NEWS

အချိန်ပိုအလွန်အကျွံခေါ်ပြီး  လုပ်ငန်းခွင်အတွင်း ဥပဒေချိုးဖောက်မှုတွေ ပြုလုပ်နေတယ်လို့  Sunrise Myanmar Fashion Garment အလုပ်သမားတွေပြောဆို

CoverLogo
1K Views

အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Sunrise Myanmar Fashion Garment မှာ လုပ်ငန်းခွင်အတွင်း အချိန်ပိုအလွန်အကျွံခေါ်ယူပြီး ငြင်းဆန်ပါက ခွဲခြားဆက်ဆံမှုတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

နံနက်ခင်းအလုပ်ချိန် ၈ နာရီကနေ ည ၇ နာရီအထိ ပုံမှန်အလုပ်ချိန်ထဲမှာ အချိန်ပို ၂ နာရီနေ့စဉ်လုပ်ကိုင်ရတာဖြစ်ပြီး ယခုလတွေမှာ ည ၇ နာရီ ၉ နာရီ ဒါမှမဟုတ် ည ၁၂ နာရီအထိ အချိန်ပိုဆင်းရတာတွေရှိပြီး ညည့်နက်ပိုင်းထိလုပ်ရတဲ့ အချိန်ပိုအလုပ်တွေအတွက် အလုပ်သမားရဲ့ ဆန္ဒသဘောထားတောင်းခံတာမရှိဘဲ မဖြစ်မနေ ဆင်းနေရတာကြောင့် အခက်တွေ့ရတယ်လို့ အလုပ်သမားကပြောပါတယ်။

"မိသားစုကိစ္စရှိလို့ဆိုပြီးအချိန်ပိုမဆင်းရင် အပြောအဆိုခံရတယ် ဒီနေ့မဆင်းရင် နောက်နေ့အများနည်းတူမခေါ်ဘူးဆိုပြိးပြောတယ် ည ၁၂ နာရီအထိ ခေါ်တာတင်မကဘူး ပိတ်ရက်နားရမဲ့ရက် တနင်္ဂနွေနေ့မှာလည်း အချိန်ပိုခေါ်ပြီး ငြင်းဆန်ရင် ခွဲခြားခွဲခြားလုပ်တယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

စက်ရုံက ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ၄ ကျောက်စိမ်းလမ်းမှာဖွင့်လှစ်ထားတာဖြစ်ပြီးတရုတ်နိုင်ငံသားပိုင်ဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားတာလည်းမရှိဘူးလို့ သိရပါတယ်။ လက်ရှိလုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ်ကင်းရှင်းရေး နဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေးမှုတွေလည်း အားနည်းနေပြီး ဖြေရှင်းပေးတာမရှိသလို  အလုပ်သမားဥပဒေပါ လိုက်နာရမဲ့အချက်တွေချိုးဖောက်တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ညှိနှိုင်းပေးတာမရှိဘူးလို့လည်း  အလုပ်သမားတွေကပြောပါတယ်။ 

အဲ့ဒီစက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL, wmb,CLOSSHI Biz, HK WORKS LONDON, SOLOTEX စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တောင်းဆိုမှုကို ချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံတာပြုလုပ်နေပြီး ၎င်းတို့သတ်မှတ်ထားတဲ့စံချိန် ထိ ပြည့်မီအောင် မနားမနေချုပ်လုပ်ပါကလည်း အကြောင်းအမျိုးမျိုးနဲ့ ဆုကြေးဖြတ်တောက်တာမျိုးတွေ ပြုလုပ်ပြီး အထည်စံချိန်မပြည့်မီပါက နောက်လထဲက ဆုကြေးအထိပါ ဖြတ်တောက်ခံရတာဖြစ်လို့ ခေါင်းဆောင်ဖြစ်သူတွေရဲ့ မတရားပြုလုပ်ခံနေရတာလို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းက နေ့စားအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက်လည်း ချိုးဖောက်ခံနေရပြီး နေ့စားအလုပ်သမားတစ်ဦးလျင် ဒေးကြေး တစ်ရက် ၄၈၀၀ ကျပ်နှင့် အချိန်ပိုကြေးသာရရှိပြီး စနေ တနင်္ဂနွေ ရက်များတွင် အလုပ်ဆင်းရပါကလည်း ၄၈၀၀ ကျပ်သာရရှိတာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက တိုးပေးတဲ့ ၁၀၀၀ ကျပ်ကိုလည်း ခံစားခွင့်မရဘူးလို့ ပြောဆိုပါတယ်။

