NEWS

လုပ်ခလစာ၊ အခွင့်အရေးဆုံးရှုံးမှုနှင့်ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်အလုပ်သမားများခံစားနေရ

CoverLogo
3.1K Views

စစ်တပ်က အကြမ်းဖက်အာဏာသိမ်းပြီး နောက်ပိုင်း အခြေခံ စားသောက်ကုန်တွေနဲ့ စားဆီစျေးနှုန်း မြင့်တက်မှုဒဏ်တွေကို  အခုလပိုင်းအတွင်း ပိုမိုခံစားနေရတယ်လို့ အလုပ်သမားဝန်ထမ်းတွေက ပြောပါတယ်။

လက်ရှိ စက်သုံးဆီစျေးနှုန်းမြင့်တက်နေတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ကြီးမြင့် နေသလို အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေလည်း အမြင့်ပိုင်းကို ရောက်နေတယ်လို့ ကုန်စုံဆိုင်လုပ်ကိုင်သူတွေက ပြောပါ တယ်။

စားသုံးဆီစျေး တစ်ပိဿာ ကျပ် ၇၈၀၀အထိ မြင့်တက်နေတာကြောင့် စားသောက်ကုန် ထုတ်လုပ်မှု စရိတ်တွေပါ မြင့်တက်လာနေလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီလို အခြေခံစားသောက်ကုန် စျေးနှုန်းတွေ မြင့်တက်လာပေမယ့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းတွေရဲ့ လုပ်ခလစာကတော့ တိုးလာတာမရှိဘဲ လုပ်ငန်းအတော်များများမှာတော့ လစာလျော့ချတာ၊ ဝန်ထမ်းအရေအတွက် လျော့ချတာတွေအထိ ပြုလုပ်နေတယ်လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။  

"လစာတစ်ဝက်ကို သုံးလအထိ အဖြတ်ခံရတယ်။ ဝန်ထမ်းလျော့တဲ့အထဲ မပါတာဘဲ ကံကောင်းတယ်လို့ ပြောရမယ်။ လျှော့တဲ့အထဲပါသွားတဲ့ ကလေးတွေဆို ဘာနစ်နာကြေးမှမရဘဲ ဒီတိုင်းအလျှော့ခံလိုက်ရတာ။ ခုဟာက ကုမ္ပဏီတွေဘက်က တခုခုဆို အလုပ်ထုတ်ဖို့ပဲ တာစူနေတာဆိုတော့ စားဝတ်နေရေးအတွက် သည်းခံပြီး လုပ်နေရတာပဲ" လို့  ရန်ကုန်မြို့ က ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိ ဝန်ထမ်းတွေရဲ့ လစာတွေလျော့ချတာ နဲ့ နုတ်ထွက်ဖို့ ပြောဆိုတာတွေဟာ ကုမ္ပဏီအနေနဲ့ ညှိနှိုင်းပြောဆိုတာနဲ့ ကြိုတင်အသိပေးတာမျိုး မရှိဘူးလို့လည်း ပြောတယ်။ 
လက်ရှိ စက်ရုံအလုပ်သမားတွေ မှာလည်း ဥပဒေအရသတ်မှတ်ထားတဲ့ အခြေခံလစာ ၄၈၀၀ နှုန်းနဲ့ လုပ်ကိုင်နေရတယ် ဆိုပေမယ့် အဲဒီလုပ်ခ လစာ အပြည့် မရရှိကြပါဘူးလို့လည်း သိရပါတယ်။

"စက်ရုံဘက်က ပေးချင်သလိုပေးနေတာပဲ။ လစာက သူတို့ ပါးစပ်ထဲမှာ၊ အိုတီကြေးဆိုလည်း သူတို့ ပါးစပ်ထဲမှာ ၊ အခု ကျွန်တော်တို့ စက်ရုံမှာ အသစ်ဆို ၂၇၀၀ နဲ့ သုံးလဆင်းပြီးမှ ၄၈၀၀ ရတာ လူသစ်ရဲ့ အိုတီကြေးက တစ်နာရီ ၆၅၀ ပဲရတာ။ ဆိုင်ကယ်နဲ့လာတဲ့သူဆို ဆီဖိုးနဲ့ တစ်လ စားရသောက်ဖို့ပဲရတယ်။ အဆောင်ခပါတွက်လို့ကတော့ ဘာမှ မကျန်တော့ဘူး"လို့ လှိုင်သာယာ စက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက ပြောဆိုပါတယ်။

