ARTICLE

အထည်ချုပ်လောကအတွင်းရေး ပေးစာ၊ ပြန်စာ

CoverLogo
240 Views

ကိုကြီးကျော်ရေ..

"နေကောင်း ကျန်းမာရဲ့လား။ ညီမတော့ ဖျားနေတယ်။ ဖျားမှဘဲ စကားလာပြောတယ် မထင်နဲ့ဦး။ 
ညီမတို့ မောင်နှမ စကားတွေ မပြောရတာ ကြာပြီနော်။ သေချာ တွက်ကြည့်ရင် ၄ လလောက်တောင် ရှိနေပြီ ။ မတ်လကတည်းက အလုပ်တွေကများ၊ ပိတ်ရက်တွေလည်း များ၊ ဧပြီလအတွက် ပြင်ဆင်ရနဲ့ မတွေ့ ဖြစ်ခဲ့ကြဘူး။ 
မတ်လထဲမှာ ပိတ်ရက်က ၃ ရက်၊ ဧပြီလထဲမှာ ပိတ်ရက် ၉ ရက်အတွက် စီမံရတာနဲ့ ပိုင်ရှင်တွေကလည်း မန်နေဂျာတွေကို ဖိအားပေးနဲ့ ဖေ့ဘွတ်ခ် တောင် မသုံးဖြစ်ဘူး။

ပြောရရင် ဒီနှစ်မှာ လုပ်ရကိုင်ရ တော်အတော်ကျပ်တယ်၊ မန်နေဂျာဆိုတာလည်း ကြားလူ မလား။ လစာ  ပိုက်ဆံပေးတဲ့ ပိုင်ရှင် မျက်နှာလည်း ကြည့်ရ၊ အောက်လက်ငယ်သား စက်ချုပ်လုပ်သားတွေလည်း ကြည့်ရှုဆိုတာမျိုး။
ကိုကြီးကျော်ကတော့ ညီမက ပိုင်ရှင်မျက်နှာပို ကြည့်တာမလား ပြောမယ်မလား။ ဒါကတော့ ဒါပေါ့လေ။ ဒါပေမဲ့ အလုပ်သမားတွေ နစ်နာတာကိုတော့ မကြည့်ရက်ဘူးလေ၊ အဲ့ဒါကြောင့်ပဲ ကိုကြီးကျော်တို့ကို တိုင်ပင်ရင်း ရင်းနှီးခဲ့ကြတာ။

ကိုကြီးကျော်ရေ..
ထုတ်လုပ်ရေး မန်နေဂျာ ဘဝက အများ မြင်သလို အခွင့်အရေးတွေ ရပြီး ၊ ပျော်ရွှင်နေရတာမျိုးလည်း မဟုတ်ပါဘူး။ စက်ရုံပိုင်ရှင် ဆဲတာ၊ အော်တာ အမြဲ ခံရတာ။ ပိုက်ဆံလည်း အဖြတ်ခံရတာပဲ။ ဖိအားပေး ခံရတာပဲ။ အိမ်ရောက်မှ ငိုနေရတဲ့ ရက်တွေ အများကြီးပါ။ 

သူဌေးဆိုတာ အမျိုးမျိုးပါ။ စီမံမှုတွေကို အဆင့်လိုက်မသွားဘဲ၊ ကျော်ခွသွားလို့ မန်နေဂျာကို အောစူပါ၊ စူပါတွေက ပြဿနာရှာခံရတာတွေလည်း ရှိပါတယ်။ ချုပ်သားတွေ အလုပ်ထွက် ညီမ ပိုက်ဆံ အဖြတ်ခံရ တယ်ဆိုရင် ကိုကြီးကျော် ယုံမယ်တောင် မထင်ဘူး။ အလုပ်သမားတွေမှာမှ သွားတိုင်လို့ရသေးတယ် ။
ညီမတို့မှာ တဦးတည်း ခံပေတော့ပဲ။
ဘာလို မတိုင်တာလည်းလို့ မေးမယ်မလား။ အလုပ်အကိုင်လည်း ရှားတယ်၊ ကုန်ဈေးနှုန်းတွေကလည်း မြင့်တယ်လေ။  လင်မယားနဲ့ ကလေးနှစ်ယောက် ဆိုတဲ့ မိသားစု အသုံးစာရိတ်ကလည်း အလုပ်ထွက်ပြီး မစွန့်စားရဲ့ဘူး ကိုကြီးကျော်။

