NEWS

လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေလို့ အလုပ်သမားအချို့အခက်တွေ့နေတယ်လို့ ဆို

CoverLogo
1.4K Views

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ငှက်ပျောတောလမ်း၊ ငှက်ပျောတော ဘုန်းတော်ကြီးကျောင်းခေါင်းရင်းကပ်လျက်က အထည်ချုပ်လုပ်ငန်းတစ်ခုမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာ၊ အလုပ်သမားခေါင်းတချို့ရဲ့ ရိုင်းပျစွာ ဆဲဆိုခံရတာတွေကြုံတွေနေရတယ်လို့ အဆိုပါ အလုပ်ခွင်မှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေက ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းဟာ လှည်းကူးမြို့နယ်မှာနေထိုင်တဲ့ ဦး---- ဆိုသူ ပိုင်ဆိုင်တာဖြစ်ပြီး လုပ်ငန်း အမည် မရှိဘူးလို့ သိရပါတယ်။

ယခင်က တပိုင်တနိုင်အဖြစ် အသေးစားလုပ်ငန်းလုပ်ကိုင်ခဲ့ရာမှ လတ်တလောမှာတော့ အလုပ်သမား နှစ်ရာဝန်းကျင်အထိ ရှိလာပြီလို့ သိရပါတယ်။

အလုပ်သမားအရေးကူညီနေသူတစ်ဦးက"အိမ်စက်ရုံလေးကနေပြီးတော့ အခု ချဲ့လာပြီးတော့ အခုဆိုလို့ရှိရင် လုပ်ငန်းသုံးဖြစ်နေပြီ၊အနိမ့်ဆုံးသူတို့ဆီမှာ ၂၀၀ကျော်ကျော် ၂၀၀ ဝန်းကျင်လောက်က လူဦးရေက ဝင်ဆန့်နေပြီ၊ ဒါဆိုလို့ရှိရင် အလုပ်သမား ဥပဒေအတိုင်းသွားရတော့မယ်လေ၊ ဒါပေမယ့် သူတို့က မသွားဘူး၊ အဲ့လိုတွေလုပ်နေကြတာ၊ အလုပ်သမားတွေ တောင်းဆိုတာကတော့ အဆဲအဆိုတွေကို မလုပ်ဖို့၊ ပြီးတော့ လုပ်ခလစာကိုလည်း ဒီ ဥပဒေအတိုင်းပေးချေဖို့၊ ရက်ကိုလည်း ဥပဒေပါ ရက်အတိုင်းပဲ သူတို့လိုချင်တယ်ပေါ့နော်"လို့ ပြောပါတယ်။

အဆိုပါ အလုပ်ရုံက အလုပ်သမား ခေါ်ယူရာမှာ EC စာချုပ် ချုပ်ဆိုခြင်းမရှိတာ၊ လေဘာကဒ် နဲ့ အတူ ပူးတွဲလျှောက်ထားဖို့ ခေါ်ယူခြင်းမရှိတာ၊ အများပြည်သူဆိုင်ရာ အလုပ်ပိတ်ရက်တွေမှာလည်း ပိတ်ရက်မရှိတာ၊ အဆိုင်း ပြောင်းလဲပေးခြင်းမရှိဘဲ  နေ့ရော ညပါ ဆက်တိုက်ခိုင်းစေတာ၊ အချိန်‌ပိုကြေး အပြည့်အဝ‌မပေးတာ၊ထမင်းစားနားချိန်ကို ၁၅ မိနစ်ကနေ ၃၀ မိနစ်အတွင်းသာ အချိန်ပေးတာ၊ အစမ်းခန့်လစာဟုသာပြောပြီး လစာတိုးမပေးတာ၊လုပ်အားခပေးချေရာမှာ ရှင်းလင်းအောင် မပေးတာ၊ အချိန်မြောက်များစွာ လုပ်ကိုင်ရသော်လည်း လုပ်အားခရချိန်မှာ ၁၆၀၀၀၀ ကျပ်သာ အများဆုံးရရှိတာ၊ လစာထုတ်ရာမှာ ၈ရက်ကနေ ၁၃ရက်ခန့်အထိ နောက်ကျတာ၊ ကလေးလုပ်သားများခိုင်းစေပြီး တစ်ရက်လုပ်အားခ ၂၈၀၀ ကျပ်ခန့်သာပေးတာ၊ ခဲဆွဲသည့်လိုင်းမှ အလုပ်သမားခေါင်းဆောင်က ရိုင်းပျစွာ ပြောဆို ဆဲဆိုတာ၊ လုပ်အားခတွေထဲကနေ ခေါင်းပုံဖြတ်ခံရတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတစ်ဦးက"ရပ်ကွက်ထဲက ကလေးတွေကို ၃လပြည့်လို့ရှိရင် ဘယ်လောက်ပေးမယ်ဟေ့၊ အဲ့လိုမကြေငြာဘူး၊ သူတို့ပေးချင်သလောက်ပေးတယ် တခါတလေကျ ၈သောင်းကျော်ရတဲ့သူနဲ့ ၁သိန်းတောင်မပြည့်ဘူး၊ အဲ့လိုတွေပေးနေတော့ အဆင်မပြေဘူးလေ၊ သူတို့ကလည်း အလုပ်လိုချင်တော့၊ ခုက ကျောင်းမှ မရှိတော့ အလုပ်လုပ်မှ ဖြစ်မယ့်ကလေးတွေကျလည်း အလုပ်လုပ်ကြတာပေါ့ လိုချင်တော့လည်း၊ အသက်မပြည့်တာတွေလည်း အကုန် မှတ်ပုံတင်မလိုဘူး၊ လေဘာလည်း မလိုဘူး၊ဘာမှမလိုဘူး၊ အကုန်ခေါ်ပြီးလို့ရှိရင် အဲ့ကလေးတွေ ညှဉ်းပန်းနှိပ်စက်နေတာပေ့ါ၊ပြောမယ်ဆိုရင်တော့ ကလေးတွေက ထွက်ရမှာစိုးတော့ ကြိတ်မှိတ်ပြီးလုပ်ကြတာပေါ့"လို့ပြောပါတယ်။

အဆိုပါ အလုပ်ခွင်မှာ အနည်းဆုံး အသက် ၁၂နှစ် ဝန်းကျင် ကလေးတွေ ဟာ ဝမ်းရေးအတွက် အလုပ် ဝင်ရောက် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။၎င်းလုပ်ငန်းခွင်မှာ ပြည်တွင်းဝတ် အထည်တွေကိုသာ ချုပ်လုပ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေ ခေါ်ယူရာမှာ ယခုလို ပြဿနာတွေရှိတဲ့အတွက် အလုပ်သမား မြဲမြံခြင်းမရှိဘူးလို့ သိရပါတယ်။ မကျေလည်ပါက ဌာနဆိုင်ရာကို တိုင်ကြားမှုမလုပ်ကြတော့ပဲ နှစ်ဘက် ရန်ဖြစ်ပြီး အလုပ်ထွက်ကုန်ကြတယ်လို့လည်း ဆက်လက်သိရပါတယ်။

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026