"နေ့စားအလုပ်သမားတွေအတွက်လည်း ပြောချင်ပါတယ် နေ့စားသမားတွေက ဘာအခွင့်အရေးမှ မရှိဘဲ တစ်နေ့ ၄၈၀၀ နဲ့ပဲလုပ်နေရတာပါ အလုပ်ပါးတာတို့ မကြိုက်တော့တာတို့ဆို ဘာနစ်နာကြေးမှမပေးဘဲ ဒီတိုင်းအလုပ်ထုတ်ခံရတာ"လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

"အခုလိုနေ့စဉ်နဲ့အမျှ အချိန်ပိုတွေလုပ်နေရပြီး နေမကောင်းရင်လည်းနားရက်မရှိတာ မိသားစု အရေးကိစ္စရှိလည်း ခွင့်ယူလို့မရတာတွေ အဲ့တာတွေအကုန်လုံးကို တောင်းဆိုချင်ပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အခွင့်မသာပါဘူး အချိန်ပိုခေါ်တာကိုတော့ အလုပ်သမားရုံးကို ဖုန်းဆက်တိုင်ပါတယ် သက်ဆိုင်ရာက လာပြီးတော့ ရုံးပေါ်တက်အလုပ်ရှင်နဲ့တွေ့ပြီး ပြန်သွားတာပဲ ဘာမှ မထူးခြားလာဘူး အချိန်ပိုခေါ်တာ ပြောင်းလဲသွားတာမရှိဘူး အချိန်ပိုကို ည ၁၂ နာရီ ဆက်တိုက်လုပ်နေရတာ"လို့ အလုပ်သမားကပြောပါတယ်။

လက်ရှိလုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့်မရဘူးလို့ ဆိုပါတယ်၊ ခွင့်တစ်ရက်ယူပါက လူ ၄ ဦးရဲ့ လက်မှတ်ပါမှ ခွင့်ပေးတာဖြစ်လို့ ခွင့်ယူဖို့ အခက်အခဲကြုံနေရပြီး အလုပ်တစ်ရက်ပျက်ပါက ခွဲခြားဆက်ဆံတာ ဝမ်တိမ်လက်မှတ်ထိုးရတာတွေရှိနေပြီး စူပါဝန်ထမ်းတွေသာ အဲဒီ အခွင့်အရေးရရှိတာမျိုးဖြစ်ပြီး ကျန်အလုပ်သမားတွေအနေနဲ့ ခံစားခွင့်မရဘဲ ခွဲခြားဆက်ဆံခံနေရတာလို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေအနေနဲ့ အချိန်ပိုခေါ်ယူမယ်ဆိုပါက အလုပ်သမားရဲ့ သဘောထားဆန္ဒကိုတောင်းခံဖို့ အချိန်ပိုမဆင်းနိုင်တဲ့အလုပ်သမားကို လွပ်လပ်စွာ ခွင့်ပြုပေးရန်နှင့် ဂရိတ်အဆင့်မချရန် အချိန်ပိုဆင်းသော အလုပ်သမားများကိုဖယ်ရီပေးရန် တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အထည်စံချိန်တွေကို အလုပ်သမားချုပ်လုပ်နိုင်တဲ့ စံချိန်ကို သာတောင်းခံရန်နှင့် အထည်ဆုကြေးများရပါက မဖြတ်တောက်ရန်နှင့် ညှိနှိုင်းမှုများပြုလုပ်ပေးရန် ခွင့်ယူပါက လူ ၂ ဦး၏လက်မှတ်ဖြင့်သာခွင့်ပြုပေးရန် ခွင့်ယူပါက ဂရိတ်ကြေး မချရန် လုပ်ငန်းခွင်အတွင်းမှာ ဆဲဆို အော်ဟစ်တာတွေ မလုပ်ဖို့ နဲ့ နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းခန့်ပြီး အလုပ်သမားအားလုံးကို တန်းတူခံစားခွင့်ပေးဖို့ နဲ့ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတာမတွေ မပြုလုပ်ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုလိုတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026