NEWS

အချိန်ပို အလွန်အကျွံမခေါ်ဖို့ အလုပ်သမားတွေပြော

CoverLogo
908 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်း စက်မှုဇုန် ၁ မှာဖွင့်လှစ်ထားတဲ့ KBL Garment  မှာ သတို့သမီးဝတ်စုံတွေချုပ်လုပ်ရတာဖြစ်ပြီး အချိန်ပိုအလွန်အကျွံခေါ်နေလို့ နံနက် ၈ နာရီကနေ ည ၉ နာရီ ၊ ၁၁ နာရီ လုပ်ကိုင်နေရသလို ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့တွေပါ ဆင်းခိုင်းနေလို့ နားရက်မရဘဲ အခက်ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံလုပ်ငန်းမှာ အလုပ်သမား ၉၀၀ ကျော်နဲ့ လည်ပတ်နေပြီး DAVIDS BRIDAL, Studio စတဲ့အမှတ်တံဆိပ် သတို့သမီးဂါဝန်တွေချုပ်လုပ်နေတာလို့ ပြောပါတယ်။

အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီကနေ ညနေ ၄ နာရီ ၃၀ သတ်မှတ်ထားပေမယ့် ညနေ ၄ နာရီ ၃၀ ကနေ ည ၉ နာရီ၊ ည ၁၁ နာရီအထိ လုပ်ကိုင်နေရပြီး တနင်္ဂနွေ ပိတ်ရက်တွေပါ ဆင်းနေရလို့ အခက်ကြုံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

တနင်္ဂနွေ နားရက်မှာ အချိန်ပိုဆင်းရတာဟာ စက်ရုံရှိအလုပ်သမားအားလုံးဆင်းရတာရှိသလို လူခွဲ ဆင်းရတာမျိုး တွေရှိနေပြီး ညည့်နက်ထိ အချိန်ပိုဆင်းရပေမဲ့ ဖယ်ရီစီစဉ်ပေးတာမရှိလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရတာအခက်ကြုံနေတယ်လို့ဆိုပါတယ်။စက်မှုဇုန်မြို့နယ်ဟာ စစ်တပ်အုပ်ချုပ်ရေးသတ်မှတ်ထားပြီး ညမထွက်ရအမိန့်ထုတ်ထားလို့ အန္တရာယ်ကြားက ပြန်နေရတာလို့ ပြောပါတယ်။

အထည်စံချိန်တွေကို ချုပ်လုပ်နိုင်တာထက်ပိုတောင်းတာ ကြိုတင်ခွင့်ပြုချက်ယူ အသိပေးတာမျိုးမဟုတ်ဘဲ အချိန်ဆင်းခါနီးမှ အချိန်ပိုရှိကြောင်းအသိပေးကာ ဆင်းခိုင်းပြီး အချိန်ပိုဆင်းရန်ငြင်းဆန်သူတွေကိုတော့ အောစူပါ စူပါတွေက ရိုင်းစိုင်းစွာ ပြောဆိုပြီး  ဖိအားပေးခြိမ်းခြောက်တယ်လို့ ပြောပါတယ်။

"ဇွန်လ ၃ ရက်နေ့က စက်ရုံမှူးက အလုပ်သမားတွေကို မေလအတွက် မုန့်ဖိုး ၃၀၀၀၀ ထည့်ပေးမယ်ပြောတယ် လစာထုတ်တော့ထည့်ပေးတယ်၊ ၆ ရက်နေ့မှာ ငွေ ၃၀၀၀၀ ရကြောင်းလက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ လစာတိုးတယ်ဆိုပြီး  မည်သည့်ခွင့်မဆိုပျက်ပါက တရက်တစ်သောင်းကျပ် ဖြတ်မည်ကိုသိရှိသဘောတူကြောင်းဆိုပြီး လက်မှတ်ထိုးခိုင်းပါတယ်။ အလုပ်သမားတွေက လက်မှတ်ထိုးပေးဖို့ ငြင်းဆန်ပြီး ရရှိတဲ့ ၃ သောင်းက မေလဆုကြေးလို့ သိထားကြောင်း လစာတိုးပေးမယ်ဆို အခြေခံလစာ ဒေးကြေးကိုပဲ တိုးပေးစေချင်တာ သူများစက်ရုံတွေကို ဒေးကြေး တိုးပေးနေကြတာမို့လို့ တိုးပေးစေချင်တယ် အဲ့တာကို လက်မှတ်မထိုးရင် ပေးထားတဲ့ ၃ သောင်းကို ပြန်ပေးဖို့ပြောတယ် အလုပ်သမားတွေက နောက်လစာထဲက ပြန်ဖြတ်လိုက်ဆိုပြီး ပြောထားတယ် ၃ သောင်းတိုးပေးပြီး ခွင့်ယူလို့ ပြန်ဖြတ်မယ်ဆိုတာ လက်မခံနိုင်ဘူး" လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် လုပ်ခလစာတိုးပေးရန် မျှော်လင့်နေပြီး အခုလို ပြန်လည်ဖြတ်တောက်ရန် စီစဉ်သည့် အခြေအနေကို လိုလားခြင်းမရှိကြောင်း ပြောပါတယ်။

အဆိုပါ စက်ရုံလုပ်ငန်းခွင်မှာ အချိန်ပိုခိုင်းစေခြင်းနှင့် ခွင့်မရတာ ခွဲခြားဆက်ဆံမှုတွေ ရှိကြောင်း တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာက လာရောက်စစ်ဆေးခဲ့ပေမဲ့ အချိန်ပိုတွေ ယခင်ကထက် ပိုမိုလုပ်ဆောင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားများတောင်းဆိုချက်များမှာ-
၁။ အချိန်ပိုများကို ခေါ်ယူပါက အလုပ်သမားများကို ကြိုတင်ပြောရန်။
(က) ည ၁၁ နာရီခေါ်ယူပါက ဖယ်ရီစီစဉ်ပေးရန်။
(ခ)တနင်္ဂနွေနေ့အချိန်ပိုများကို ဆက်တိုက်မလုပ်ကိုင်ရန်။
၂။ ဒေးကြေး ၁၅၀၀ ကျပ်သို့မဟုတ် ၁၀၀၀ ကျပ်တိုးပေးရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026