ဒါတင်ဘယ်မဟုတ်မလဲ အထည်ချုပ်ကဏ္ဍမှာ Black List ဆိုတာရှိသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်စကားပြောတဲ့ ပိုင်ရှင်တွေ၊ မန်နဂျာနေတွေ၊ HR တွေ ပါတဲ့ We Chat ဆိုတာရှိတယ်။ အဲဒီထဲမှာ ကိုယ်နာမယ်နဲ့ စက်ရုံနာမယ် ရာထူးတွေကို Black List ဆိုပြီး ထည့်လိုက်တာပဲ။

ပဲခူးစက်ရုံမှာ အဲလို အဖြစ်အပျက်တွေ ဖြစ်တယ်ဆိုပြီးတောင် ကိုကြီးကျော်တို့ ထည့်ရေးတာ တွေ့ရသေး တယ်။ စက်ချုပ်တဲ့ မိန်းကလေးတွေ အလုပ်မရအောင် တခြားစက်ရုံတွေကို mail ပို့တယ်ဆို တာမျိုးပေါ့။ 
လူမှုကွန်ရက် ဂရုတွေတွေဖွဲ့ပြီး အလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိတ်ဆို့တာတွေက တကယ် ရှိနေတာ ကိုကြီးကျော်ရေ...။

အဲဒီထဲပါတဲ့ တချို့ HR တွေဆို အဲလိုတွေပြောပြီး တကယ်ခြိမ်းခြောက်တာ။ 

အလုပ်သမားရုံးနဲ့ ဆက်ဆံရေးဆိုလည်း သူတို့က အဓိကပဲ ဆိုတော့ ကျွန်မတို့မှာ တိုင်လည်း မတိုင်ရဲဘူးပေါ့။ 
ကိုကြီးကျော်တို့က စက်ရုံအလုပ်သမားတွေ ချိုးဖောက်ခံရလို့ သတင်းတွေ တင်ပြီဆိုတာနဲ့  အလုပ်အဖြစ် ဆုံးက အဲဒီ အလုပ်သမားရုံးက ပုဂ္ဂိုလ်တွေလို့ ညီမတော့ အဲ့လို ထင်တာပဲ။

ပထမဆုံးရောက်လာက လူမှုဖူလုံရေးရုံးကပဲ။ အလုပ်သမားစာရင်းတွေတောင်းတယ်။ အလုပ်သမား ဘယ်နှစ်ယောက်အတွက် ငွေသွင်းဆောင်ထားလည်း မေးမယ်။ စာရင်းတွေယူကြည့်မယ် ၊ နောက် ငွေထည့်ထားတဲ့ စာအိတ်နဲ့ စက်ရုံချုပ် အင်္ကျီ တထည် ထဲ့ပေးလိုက်တော့ ပြန်သွားတယ်။ နောက်ဆက်တွဲ ပြောတာတွေလည်း ရှိတာပေါ့ ။ 
စက်ရုံတွေကလေ တကယ် အပြည့်ဆောင်ထာ နည်းတယ်လို့ ညီမ ထင်တာပဲ။ အလုပ်သမား ၅၀၀ ရှိရင် ၃၀၀ လောက်အတွက်ပဲ လူမှုဖူလုံရေးအတွက် သွင်းပေးတယ်။ စက်ရုံဘက်က စိုက်ဆောင်ရတာမို့ မသွင်းချင်ကြတာ ဖြစ်မယ်။ ဒါပေမဲ့ အလုပ်သမားတွေရဲ့ လစာထဲကတော့ ပုံမှန်ဖြတ်နေတာပဲ။ 

