NEWS

အချိန်ပိုအလွန်အကျွံဆင်းနေရလို့ အလုပ်သမားတွေအခက်တွေ့နေ

CoverLogo
1.2K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အနော်ရထာ ဗဟိုရ်လမ်း မှာ အလုပ်သမား ၂၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ ETERNAL FASHION အထည်ချုပ်စက်ရုံမှာ အချိန်ပိုအလွန်အကျွံ လုပ်ကိုင်ရပြီး နားရက်မရသလို အချိန်ပိုဆင်းရန် ငြင်းဆန်ပါကလည်း ငွေကြေးဖြတ်တောက်တာတွေကြောင့် အခက်အခဲတွေ့နေရတယ်လို့  အလုပ်သမားတွေကပြောပါတယ်။

အလုပ်ချိန်သတ်မှတ်ချက်အနေနဲ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီ ၄၀ အထိ ( အချိန်ပို ၂ နာရီအပါ) ပုံမှန်အလုပ်ချိန်ဖြစ်ပြီး ဒေးကြေး ၆၅၀၀ ကျပ် သတ်မှတ်ထားပြီး ၊ တလလုံးရက်မပျက်ပါက ရက်မှန်ကြေး ၂၀၀၀၀ ကျပ်၊ နည်းပညာဆုကြေး A+၄၀၀၀၀ကျပ်၊ A ၃၀၀၀၀ ကျပ်၊ B+ ၃၅၀၀၀ ကျပ်၊ C ၂၅၀၀၀ကျပ်၊ အခြားဆုကြေး၊ နှစ်ကြေးတစ်နှစ် ၂၀၀၀ ကျပ်၊ အချိန်ပိုကြေး တွေ သတ်မှတ်ပေးထားတာလို့ ဆိုပါတယ်။

"အဓိက လုပ်ငန်းခွင်ပြဿနာက အလုပ်ချိန် အချိန်ပို ၂ နာရီ အပါ ၁၀ နာရီလုပ်ရပါတယ်။ နောက်ပြီး ညနေ ၆ နာရီ ၄၀ ကနေ ည ၁၂ နာရီ အထိ ကို အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မမေးဘဲ ဆက်ရှင်အလိုက် ဒါမှမဟုတ် လူရွေးပြီးခေါ်ရင် ဆင်းရတယ် ။ အဲ့လိုဆင်းရရင် စက်ရုံမှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်အိပ်ရတယ် ။ မနက် ၅ နာရီမှာ ဖယ်ရီကားနဲ့ လာကြိုပေးပြီး အိမ်ပြန် ရေချိုးပြီး အလုပ်ကို ဖယ်ရီအမှီပြန်သွားရတယ် အဲ့ဒီလို ညဘက် အချိန်ပိုမဆင်းဘူးဆိုရင် သတ်မှတ်ထားတဲ့နည်းပညာဆုကြေးကို မပေးတော့ဘူး ဒါကြောင့်အလုပ်သမားက ဆုကြေးလျော့မှာစိုးလို့ အချိန်ပိုကို ဆင်းနေရတယ်" လို့ အလုပ်သမားကရှင်းပြပါတယ်။

အဲ့ဒီလို ည ၁၂ နာရီထိ အချိန်ပိုဆင်းရမယ်ဆိုပါက စုစုပေါင်း အလုပ်ချိန်ဟာ တနေ့ကို ၁၆ နာရီကျော်လုပ်ကိုင်နေရတာပါ။ အချို့အလုပ်သမားတွေအနေနဲ့ အလုပ်ပိတ်ရက် တလလျင် ၂ ရက်ခန့်သာ ရရှိတယ်လို့ ဆိုပါတယ်။ အခုလို အချိန်ပို ဆင်းရန် ငြင်းဆန်ပါက နည်းပညာကြေးလို့သတ်မှတ်ပေးထားတဲ့ ဂရိတ်ကြေးတွေမရတော့လို့ လုပ်ခလစာက စားဝတ်နေရေးအတွက် မလောက်ငှတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

"သူတို့အတိုင်းခိုင်းတဲ့အတိုင်းလုပ်ရဖို့ဆို တနေ့ကို ၁၆ နာရီလောက်လုပ်ရတယ် အဲ့လောက်မှ ထမင်စားလို့ရတာမို့ အချိန်ပိုဆင်းရတာကို ငြင်းဆန်လို့မရဖြစ်နေတာ ကြာရင် ကျန်းမာရေးထိခိုက်ပြီး လဲသွားရင် ဘယ်သူမှ ထမင်းလာကျွေးထားမှာလဲ"လို့ အလုပ်သမားကပြောပါတယ်။

အခုလို နေ့စဉ်အချိန်ပိုဆင်းနေရတာက သင်္ကြန်ကာလ ရုံးပိတ်ရက်အပြီးနောက်ပိုင်းမှာ ရက်ဆက်လုပ်ကိုင်နေရတာဖြစ်ပြီး ကပ်တင် ( cutting) ဌာနမှာ နားရက်မရှိလုပ်ကိုင်နေရသလို အခြားဆက်ရှင်တွေအနေနဲ့ အချိန်ပိုဆင်းဖို့ ရွေးချယ်ခေါ်ယူနေတာလို့ သိရပါတယ်။

ခွင့်ယူပါက မည်သည့်ခွင့်အမျိုးအစားမဆို ၁၀၀၀၀ ကျပ်ဖြတ်တောက်ခံရပြီး သတ်မှတ်ထားသည့်စနစ်အရ ဒေးကြေးမှလွဲပြီး မည်သည့်ခံစားခွင့်မျှ မရရှိသလောက်နီးပါးဖြစ်နေတာလို့ ဆိုပါတယ်။

"အလုပ်ပျက်တာဖြစ်ဖြစ် အချိန်ပိုမဆင်းတာပဲဖြစ်ဖြစ် သူတို့သတ်မှတ် ပေးထားတဲ့တိုင်တွေထဲက အဖြတ်ခံလိုက်ရရင် တော်တော်လေးများတယ် တစ်လလုံးကုန်းရုံးလုပ်လဲ ဒေးကြေးလောက်ပဲ ရတော့ အလုပ်သမားတွေအတွက်က "ပေးကားပေး၏မရ" ဆိုတာမျိုးဖြစ်နေတာ"လို့ အလုပ်သမားပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ သောက်သုံးရေ မသန့်ရှင်းတဲ့ ပြသနာရှိနေပြီး ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ အချိန်ပိုခေါ်ပါက အလုပ်သမားသဘောဆန္ဒကိုမေးမြန်းရန် ( အချိန်ပိုမဆင်းသူများကို နည်းပညာဆုကြေး မဖြတ်တောက်ရန် )၊ သောက်ရေသန့် စီစဉ်ပေးရန် ၊ ခွင့်ရက်များကို အလုပ်သမားဥပဒေနဲ့အညီခွင့်ပြုပေးရန်နဲ့ ရက်မှန်ကြေးမဖြတ်တောက်ရန် လိုင်း (QC) နှင့် ဖက်နရှင် (QC) များကို ဒေကြေး ၇၅၀၀ ကျပ် တန်းတူပေးရန် စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ သိရပါတယ်။

လုပ်ငန်းလည်ပတ်တာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ အဲ့ဒီလုပ်ငန်းခွင် အတွင်းမှာအလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေးယန္တရားအတွက် အလုပ်သမားသမဂ္ဂရော လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီပါ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါစက်ရုံမှာ VENTMAX, MCKINLEY စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026