NEWS

အချိန်ပိုကြေးများ ဥပဒေနှင့်အညီမရရှိတဲ့ အပြင် အချိန်ပိုမဆင်းပါက ဂရိတ်ကြေးအဆင့်ချခြင်းနှင့် ဖိအားပေးပြောဆိုမှုများရှိကြောင်း Universal Apparel Co,Ltd အထည်ချုပ်အလုပ်သမားများပြောကြား

CoverLogo
1.7K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ငွေပင်လယ်စက်မှုဇုန်မှာ  ဖွင့်လှစ်ထားတဲ့ Universal Apparel Co,Ltd အထည်ချုပ်စက်ရုံတွင် အချိန်ပိုကြေးများ ဥပဒေနှင့်အညီမရရှိတဲ့ အပြင် အချိန်ပိုမဆင်းပါက ဂရိတ်ကြေး အဆင့်ချခြင်းနှင့် ဖိအားပေးပြောဆိုမှုများရှိကြောင်း Universal Apparel Co,Ltd အထည်ချုပ် အလုပ်သမားများမှသိရပါတယ်။

လုပ်ငန်းခွင်အတွင်း အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာပါ အချိန်ပိုဆင်းနေရပြီး အချိန်ပို ၈ နာရီမှာ  ၄ နာရီစာသာပေးချေတာကြောင့် အဆင်မပြေဘူးလို့ အလုပ်သမားတွေကပြောပါတယ်။ အဆိုပါက ကိစ္စကို တာဝန်ရှိသူထံသွားရောက်ပြောကြားသော်လည်း ဖြေရှင်းပေးခြင်းမရှိဘဲ ဂရိတ်ကြေး လျှော့ချပစ်တတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်တွေမှာအချိန်ပိုဆင်းရပါတယ်။ အချိန်ပို (၈) နာရီဆင်းရပေမဲ့ အချိန်ပိုကြေးကို (၄) နာရီပဲထည့်ပေးတယ်။ ယခင်တုန်က တနင်္ဂနွေနေ့ဆင်းလျှင် ဆင်းရတဲ့အချိန်နာရီကို တွက်ပေးတယ်။ အခုဆို တစ်နှစ်ကျော်နေပြီး တနင်္ဂနွေနေ့ အချိန်ပို (၈) နာရီဆင်းတိုင်း (၄) နာရီနဲ့ပေးတာ တချို့အလုပ်သမားတွေက အချိန်ပိုကြေးကို ဥပဒေနဲ့အညီတွက်ချက်ပေးဖို့ သွားပြီးမန်နေဂျာကို ပြောကြ တယ်။ မန်နေဂျာက ဥပဒေတိုင်းတွက်ပေးတာပဲလို့ ပြန်ပြောတယ်။ အလုပ်သမားတွေက ဥပဒေတိုင်း တွက်ချက်ပေးတာမဟုတ်ဘူးဆိုတာသိတယ်။ အချိန်ပိုကြေးကို ဥပဒေနဲ့အညီမတွက်ပေးလျှင် အချိန်ပို မဆင်းဘူးလို့ပြောလျှင် သက်ဆိုင်ရာခေါင်းဆောင်တွေ ခေါ်ပြီးပြောဆိုလုပ်တယ်။ ပေးထားတဲ့ ဂရိတ်ကြေး တွေကို ချပစ်တယ်လို့ (အမည်လွဲ) မသင်းသင်းက  Labour News သတင်းဌာနကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ မေလအတွက် လစာပေးချေရာမှာလည်း အလုပ်သမားအချို့ကို ၅၂၀၀ နှုန်းနဲ့ ပေးချေခဲ့ပြီး ခွဲခြားဆက်ဆံတာကြောင့် ကျေနပ်မှုမရှိဘူးလို့ အလုပ်သမားကဆိုပါတယ်။