ကိုကြီးကျော်တို့ သတင်းမှာလည်း အဲဒါမျိုး ရေးထားတာကို ဖတ်ဖူးတယ်။ အလုပ်ထွက်မှပဲ လူမှုဖူလုံရေးကြေး မသွင်းတာ သိရတယ် ဆိုတဲ့ သတင်းလေ။ 

နောက်တော့ အလုပ်သမားရုံး စစ်ဆေးရေးအဖွဲ့တွေလာပြီ။
ဒါဆိုရင် စက်ရုံပိုင်ရှင်တွေ ငြီးတာပဲ။ 
အဲဒီ စစ်ဆေးအဖွဲ့ဆိုတာ မလာခင် အနည်းဆုံး နှစ်ရက်လောက် ကြိုအကြောင်းတယ်။ ဒီလို အကြောင်းကြား တာက အကြောင်းမျိုးစုံပေါ့ ။ 
စက်ရုံဘက်လည်း စစ်ဆေးခံမဲ့သူ ကြိုရွေး၊ ကြိုသင် နိုင်ဖို့ အချိန်ရသွားတယ်။ စက်ရုံတွေကို ရုတ်တရက် ဝင်စစ်ကြည့် ဥပဒေချိုးဖောက်တာ တပုံကြီးတွေ့ရမှာ။ အခုဆို ပိုဆိုးတယ် ကလေးလုပ်သားတွေဆို အများကြီး။  တခြားမှတ်ပုံတင်တွေနဲ့ အလုပ်ဝင်လုပ်နေတာတွေ။ စက်ရုံဘက်ကလည်း မသိချင်အောင် ဆောင်တယ်။ မှတ်ပုံတင်နဲ့ သိပ်ကွာရင်  နေ့စား အနေနဲ့ ခိုင်းတာပေါ့။  

အလုပ်သမားရုံးလာစစ်တဲ့ အဖွဲ့မှာ  အနည်းဆုံး  ၅ ယောက် ပါလာတယ်၊  ငါးသိန်း လောက်ကုန်တယ် ပြောတယ်။ အဲ့အဖွဲ့တွေ ငွေယူ၊ မယူ ညီမလည်း မသိဘူး။ ပြန်ရင်တော့ စက်ရုံက  စာအိပ်တွေ ထည့်ပေးတာ တွေ့ရတယ်။  တခါတော့ HR က လာငြီးပါတယ်။
စစ်ဆေးအဖွဲ့တွေလာရင် လာတဲ့ ယာဉ်အတွက် ဆီဖိုး၊ အငှားယာဉ်ခ၊ ထမင်းစားလာရင် ထမင်းဖိုး အဲလိုတွေ ပေးရတယ်တဲ့။ အလုပ်သမားတွေ အမှန်တိုင်းပြောလို့  စစ်ဆေးချက်တွေထဲမှာ ဥပဒေနဲ့ ငြိစွှန်းတာနဲ့ တမှု ငါးသိန်း နဲ့ ရှင်းရတယ်လို့ ပြောတာပဲ။  
အဲလိုလာစစ်တာလဲ တိုင်လို့သာ လာစစ်တာပါ ၊ ပုံမှန်အတိုင်းပဲ စက်ရုံဘက်က သင်ပေးတဲ့ ဝန်းထမ်း ၂၅ ယောက်ကို ခေါ်မယ်။ ဖောင်တွေ ဖြည့်ခိုင်းမယ် ၊ ပြီးရင် မြေပြင်နဲ့ကွဲလွဲမှု့ရှိပါတယ်ဆိုပြီး သူတို့ လက်မှတ် ထိုးပေး ခဲ့ကြမယ်။  ဒါလည်း ထုံးစံတွေလို ဖြစ်နေပါပြီ။  

