NEWS

လုပ်ငန်းခွင်မှာ အထည်စံချိန်အလွန်အကျွံတောင်းခံ

CoverLogo
1.2K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် MYANMAR SYNERGY GARMENT အထည်ချုပ်စက်ရုံမှာ အလုပ်ချိန် ၁၀ နာရီအတွက် အထည်စံချိန် ၈၀၀ နီးပါးချုပ်လုပ်ရန် သတ်မှတ်ထားတာကြောင့် စံချိန်ပြည့်မီရန် ခက်ခဲနေပြီး ဖိအားပေးခိုင်းစေတာတွေ ပြုလုပ်နေတယ်လို့ ချုပ်လုပ်ရေးအလုပ်သမားတွေကပြောပါတယ်။

Sinsay ၊ NEWYORK အမှတ်တံဆိပ်တွေချုပ်လုပ်နေပြီး အလုပ်ချိန် ၁၀ နာရီ( အိုတီ ၂ နာရီအပါ) အတွက် ဘောင်းဘီအထည် တနာရီလျင် ၈၀ နဲ့ အင်္ကျီ အထည် ၅၀ ကနေ ၆၀ အထိ ချုပ်လုပ်ရန် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အထည်ချုပ်လုပ်သားတွေအနေနဲ့ ချုပ်လုပ်ရမဲ့ အထည်စံချိန်သတ်မှတ်ချက်ကို စက်ရုံဘက်မှ တဖက်သတ် သတ်မှတ်ထားတာဖြစ်ပြီး စံချိန်မပြည့်မီပါက ကြီးကြပ်ရေးလုပ်သားတွေကနေ ဆဲဆိုအော်ဟစ်ကာဖိအားပေးပြီး အထည်ပြည့်အောင်ချုပ်လုပ်ခိုင်းနေလို့ အခက်အခဲတွေဖြစ်ပေါ်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်ချိန် နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၄ နာရီ ၃၀ အထိ အထည်ချုပ်လုပ်ရန်အတွက် ပေးချေတဲ့ အခကြေးငွေနှုန်းထားတာတော့ ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် အချိန်ပို တနာရီ ၁၂၀၀ ကျပ် ရက်မှန်ကြေး ၁၅၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အများအားဖြင့် တရက်လျင် အိုတီအချိန်ပို ၂ နာရီအပါ စုစုပေါင်း ၁၀ နာရီခန့်အလုပ်လုပ်ကိုင်ရပြီး အလုပ်ချိန်မှာတော့ အထည်စံချိန်အများအပြားတောင်းခံချုပ်လုပ်စေတာ စက်ရုံမှာ စကားပြန်မရှိဘဲ နိုင်ငံခြားသားများမှတိုက်ရိုက်ခိုင်းစေခြင်း အော်ဟစ်ပြောဆိုခြင်း အများပြည်သူအလုပ်ပိတ်ရက်မှာအချိန်ပိုခေါ်ပြီး ငြင်းဆန်ခွင့်မရှိဘဲ လုပ်ကိုင်ရခြင်း ဥပဒေပါခွင့်ခံစားခွင့်တွေမရခြင်း စတဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အာဏာသိမ်းပြီးနောက်ပိုင်းမှာပိုဆိုးလာတာ အလုပ်ထဲမှာ WCC ရှိပေမဲ့ အလုပ်သမားတွေရဲ့အခက်အခဲကို ဖြေရှင်းပေးတာမရှိဘူး မချုပ်နိုင်လောက်တဲ့အထည်စံချိန်တွေတောင်းတယ် တောင်းထားတဲ့စံချိန်မပြည့်ရင် စူပါတွေ က အော်ဟစ်ဆဲဆိုပြီးခိုင်းတာ တနင်္ဂနွေလိုပိတ်ရက်မျိုးမှာဆို နားချင်တာပေါ့ အချိန်ပိုခေါ်ရင် အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမေးမြန်းတာမရှိဘူး မဆင်းဘူးဆိုရင် အပြောအဆိုခံရတာပေါ့ ပြီးတော့ ခွင့်ယူရင် ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးတွေအဖြတ်ခံရလို့ အရမ်းနစ်နာပါတယ်။အရင်ကဆို စူပါတွေက ကိုယ်ထိလက်ရောက်လုပ်တာတွေပါရှိတယ်"လို့ လုပ်ငန်းခွင်အတွင်းက အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့လက်ကိုင်ဖုန်းတွေကို ကြီးကြပ်ရေးလုပ်သားများဖြစ်တဲ့ စူပါတွေက အလုပ်ချိန်တွင်းမှာ သိမ်းဆည်းထားတာ ဖိနှိပ်ချုပ်ချယ်တာ အပြောအဆိုခံရတာ စစ်ဆေးရေးများလာရောက်ပါက လိမ်လည်ဖြေဆိုခိုင်းတာ တွေ ပြုလုပ်လျက်ရှိတယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာအလုပ်သမုား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး လုပ်ငန်းခွင်ဆိုင်ရာ ဖြေရှင်းရေးယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်ရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ နိုင်ငံခြားသားတွေတိုက်ရိုက်ခိုင်းစေတာမလုပ်ဖို့ စကားပြန်များခန့်ထားဖို့  ကြီးကြပ်ရေးတွေမှ အော်ဟစ်ဆဲဆိုခိုင်းစေတာမလုပ်ဖို့ အချိန်ပိုခေါ်ပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒဖြင့်သာ အချိန်ပိုခေါ်ရန် ဥပဒေပါခွင့်တွေယူပါက ရက်မှန်ကြေးနှင့် ကျွမ်းကျင်ကြေးများမဖြတ်ရန် အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်သာတောင်းခံရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026