ရွှေပြည်သာမြို့နယ်မှာလည်း BEST WIN ဆိုပြီး စက်ရုံခွဲဖွင့်လှစ်ထားပါတယ်"လို့ အလုပ်သမားပြောပါတယ်။ 

အဆိုပါ လာအိုနိုင်ငံလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေတဲ့ အထည်ချုပ်အလုပ်သမားတွေအနေနဲ့ အောက်ပါ အချက်တွေကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ 

တောင်းဆိုချက်တွေကတော့ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ခေါ်ဆိုထားသည့်အတိုင်း လုပ်ခလစာရှင်းပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုတောင်းခံရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီ အလကားဆင်းခိုင်းခြင်းများ မပြုလုပ်ရန်နှင့် အချိန်ပို အိုတီဆင်းခိုင်းပြီး အချိန်ပိုကြေးပေးရန်။

၄။ အလုပ်ရှင်ဘက်မှ လိုင်း ၁၆ အော်စူပါမှ အလုပ်သမားများကို ပါးရိုက်မယ် လစာမပေးဘူးဆို ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက် မြန်မာအလုပ်သမားများကို ရေအေးတိုက်ရန်နှင့် အလုပ်သမားအချင်းချင်းခွဲခြားပြီး ရေအေးသောက်ရန် ရေပူသောက်ရန်မခွဲခြားရန် စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026