“စက်ရုံထဲမှာလဲ ခွဲခြားဆက်ဆံခံရတာတွေရှိပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလ လစာမှာ ၅၂၀၀ နဲ့ လစာကို ရှင်းပေးတယ်။ အလုပ်သမားတိုင်းမရဘူး။ စက်ချုပ်နဲ့ တချို့တလေပဲရတယ်။ HP တွေမရဘူး။ တချို့အလုပ်သမားတွေဆို လုပ်သက် အနည်းဆုံး (၂) နှစ်ကနေ (၁၂) နှစ်ရှိတဲ့သူတွေရှိတယ်။ အဲ့ဒီအလုပ်သမားတွေက ၅၂၀၀ မရဘူး။ အော်စူပါတွေ၊ စူပါ၊ လီတာတွေက ခေါ်သွင်းထားတဲ့ အလုပ်သမားတွေ၊ ဆွေးမျိုးတွေကျတော့ လုပ်သက်လဲမရှိဘဲ ၅၂၀၀ နဲ့လစာရှင်းပေးတယ်။ အဲ့တော့ ကျွမ်းကျင် အလုပ်သမားတွေက ထွက်ကုန်တယ်။ နေ့စားတွေ ခေါ်လုပ်တာတွေရှိတယ်။ ကျနော်တို့အနေနဲ့ အများစက်ရုံလိုပဲ ၅၆၀၀၊ အချိန်ပိုကြေး ၁၄၀၀ နဲ့ စက်ရုံထဲက အလုပ်သမားတွေကို တိုးပေးသင့်တယ်လို့ အလုပ်သမား တစ်ဦးကပြောပါတယ်။

"ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပ‌ဒေမှာ ပြဌာန်းထားတာရှိတယ်  အခန်း (၂) မှာ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များတွင် အလုပ်ရှင်အနေဖြင့် အချိန်ပို ခိုင်းစေပါက မည်သို့ နားရက်ပေးရမယ်၊ အချိန်ပိုကြေးကို (၂) ဆတွက်ချက်ပေးရမယ်ဆိုတာကို ပြဌာန်းထားပါတယ်။ နိုင်ငံရေးဖြစ်တဲ့အချိန်မှာ အလုပ်ရှင်တွေနဲ့ လုပ်ငန်းခွင်အတွင်းတာဝန်ယူနေတဲ့ မြန်မာမန်နေဂျာတွေက ပေါင်းပြီး ဥပဒေကို မလေးစားတော့ဘူး။ မျက်နာလိုမျက်နာရနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဖိနိုပ်လာတယ်။ ရက်သတ္တပတ် ပိတ်ရက်မှာအချိန်ပိုခိုင်းလျှင် ဘယ်လိုအနားပေးရမလဲဆိုတာ မန်နေဂျာတွေသိပါတယ်။ အလုပ်အနားမပေးချင်းလျှင် အချိန်ပိုကို (၂) ဆ တွက်ပေးရမှာပါပဲ။ အဲဒါကို လုပ်ခလစာထဲမှာ တနင်္ဂနွေကြေးရက်ထည့်ပေးထားလို့ အခု (၁) ဆပဲထည့်ပေးမယ်ဆိုတာ မမှန်ပါဘူး။ မန်နေဂျာတွေ လုပ်နေကြပြီး အလုပ်သမားဥပဒေတွေကို မသိဘူးဆိုလျှင် အဲဒီနေရာ တာဝန်ကို မယူပါနဲ့၊ ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်ကြပါ"လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးမှ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ အချိန်ပို (၈) နာရီလုပ်ရသောလည်း (၄) နာရီသာ အချိန်ပိုကြေးတွက်ချက်ပေးသည့်အတွက် ကျန်ရှိ အချိန်ပိုနာရီအတွက် ဘက်ဒိတ်နှင့် ပြန်လည်တွက် ချက်ပေးရန်၊ ဒေးကြေး (၅၆၀၀) ကျပ်နှင့် အချိန်ပိုကြေး (၁၄၀၀) ကျပ်ကို အလုပ်သမားအားလုံးကို တန်းတူ ခံစားခွင့်ပေးရန်၊ အချိန်ပိုမဆင်းလိုတဲ့ အလုပ်သမားများကို ဂရိတ်မချရန်နှင့် ‌ခေါ်ယူပြောဆိုမှုမလုပ်ရန် တောင်းဆိုထားပါတယ်။

Universal Apparel Co,Ltd အထည်ချုပ်စက်ရုံသည် အလုပ်သမား (၁၀၀၀) ကျော်ဖြင့် လည်ပတ်နေတာဖြစ်ပါတယ်။  စက်ရုံမှာ ELCORTE, MOORES တို့ချုပ်လုပ်ပြီး အထည်များကို အမေရိကန်၊ ကနေဒါ၊ ကိုရီးယားနိုင်ငံများကို ပေးပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews

#နွေဦး


                                                                            
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026