ကိုကြီးကျော်တို့ သတင်း page ကို  သူတို့က တခါတလေ မကျေနပ်ဘူး ၊ သူတို့လာရတာ အထက်က ခိုင်းလို့ ဆိုပြီး ငြီးတယ်။ တခါတလေကျေနပ်တယ် ၊ ကျေနပ်တာက စာအိတ်ရကြတယ်လေ။ 
အဲ့မှာ မပြီးသးဘူး ကိုကြီးကျော်..
Page မှာ တင်တဲ့ စက်ရုံ သတင်းအောက်ကနေ Comment တွေ ပေးခိုင်းတာ၊ အများဆုံးလုပ်ခိုင်းတာက စက်ရုံမှူး၊ မန်နေဂျာနဲ့ HR အဖွဲ့တွေပဲ။ 
တချို့HR တွေဆို ကိုယ်တိုင် ဝင်မန့်ကြတယ်။ သတင်းအမှားပါ၊ တိုင်ကြားတဲ့ အဖြစ်အပျက်မျိုး မရှိပါဘူး ဆိုပြီးပေါ့။ အသိစက်ရုံတရုံဆိုရင် မန့်ပေးရင် တစ်သောင်းတောင် ပေးတယ် ပြောတယ်။ 
တချို့  စက်ရုံတွေကတော့ Comment ပေးတဲ့ စက်ရုံဝန်ထမ်းတွေဆို ဘုရားလိုက်ပို့၊ မုန့်လိုက်ကျွေး အဲလိုတွေ လုပ်ကြတယ် ။ တခါတုန်းက ကိုကြီးကျော် ကျွန်မကို ပြောပြဘူးတယ် ။ မှတ်မိလား။ 
ကိုကြီးကျော်ရေ.... 
တချို့ HR တွေက အလုပ်သာ လုပ်နေတာ၊ အလုပ်သမားဥပဒေလည်း သေချာ မသိကြဘူး။ အဲ့တော့လည်း အလုပ်ရှင်ကို သေချာ ရှင်းပြလို့ မရဘူး။ ရပြန်ရင်လည်း အလုပ်ရှင်ကို အကြောင်းမျိုးမျိုးကြောင့် မလွန်ဆန်နိုင်ကြဘူး။ ဖြစ်လာရင် ငွေနဲ့ ရှင်း ဆိုတော့၊ စက်ချုပ်ကလေးတွေ နစ်နာရတာပေါ့ ။
တချို့ဆို နာတာရှည်ရောဂါတွေ ရတာမျိုးတွေတောင် ကြားတယ်။ 

ကိုကြီးကျော်ရေ..
ရက် အစားဆင်းခိုင်းတဲ့ အချိန်မဟုတ်တော့ အဲလိုသတင်းတွေ မကြားရဘူးနော်။ အခုတော့ အလုပ်သမားရှား၊ အထည်စံချိန်တွေ လိုအပ်လာတော့ အချိန်ပိုတွေ အများကြီးခေါ်ရတယ်။ အခုရက်ပိုင်းဆို ဆိုးဆိုးဝါးဝါးတွေ ခေါ်တာတွေကြာရတယ်။ အာဇာနည်နေ့တောင် အလုပ်သမားရုံးတွေက ပိတ်ခိုင်းလို့ ပိတ်ကြတာ။ 
ဗုဒ္ဓဘာသာ နိုင်ငံမှာ ဝါဆိုလပြည့် မပိတ်တဲ့ စက်ရုံ ရှိနေတယ်  ။ မသင့်တော်တဲ့ အလုပ်တွေ လုပ်ခိုင်းကြတာပေါ့ ကိုကြီးကျော်။
အလုပ်သမားတွေအတွက် အဆိုးဝါးဆုံးက တဆက်တည်း ၇ နာရီ ၈ နာရီ လုပ်ပေးနေရတာပဲ။ မထိုင်ရ၊ ထမရ၊ အပေါ့အပါးသွားလို့ မရအောင် ပြောဆိုကြတာတွေလေ။ ကြားမကောင်းပါဘူး ။ အလုပ်သမားရုံးက ပုဂ္ဂိုလ်တွေ လည်း မကြားကြဘူးနော်။ 

