NEWS

သက်ဆိုင်ရာက  လာစစ်သော်လည်း လုပ်ငန်းခွင် ချိုးဖောက်မှုတွေဆက်လက်ကျူးလွန်နေဆဲ

CoverLogo
875 Views

DAVID'S BRIDAL, celebrate  စတဲ့အမှတ်တံဆိပ် သတို့သမီးဝတ်စုံတွေချုပ်လုပ်တဲ့ KBL Garment စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေလို့ သတင်းဖော်ပြပြီးနောက်ပိုင်း သက်ဆိုင်ရာအလုပ်သမားရုံးတွေက စက်ရုံကို လာရောက်စစ်ဆေးပေမဲ့ စက်ရုံဘက်ကတော့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၂၆ ရက်မှာ KBL Garment  စက်ရုံလုပ်ငန်းခွင်အတွင်း ညည့်နက်အထိအချိန်ပိုခေါ်တာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ ကြီးကြပ်ရေးလုပ်သားတွေမှ ကြမ်းတမ်းရိုင်းပျစွာဆဲဆိုခိုင်းစေနေတာတွေ ကျူးလွန်နေလို့  Myanmar Labour News က သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

သတင်းဖော်ပြပြီးနောက်ပိုင်း မတ်လ ၁ ရက်နေ့မှာတော့ သက်ဆိုင်ရာ အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့များလာရောက်စစ်ဆေးခဲ့ပေမဲ့ လုပ်ငန်းခွင်အတွင်းမှာ ချိုးဖောက်မှုတွေဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံဟာ ရန်ကုန် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်း စက်မှုဇုန် ၁ မှာဖွင့်လှစ်ထားတာဖြစ်ပြီးအလုပ်သမား ၉၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။လုပ်ငန်းခွင်ထဲမှာအလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားတွေဖြစ်တဲ့ အလုပ်သမားသမဂ္ဂ ရော ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီရော ဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။

လုပ်ငန်းခွင်ဟာ နံနက် ၈ နာရီကနေ ညနေ ၄ နာရီ ၃၀ အထိ လုပ်ကိုင်ရတာဖြစ်ပြီး အချိန်ပိုကို အလုပ်ဆင်းချိန်ကနေ ည ၉ နာရီ ၊ ၁၁ နာရီ အထိ လုပ်ကိုင်နေရပြီး လက်ရှိခေတ်ကာလအခြေအနေ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် လုံခြုံရေးစိတ်ပူနေရလို့ ညည့်နက်အထိ အချိန်ပိုဆင်းဖို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ တစ်နေ့အလုပ်ချိန် အိုတီ ၂ နာရီအပါအဝင် ၁၀ နာရီသာ ခေါ်ဖို့နဲ့ လုံခြုံရေးအခြေအနေ စိတ်ပူရမှုတွေကြောင့်  ညည့်ပိုင်းထိ အိုတီမခေါ်ရန် ပြောဆိုပေမဲ့  ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့ စူပါတွေမှ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက တစ်လတိတိ အိုတီမခေါ်ဘဲ ဖိုင်း( ဒဏ်) ချမယ်လို့ ခြိမ်းခြောက်ခံရတာကြောင့် စားဝတ်နေရေး ဖြေရှင်းဖို့ အတွက် ကြိတ်မှိတ်သည်းခံကာ ဆက်လက်လုပ်ကိုင်နေရတယ်လို့  အလုပ်သမားတွေကပြောဆိုပါတယ်။

အထက်ပါ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်းချိုးဖောက်မှုတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ သတင်းဌာနမှာ တင်ပြပြောဆိုခဲ့တာဖြစ်ပြီး  အလုပ်သမားရေးရာဌာနတာဝန်ရှိသူတွေ စက်ရုံကို လာရောက်စစ်ဆေးခဲ့ပေမဲ့ ကျူးလွန်မှုတွေကတော့ မပြောင်းလဲပဲရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"မတ်လ ၁ ရက်နေ့မှာ အလုပ်သမားရေးရာ ရုံးတွေက တာဝန်ရှိတဲ့သူတွေ လာစစ်တယ် လာမစစ်ခင်မှာ စက်ရုံကို ကြိုပြီးအကြောင်းကြားထားတော့ စက်ရုံဘက်ကလည်း ကြိုတင်ပြင်ဆင်ပြီး သင်ပေးထားတာတွေလုပ်တယ် စက်လိုင်းတလိုင်းကို ၃ ဦးနှုန်းနဲ့ စစ်ဆေးဖို့ သွားရတယ် မန်နေဂျာသင်ပေးတဲ့အတိုင်းပဲဖြေရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အဲ့ဒီလို လုပ်ငန်းခွင်ထဲကို ကြိုတင်အသိပေးအကြောင်းကြားကာ လာရောက်စစ်ဆေးသွားပေမဲ့ အချိန်ပိုတွေကို ယခင်ထပ်ပိုမိုဆင်းနေရပြီး မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့နဲ့ တနင်္ဂနွေနေ့တွေပါ အချိန်ပိုဆင်းနေရတယ်လို့ ဆိုပါတယ်။

"ည ၈ နာရီအထိ ဆင်းရတာမျိုးရှိသလို ည ၁၁ နာရီအထိဆင်းရတာလည်းရှိတယ် တောင်သူလယ်သမားနေ့ရော ၊ တနင်္ဂနွေနေ့ပါဆင်းရတာ  မန်နေဂျာနဲ့ အောစူပါ စူပါတွေက အလုပ်သမားတွေအချိန်ပိုဆင်းလို့ရတယ် အလုပ်ရှင် အလုပ်သမားသဘောတူရင် ဘယ်အချိန်ဖြစ်ဖြစ်အချိန်ပိုဆင်းလို့ရတယ်လို့ စစ်ဆေးရေးအဖွဲ့ကပြောခဲ့တယ်ဆိုပြီးတော့ကိုခေါ်ဆင်းခိုင်းတာ စစ်ဆေးရေးနဲ့ အလုပ်ရှင်ဘက်ကပေါင်းပြီး အလုပ်သမားတွေကိုဖိနှိပ်တာလို့ပဲမြင်တယ်"လို့  အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ အထည်ကြေးခေါင်းပုံဖြတ်တာတွေ ပြုလုပ်နေပြီး စက်ရုံတွင် ချုပ်လုပ်ရတဲ့အထည်တွေကို လကုန်ပါက ဆုကြေးအနေနဲ့ တွက်ချက်ခွဲပေးပေမဲ့ အမှန်တကယ်ချုပ်လုပ်ရတဲ့အလုပ်သမားတွေမရရှိဘဲ စူပါတွေနဲ့ အဆင်ပြေသောအလုပ်သမားတွေကသာ ပိုမိုရရှိနေတာကိုလည်း ကျေနပ်မှုမရှိဘူးလို့အလုပ်သမားကပြောပါတယ်။

"တောင်းဆိုချင်တာကတော့ လစာထုတ်တဲ့ရက်တွေဆိုရင် ၄ နာရီလောက်မှာထုတ်ပေးစေချင်တယ် အခုက အလုပ်ဆင်းချိန်ကျမှထုတ်ပေးတော့ အဆင်မပြေဘူး လစာထုတ်ရက်တွေမှာစောစောပြန်ချင်တယ် နိုင်ငံရေးတွေကလည်း ကောင်းတာမဟုတ်ဘူး ခိုးဆိုးလုနှိုက်တွေကလည်း သောင်းကျန်းနေတာ"လို့ အလုပ်သမားကဆက်ပြောပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026