NEWS

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုနဲ့ အခက်အခဲတွေရှိနေတယ်လို့ Honor Apparel garment Factory အလုပ်သမားတွေပြော

CoverLogo
2.5K Views

ယခင်က တစ်နေ့အလုပ်ချိန် ၈ နာရီနှင့် အချိန်ပို ၂ နာရီ စုစုပေါင်း ( ၁၀) နာရီ အတွက် အထည် ၂၅၀ သတ်မှတ်ထားပြီး လက်ရှိအချိန်မှာတော့ အထည်အရေအတွက် ကို ၄၀၀ ထိ တိုးမြှင့်သတ်မှတ်ထားလို့ Honor Apparel garment Factory မှာ အလုပ်လုပ်ကိုင်နေတဲ့ စက်ချုပ်လုပ်သားတွေအခက်အခဲတွေ့နေရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အထက်အောက် ဖိနှိပ်မှုတွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးတွေချိုးဖောက်ခံနေရလို့ လုပ်သားတွေမမြဲတဲ့အခြေအနေမှာ ကျွမ်းကျင်လုပ်သားအစား အလုပ်သင်တွေအစားထိုးလိုက်တာကြောင့် လုပ်ငန်းခွင်ဟာ အဆင်ပြေမနေဘူးလို့ အဆိုပါစက်ရုံလုပ်သားတွေကဆိုပါတယ်။

၂၀၂၁ မတ်လ ဒုတိယပတ်တွင် စက်ရုံမီးလောင်မှုဖြစ်ပွားပြီး ၆ လခန့် ယာယီပိတ်ထားရာမှ အောက်တိုဘာ လတွင် ပြန်လည်ဖွင့်လှစ်ပြီး အလုပ်သမားတွေကို အသိပေးတာမျိုးမရှိဘဲ လုပ်ငန်းခွင်အတွင်း ဒေးကြေးစနစ်ကနေ တစ်ကတ် ကြေးစနစ်ကိုပြောင်းလိုက်တာအပြင် အထည်စံချိန်ကိုပါ တိုးမြှင့်တောင်းဆိုခဲ့တာလို့ အဆိုပါ စက်ရုံလုပ်သားတစ်ဦးက ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း ကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများဖြစ်သည့် အောစူပါ စူပါနှင့် လိုင်းစာရေးမများကို ပုတ်ပြတ်လစာသတ်မှတ်ထားပြီး စက်ချုပ်လုပ်သားများကို တစ်ကတ်စနစ်ဖြင့် ပေးချေနေတာလို့သိရပါတယ်။

“ကျန်တဲ့ ချည်မွေးညှပ်၊ ပဲပြင်၊ HP အလုပ်သမားတွေကိုတော့  အထည်ပိုဆုကြေးစနစ်နဲ့ သွားပြီး ချည်မွေးညှပ် ဟက်ပါအလုပ်သမားတွေ လစဥ်ရရှိတဲ့ အထည်ပိုဆုကြေးကို  လစာထဲမှအကြောင်းပြချက်မရှိဘဲ အောစူပါမှ ဖြတ်တောက်ပါတယ်။ ပဲပြင်သမားများ၏ ပဲပြင်ကြေးကိုလဲ မပေးဘဲ စက်လိုင်းထဲမှ အလုပ်သမားများလူဦး‌ရေကို အချိုးကျ တွက်ချက်၍ ရရှိလာသောပိုက်ဆံအရေအတွက် အလိုက်ကောက်ပြီး ပဲပြင်သမားများကိုပဲပြင်ကြေးပေးပါတယ်” လို့ အလုပ်သမားတွေကပြောပါတယ်။

ယခင်က လစာပေးစလစ်သည် ဒေးကြေး+ရက်မှန်ကြေး+OT+ အထည်ပိုဆုကြေး ရှားပါးစားရိတ်(ခ)ယာယီရုံသစ်ဆုကြေးစနစ်ဖြင့်သွားခဲ့တာဖြစ်လို့ အလုပ်သမားတွေအတွက် အဆင်ပြေပြီး ယခု တစ်ကတ် ကြေးကို အလုပ်သမားတွေက လက်သင့်မခံပေမယ့် အလုပ်အကိုင်ဆုံးရှုံးသွားနိုင်လို့ သည်းခံလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

“အရင်က  နေ့စဥ်အထည်စံချိန်အရေအတွက် က အလုပ်ချိန်(၈)နာရီနဲ့ အချိန်ပို(၂)နာရီစုစုပေါင်း (၁၀)နာရီကို အထည်(၂၅၀)အရေတွက်ပေးရပါတယ်။ အခုစက်ရုံဘက်က တစ်ကက်စနစ်ဖြင့် သွားနေသည့်အချိန် မှာ အထည်စံချိန်အရေအတွက်က  နေ့စဥ်(၄၀၀)ထိပေးနေရပါတယ်။ ယခင်ထက်အ‌ထည် အရေအတွက်(၁၅၀)ပိုမိုချုပ်လုပ်ပေးနေရတာပါ ။စက်သမားများ တစ်ကက်ကြေးအားမရတော့ပါဘူး။ စက်ချုပ်သမားများက တစ်ကက်စနစ်အား လက်မခံလိုကြောင်း တင်ပြခဲ့သော်လဲ လုပ်ငန်းခွင်တွင် အောစူပါ၊ စူပါ များမှ အလုပ်မလုပ်ချင်ဘူးဆိုပါက ထွက်သွားခိုင်းပါတယ်”လို့ Honor Apparel garment Factory အလုပ်သမားတစ်ဉီးက ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာလဲ အလုပ်နှင့်မသက်ဆိုင်ဘဲ အလုပ်သမားတွေကို ရိုင်းစိုင်းကြမ်းကြုတ်စွာ ဆဲဆိုတာ ဝန်ထမ်းအချင်းချင်း အရှက်ရအောင် ပြောဆိုတာတွေရှိနေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း ယခင်က ထားရှိပေးခဲ့တဲ့ ရေပူရေအေးစက်များပြန်လည်ထားရှိပေးဖို့နဲ့ သန့်ရှင်းရေးလုပ်သားတွေ လုံလောက်စွာထားပေးဖို့ကိုလည်း စက်ရုံလုပ်သားတွေလိုလားနေတယ်လို့ဆိုပါတယ်။

“အဓိကတောင်းဆိုချင်တာက တစ်ကတ်ကြေးအစား ဒေးကြေးစနစ်ကိုပြန်ပြောင်းစေချင်တာပါ ပြီးတော့ အလုပ်သမားတွေတကယ်ချုပ်နိုင်တဲ့ စံချိန်ကိုပဲ တောင်းစေချင်တယ်”လို့ စက်ရုံအလုပ်သမ တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ ပုလဲလမ်းမှာဖွင့်လှစ်ထားပြီး လုပ်သား ၈၀၀ ခန့်နဲ့လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့ Honor Apparel garment Factory စက်ရုံမှာ OVS, SOUTE, HOUSE, Peterstorm, Qullet စတဲ့ အထည်အမှတ်တံဆိပ်တွေ ချုပ်လုပ်တာလို့ သိရပါတယ်။

 

 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026