NEWS

လျှပ်စစ်မီး အခက်အခဲကြောင့် ရင်လေးနေရတဲ့ မြန်မာ့ယက်ကန်းလုပ်ငန်းများ

CoverLogo
1.8K Views

မန္တလေးခရိုင်မှာ လျှပ်စစ်မီး ရရှိမှု အင်မတန် နည်းပါးတာကြောင့် အမရပူရမြို့နယ်က ရက်ကန်းလုပ်ငန်းရှင် အများစု အခက်အခဲဖြစ်နေကြပါတယ်။

အမရပူရမြို့မှာ ရက်ကန်းရုံကြီးတွေမှာရော၊ အိမ်တွင်းစီးပွားအနေနဲ့ တပိုင်တနိုင် လုပ်ကိုင်နေကြတဲ့ ရက်ကန်းစင်တွေရော စုစုပေါင်း စင် နှစ်သောင်းနီးပါးရှိပြီး ၎င်း ရက်ကန်းရုံတွေမှာ မှီခိုနေရတဲ့ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုပါ ခက်ခဲနေကြရတယ်လို့ သိရပါတယ်။

လျှပ်စစ်မီးပေးချိန်နည်းပါးတာ၊ စက်သုံးဆီဈေး နှစ်ဆခန့် မြင့်တက်လာတာ၊ လျှပ်စစ်မီး လာမယ့်အချိန်ကို ခန့်မှန်းရခက်ခဲတဲ့အတွက် အလုပ်လုပ်ကိုင်ဖို့ ရက်ကန်းလုပ်သားတွေ စုစည်းရခက်ခဲတာတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် သယ်ယူပို့ဆောင်စားရိတ်၊ကုန်ကြမ်း စားရိတ် စတာတွေပါ မြင့်တက်လာတယ်လို့ သိရပါတယ်။

ကုန်ကျစားရိတ်တွေ မြင့်တက်လာပေမယ့် အရည်အသွေးပိုင်းမှာလည်း လျှော့ချလို့မရတာကြောင့် ကုန်ချောပစ္စည်းတွေမှာလည်း တန်ဖိုးနှစ်ဆခန့်အထိ မြင့်တက်လာမှာဖြစ်ပြီး သုံးစွဲသူတွေပါ ထိခိုက်လာမှာဖြစ်တယ်လို့ ရက်ကန်းလုပ်ငန်းရှင်တွေက Myanmar Labour News ကိုပြောပါတယ်။

အမရပူရမြို့မှ ရက်ကန်းလုပ်ငန်းရှင်တစ်ဦးက"ပို့ဆောင်ဆက်သွယ်ရေးအပိုင်းမှာ အခက်အခဲတွေရှိတယ်ပေါ့နော်၊ ဥပမာ နယ်ပို့ ဘာညာဆိုရင် ကားခတွေမြင့်တက်လာမယ်ပေါ့၊နောက်တစ်ခုက ကုန်ကြမ်းပေါ့၊ ကုန်ကြမ်းက ကျွန်တော်တို့ကလည်း ချည်ဆိုတဲ့ကုန်ကြမ်းကို သုံးပြီးတော့မှ အထည်တွေခုတ်ရတာကိုး၊ ခုတ်တဲ့ခါကျတော့ ကုန်ကြမ်းဈေးတွေကလည်း ဒီ သယ်ယူပို့ဆောင်ရေးစားရိတ်တွေ မြင့်တဲ့အခါကျတော့ ပုံမှန်ထက်ပိုပြီးတော့ ဈေးတွေတက်လာတာပေါ့၊ ဈေးတက်လာတော့ ဒီအထည်တစ်ကွင်းရဲ့ အမြတ်နဲ့ ဒီ ကုန်ကျစားရိတ်တွေနဲ့ နှိုင်းယှဉ်လိုက်လို့ရှိရင် ကျွန်တော်တို့က အလုပ်သမားစားရိတ်ပေးပြီး ကျွန်တော်တို့အတွက် အမြတ်မကျန်တဲ့ သဘောတောင် လောလောဆယ် ဖြစ်လာတယ်"လို့ ယင်းကပြောပါတယ်။

ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ အားလုံးရဲ့ ၃၅ရာခိုင်နှုန်းခန့်ဟာ လျှပ်စစ်မီးပုံမှန်မရတာ၊ စက်သုံးဆီဈေး ကြီးမြင့်တာ၊ ကုန်ကြမ်းဈေးမြင့်လာတာ၊ သယ်ယူပို့ဆောင်စားရိတ်ကြီးမားလာတာ၊အလုပ်သမားခ ပေးရတာတွေကြောင့် ရေရှည် မရပ်တည်နိုင်တော့ပဲ ရက်ကန်းစင်တွေကို ဖြုတ်ရောင်းနေကြပြီလို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လုပ်ငန်းရှင်ကြီးတချို့ကတော့ ၎င်းတို့ရက်ကန်းရုံက အလုပ်သမားတွေကို ကိုဗစ်ကာလအတွင်းက ထောက်ပံ့မှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကိုဗစ်ကာလအတွင်းက ရက်ကန်းရုံတွေကို ရပ်နားထားခဲ့ကြရပြီး ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို အခြေအနေတွေ ဖြစ်လာတာကြောင့် ရက်ကန်းလုပ်ငန်းတွေ ရပ်နားလာဖို့ ဖြစ်လာတယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်ကြီးတွေအနေနဲ့လည်း ရှိပြီးသား ရက်ကန်းစင်ရဲ့ ထက်ဝက်ခန့်ကို ဖြုတ်ပစ်လိုက်ရတာတွေရှိတယ်လို့ သိရပါတယ်။

လုပ်ငန်းရှင်တစ်ဦးက"အလုပ်သမားတွေအတွက်ကတော့ ကိုဗစ် စဖြစ်လာကတည်းက တစ်ပတ်ကို ဘယ်လောက်ပေါ့နော်၊ အသုံးစားရိတ်လေးတွေ ဘာညာထောက်ပံ့တယ်၊ တခါတလေ ဆန်မရှိရင် ဆန်၊ ဆီမရှိရင် ဆီပေါ့၊ အဲ့လို သူတို့ လိုအပ်ချက်လေးတွေကို ကိုဗစ်ဖြစ်လို့ စက်ရုံတွေရပ်နားလိုက်တုန်းကတော့ အဲ့လိုလေးနဲ့ပဲ ထိမ်းလာခဲ့တာကိုး၊ ဒါပေမယ့် ရေရှည်ဖြစ်လာခဲ့ပြီဆိုရင်တော့ တချို့အလုပ်သမားတွေက အလုပ်တွေပြောင်းကုန်ကြတာပေါ့ဗျာ"လို့ပြောပါတယ်။

အဲ့ဒီရဲ့နောက်ဆက်တွဲအဖြစ် ရက်ကန်းလုပ်သားတွေပါ စားဝတ်နေရေးအတွက် ရရာအလုပ်တွေမှာ ပြောင်းရွှေ့လုပ်ကိုင်နေကြရပြီး ရေရှည်မှာ ကျွမ်းကျင် ရက်ကန်းလုပ်သားရှားပါးမှု ပြဿနာပါ ရင်ဆိုင်လာရနိုင်တယ်လို့ သိရပါတယ်။

ရက်ကန်းလုပ်ငန်းရှင်တစ်ဦးက"ဒီအခြေအနေကြီးတွေကို လွန်မြောက်သွားခဲ့ရင်တောင်မှ ပြန်လည်လည်ပတ်ဖို့အတွက် အတော်ကို ရုန်းကန်ရဦးမှာပဲလို့ ကျွန်တော်ကတော့ ထင်တယ်ပေါ့နော်၊ ခု ဒီ ရက်ကန်းအလုပ်သမားတွေရဲ့ ပညာတွေတိုးတက်လာအောင် training တွေ ဘယ်လောက်ပဲပေးပေး၊ ဒီ စက်ရုံတွေ ရက်ကန်းရုံတွေ မရှိတော့ဘူးဆိုရင် ဒီ အလုပ်သမားတွေကလည်း သူတို့နဲ့လိုက်လျောညီထွေတဲ့ ၊ဘာပဲပြောပြော စားဝတ်နေရေးဆိုတာ ခက်ခဲလာရင် အဆင်ပြေတဲ့အလုပ် ရွှေ့လုပ်ကြရမှာကိုး၊ အဲ့ခါကျရင်တော့ နောင်တချိန်မှာ မြန်မာ့ရဲ့ ရက်ကန်းနဲ့ပတ်သက်ပြီးတော့တော်တော်ကို စိုးရိမ်ရတဲ့အနေအထားတော့ ရှိတယ်လို့ပဲ ပြောချင်ပါတယ်"လို့ ပြောပါတယ်။

ရက်ကန်းလုပ်သားတွေဟာ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး တစ်ရက်ဝင်ငွေ တစ်သောင်းခွဲခန့်အထိ ရရှိကြတယ်လို့ သိရပါတယ်။

ရက်ကန်းလုပ်ငန်းဟာ SME လုပ်ငန်းအမျိုးအစားမှာ ပါဝင်ပြီး ဒီအခြေအနေဟာ SMEလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အခြေအနေအပေါ်မှာလည်း ဆိုးကျိုးသက်ရောက်လာတယ်လို့ သိရပါတယ်။
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026