အခြေခံ ကုန်စည်စျေးနှုန်းတွေ မြင့်တက်လာတဲ့ အပြင် မီးပျက်တာတွေ၊ ရေမရတာတွေကြောင့် အလုပ်သမား တွေ အနေနဲ့ စားဝတ်နေရေး အပြင် တကိုယ်ရေသန့်ရှင်းရေးအတွက်ပါ ပူပန်နေကြရတယ်လို့ ဆိုပါတယ်။

"ရေတစ်စည် ၂၀၀၀ မီးပျက်ရင် ရေမလာဘူး။ ရေလာရင် မီးကပျက်ပြီ ။ တခါတလေ ညမအိပ်ပဲ ရေစောင့် တင်ပြီး အလုပ်သွားရတဲ့ရက်တွေရှိ။ တယ်တော်တော်ကို စိတ်ညစ်ရတဲ့ အခြေအနေပါ" လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။

တစ်ရက် လုပ်ခလစာ ၄၈၀၀ ရရှိနေတဲ့ အလုပ်သမားတွေ အခက်အခဲကြုံနေရချိန်မှာ တချို့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းအမြတ်ရရှိရေးကိုပဲ ဦးစားပေးနေတဲ့တာကြောင့် လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေးတွေကို ဆုံးရှုံး နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"မနက်အစောကြီးထပြန်ရတာ၊ တောင်ဖယ်ရီ မစီစဥ်ပေးတော့ဘူး။ ဆီစျေးတက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျမတို့အလုပ်သမားတွေရဲ့ အခွင့်အရေးကိုလည်း ဘာမှကိုပြောလို့ရတဲ့ အနေအထား ။ ဒီကာလမှာ ကျမတို့ အလုပ်လုပ်ရတာ အရှုံးတွေပဲတောင် ပြောလို့ရတယ်"လို့ ရွှေပြည်သာစက်မှု ဇုန် အထည်ချုပ်စက်ရုံက အလုပ်သမတဦးက ပြောပါတယ်။

အခြေခံကုန်စည်စျေးနှုန်းမြင့်တက်တာနဲ့ လစာ၊ အခွင့်အရေးတွေ ဆုံးရှုံး နေရတဲ့ အပြင် ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေများ ပြားလာနေတာကြောင့် အလုပ်သွား အလုပ်ပြန် အချိန်တွေမှာလည်း လုံခြုံမှု မရှိတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

"လစာထုတ်ရက်ဆို အသိကအစသတိထားနေရတယ်။ အလုပ်ချိန်ကလည်း တိုးထားတော့ အိမ်ပြန်ချိန်က အနည်းလေ  ည ၈နာရီ ပဲ။ အခုကပေါ်ပေါ်တင်တင်ကို လုယက်တာဆိုတော့ လုံခြုံမှု လည်း မရှိတော့ဘူး" လို့ ကုမ္ပဏီဝန်ထမ်း တဦးက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီး နောက် လုပ်ခလစာနည်းပါးတာတွေ၊ လုပ်သားအခွင့်အရေး ဆုံးရှုံးတာတွေနဲ့ ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းတွေကြားကပဲ ဝန်ထမ်းအလုပ်သမားတွေဟာ မိသားစုနဲ့ စားဝတ်နေရေး အတွက် ကြိတ်မှိတ်သည်းခံပြီး အလုပ်လုပ်နေတယ်လို့ အလုပ်သမားအများစုက Myanmar Labour News ကို ပြောဆိုကြပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026