သောက်ရေလည်း သောက်ရေမို့၊ အိမ်သာလည်း အိမ်သာမို့ ၊ ဆေးခန်းလည်း ဆေးခန်း အဲလိုတွေ မကောင်းတော့ ဘယ်လို ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ကြမလဲ။ လာစစ်တဲ့ တနေ့ပဲ ကောင်းနေတာ ။
တိုင်တယ်တယ် ဆိုလို့ ပြောရဦးမယ် ကိုကြီးကျော်
ညီမ အသိ စက်ရုံက အဆင့်မြင့်ဝန်ထမ်းပေါ့ ။ သူက ပြောပြတာပါ။ 

ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်က လုပ်ငန်းခွင်ထဲလာပြီး အလုပ်သမားတွေကို တိုက်ရိုက် ခိုင်းတာတဲ့လေ။ စက်ရုံပိုင်ရှင်ကလည်း ငွေပေးနေသူမို့ မပြောဘူး။ စက်ရုံပိုင်ရှင် မပြောတော့ မန်နေဂျာတွေ၊ အောစူပါတွေကလည်း မပြောကြဘူးတဲ့။

အဲလိုခိုင်းနေတာတွေကို အလုပ်သမားတွေက တိုင်ပါလေရောတဲ့။ တိုင်တော့ တံဆိပ်တွေပါ ဖော်ပြခံရတာပေါ့။ အဲဒါကို ပေါက်ကွဲပြီး စက်ရုံကို ပြဿနာ ရှာပါသတဲ့။ ဒါက ဥပဒေမှာ တားဆီးထားလည်း လုပ်ကိုင်နေကြ တာတွေကို ပြောတာပါ။ ဒီလိုတွေခွင့်ပြုရင် နောက်ဆက်တွဲ ပြဿနာတွေက များတယ်လေ နော်။

ကိုကြီးကျော်ရေ ...

သုံးရက်ပိုတုန်းလေး စာပို့လိုက်တာပါ။ ဒါတောင် ကြာသာပတေးနေ့က အောနိုက် ဆင်းထားရသေးတယ်။ မိသားစုနဲ့ အခုမှ အတူအေးဆေး နေရတယ်။ ကိုကြီးကျော်လည်း အနားယူပါဦး။ အားရင် ထပ်ပြောပြဦးမယ်နော်။

ခင်မင်ရတဲ့
မေသူ

 

 


Related posts

Cover
Tai Hong Garment စက်ရုံမှာ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေ နစ်နာနေရ
Sep 07, 2024
Cover
Myanmar SINYOUNG CLOTHES FASHION မှာ အချိန်ပိုအလွန်အကျွံ​ခေါ်ယူ​နေဟုဆို
Sep 07, 2024
Cover
အဝေးသင်ဖြေမယ့် အလုပ်သမားတွေကို အလုပ်ထွက်ခိုင်းလို့ ဖြေရှင်းပေးဖို့တောင်းဆို
Aug 31, 2024
Cover
GOLDEN PROPITIOUS (Myanmar ) အထည်ချုပ်စက်ရုံက အမျိုးသမီးအလုပ်သမား စက်ရုံတွင်းအကြမ်းဖက်ခံရပြီးအလုပ်ထုတ်ပယ်ခံရမှုဖြစ်ပွား
Aug 31, 2024
Cover
မြန်မာအားသစ်မာန် ကားစက်ရုံ လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုမှုပြုလုပ်၊ စစ်တပ် ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Aug 30, 2024
Cover
U&G အထည်ချုပ်စက်ရုံ စနေနေ့များတွင် ညနက်အထိ အချိန်ပို ခိုင်းစေ
Aug 29, 2024
Cover
Hang Kei Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ
Aug 27, 2024
Cover
North Shore အထည်ချုပ် အာဏာပြ ဖိအားပေးမှု အလုပ်သမားများအား ထိခိုက်နေ
Aug 27, 2024