ရွှေလုပ်ငန်းရှင်တွေလုယက်ခံရတဲ့အန္တရာယ်ကနေကာကွယ်နိုင်ဖို့ကြိုတင်ပြင်ဆင်တာတွေလုပ်ဆောင်ကြဖို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကအောက်တိုဘာလ(၂၂)မှာသတိပေးစာထုတ်ပြန်ပါတယ်။
အောက်တိုဘာလ(၂၁)ရက်မှာရန်ကုန်တိုင်းတွင် ရွှေ ၅ ပိဿာခန့် လုယက်ခံရပြီးနောက်မှာဒီလိုသတိပေးစာထုတ်ပြန်လာတာပဲဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ရန်ကုန်တိုင်းတွင်းကရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ဆိုင်တွင်CCTVတွေတပ်ဆင်ထားတဲ့အတိုင်းနေထိုင်တဲ့အိမ်နေရာပတိဝန်းကျင်နဲ့ကားပါကင်တွေမှာလည်းCCTVနဲ့ အရေးပေါ် Alarm Bellတပ်ဆင်တာတွေ လုပ်ဆောင်ဖို့ပါရှိပါတယ်။
ဒါ့အပြင်ရွှေ၊ ငွေသယ်ဆောင်တဲ့ကားတွေမှာလည်း camera တပ်ဆင်တာ၊ GPS စနစ်တွေ ထားရှိတာတွေကိုလည်း စနစ်တကျ ကြိုတင်ပြင်ဆင်ဖို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
"လုံခြုံရေးက စက်ပိုင်းရော၊ လူအင်အားကော မျှသုံးတယ်။ နောက်အမြင်ပိုင်းတော့အဆင်မပြေပေမယ့်အပြင်တံခါး(သံတံခါး)ကိုအမြဲစေ့ထားတယ်။ဝယ်သူ၊ ရောင်းသူလာရင်ထဖွင့်ပေးတယ်။အခုခေတ်ကလုံခြုံရေးကပေါ့လို့တော့မရဘူး။တစ်ဖက်ကလည်းကာစတန်မာကိုလည်း ကိုယ်ကဆိုင်မပိတ်ထားတာကိုအသိပေးဖို့လည်းလိုတယ်"လို့ရွှေပြည်သာမြို့နယ်တွင်းကရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလူတစ်ဦးချင်းလုယက်ခံရတာတွေအပြင်နေအိမ်တွေအနုကြမ်းစီးခံရတာ၊ ဘဏ်၊ ရွှေဆိုင်စတာတွေပါလုယက်ခံရတာတွေမကြာခဏဖြစ်ပေါ်နေပါတယ်။